သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ခေါင်းဆောင်သစ်ရွေးချယ်ဖို့ပြင်ဆင်


၁၆ ကြိမ်မြောက် KNU ကွန်ကရက်ကျင်းပနေစဉ်
၁၆ ကြိမ်မြောက် KNU ကွန်ကရက်ကျင်းပနေစဉ်

၁၆ ကြိမ်မြောက် KNU ကရင်အမျိုးသားအစည်းအရုံး ကွန်ကရက်ကို မတ်လ ၁၄ ရက် ကနေ စတင်ကျင်းပခဲ့ပြီး ၄ နှစ်တာ ကာလအတွင်း KNU ရဲ့ လုပ်ငန်းအစီရင်ခံစာတွေကို ဆွေးနွေးမူတွေလုပ်ခဲ့ပြီး မကြာခင် ရက်ပိုင်းမှာပဲ KNU က ခေါင်းဆောင်သစ်တွေကို ရွေးချယ်ဖို့ ရွေးကောက်ပွဲ လုပ်တော့မှာဖြစ်ပါတယ်။ ဒီညီလာခံမှာတော့ NCA လက်မှတ်ထိုးထားပေမဲ့ KNU တပ်မဟာတချို့မှာ စစ်တပ်နဲ့ ထိတွေ့မှုတွေ ရှိတဲ့အကြောင်းတွေ ပြောဆိုကြသလို၊ KNU ခေါင်းဆောင်တချို့ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ သွားရောက်တွေဆုံမူတွေ ရှိခဲ့တယ် ဆိုတာကို ကွန်ကရက်မှာ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင် အမျိုးသားအစည်းအရုံး KNU ရဲ့ ၁၆ ကြိမ်မြောက်ကွန်ကရက်ကို KNU ဌာနချုပ်ဖြစ်တဲ့ လောခီးလာမှာ မတ်လ ၁၄ ရက်နေ့ကနေ စတင်ကျင်းပခဲ့ပြီး ၃ ပတ်တာ အတွင်း၊ ပြီးခဲ့တဲ့ ၄ နှစ်တာကာလအတွင်းက ဆောင်ရွက်ခဲ့တဲ့ KNU အဖွဲ့အစည်းအတွင်းက အားနည်းချက်တွေ အားသာချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။ မကြာခင် ဒီရက်ပိုင်းထဲမှာပဲ ခေါင်းဆောင်သစ်တွေကို ရွေးချယ်မယ့် ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်ပြီး မနက်ဖန်မှာတော့ ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းနိုင်မယ်လို့ ယူဆကြောင်း ၁၅ ကြိမ်မြောက် ကွန်ကရက်တုန်း ကရွေးချယ်ခံခဲ့ရတဲ့ တွဲဘက် အထွေထွေအတွင်းရေးမူး(၁) ဖဒိုသောသီက ပြောပါတယ်။

“ ခေါင်းဆောင်သစ် ရွေးချယ်မှုကော်မရှင်ကိုဖွဲ့မယ်၊ ဖွဲ့ပြီးရင် ရွေးချယ်မယ့်ကော်မရှင်က စည်းကမ်းချက်တွေ သတ်မှတ်မယ်၊ စည်းကမ်းချက်ကို ဖတ်ကြားမယ်။ သူတို့ဆောင်ရွက်ရမယ့် ကိစ္စတွေကတော့ တညနေလုံးလုံးတော့ ကုန်သွားနိုင်ပါတယ်။ သဘက်ခါလောက်မှ ကျနော်တို့က ရွေးကောက်ပွဲ စတင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ် ”

KNU ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို တခြားလက်နက်ကိုင် ၇ ဖွဲ့နဲ့အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က လက်မှတ်ရေး ထိုးထားခဲ့ပါတယ်။ ဒီလိုရေးထိုး ထားပေမဲ့ KNU တပ်မဟာတချို့မှာ မြန်မာစစ်တပ်နဲ့ ထိတွေ့မှု့ရှိနေတယ်လို့ ဖဒိုသောသီက ပြောပါတယ်။

“ တောင်ငူဖက်က တပ်မဟာ ၂၊ နောက်ပြီး တပ်မဟာ ၅ ရှိတဲ့ ဖာပွန်ခရိုင်ပေါ့။ မြန်မာ စစ်တပ်က သူတို့ လာတဲ့အခါကျတော့ ပိုပြီး ထိတွေ့မှုတော့ ရှိတာပေ့ါ။ တချို့က စစ်တပ် ဖက်က ရိက္ခာလမ်းကြောင်းပို့ဆောင်တာ ဖြစ်ဖြစ်ပေါ့နော်၊ နောက်ပြီး သူတို့ပို့နေကျ ဒီနယ်စပ် သောင်ရင်းမြစ်ကြောင်း တလျှောက်လုံးပေါ့နော်။ ဖားဇောင်းကနေပြီး ကျနော်တို့ ဒီဖက်ကထိပေါ့၊ အဲလိုမျိုး ရိက္ခာပို့တာမျိုးတွေ သွားလာတာမျိုးတွေ အဲလိုခါမှာ ထိတွေ့ မှုတော့ ရှိပါတယ်။ ဒီ NCA လက်မှတ်ထိုးထားတာတောင်မှ ကျနော်တို့ဘက်တွေကနေ ယုံမှား သံသယ ရှိလာအောင်၊ သတ်မှတ်ထားတဲ့ အတိုင်းထက်ပိုကို သံသယရှိစေမယ့် အပြုအမူတွေ လုပ်နေတာကို ကျနော်တို့ တွေ့နေရတယ်။ ကျနော်တို့ရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်မယ့်အရာ လုံခြုံရေးအရ စိုးမိုးပြီးတော့မှ လာပြီးတော့ ချလာတဲ့အရာတွေ အားလုံးကိုတော့ဒါကို ကျနော်တို့က သည်းမခံဖို့ တုံ့ပြန်ဖို့ ၊ ဒါကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆောင်ရွက်သွားဖို့ ဒါတွေကို ကျနော်တို့ ညှိနှိုင်းနေပါတယ် ”

ညီလာခံ ကျင်းပနေစဉ်မှာပဲ လူမူကွန်ယက် စာမျက်နှာတွေမှာ KNU ရဲ့ထိပ်ပိုင်းခေါင်းဆောင် တချို့ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့တော့ ကွန်ကရက်မှာ တင်ပြမှုရှိပေမဲ့ ပွင့်လင်းမြင်သာမှု အားနည်းတယ်ဆိုတဲ့ အငြင်းပွားဖွယ်ရာတွေ ရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။

“ တွေ့တာတော့မှန်ပါတယ်။ ခုနကပြောတဲ့ CEC ရဲ့သဘောတူညီချက်လား သဘောတူညီမှု မဟုတ်တာလား ဆိုတဲ့ ဝိဝါဒတွေ ကွဲလွဲမှုတော့ ရှိတာပေါ့။ ဒီနေရာမှာ ကျနော်တို့သံသယ သိပ်ရှိတာက ပွင့်လင်းမြင်သာမှု မရှိတဲ့အခါကျတော့ သံသယ သိပ်ကြီးပါတယ်။ အကယ်၍သာ ပွင့်လင်းမြင်သာမှု ရှိမယ်ဆိုရင် သံသယသိပ် မကြီး ပါဘူး။ ဒီကနေ့တော့ အဲလိုမျိုး ဘယ်သူနဲ့ ဘယ်ခေါင်းဆောင်နဲ့ ဘယ်အစိုးရ အရာရှိတွေနဲ့ တွေ့ခဲ့တယ် ဆိုတဲ့ဟာကိုတော့ ကျနော်တို့ ဒီကွန်ဂရက်မှာ ချပြသွားတာတွေ ရှိပါတယ်။ ”

KNU ကို အစိုးရက မတရားအသင်းကနေ ပယ်ဖျက်ပေးလိုက်ပြီးနောက်မှာတော့ ၁၆ ကြိမ်မြောက် KNU ညီလာခံမှာ ပြည်တွင်းပြည်ပ ကရင်လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ကရင်လက်နက်ကိုင် အဖွဲ့တွေ အစုံအလင် တက်ရောက်လာကြပါတယ်။

KNU ညီလာခံကို ၄ နှစ်တကြိမ် ကျင်းပခဲ့ပြီး ၁၆ ကြိမ်မြောက်ညီလာခံကို တပ်မဟာ ၇ ခုက ညီလာခံကိုယ်စားလှယ် ၂၁၇ ဦးနဲ့ ပြည်တွင်းပြည်ပ လေ့လာသူ ၁၀၀ တက်ရောက် ခဲ့တယ်လို့ ဆိုပါတယ်။ KNU ကရင်အမျိုးသားအစည်းအရုံးကို ၁၉၄၇ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် နှစ်ရှည်ကြာစွာ လက်နက်ကိုင် တိုက်ခဲ့တဲ့ အဖွဲ့ဖြစ်သလို၊တိုင်းရင်းသား တပ်ပေါင်းစုတွေကို ဦးဆောင်ခဲ့တဲ့ အင်အားကြီးတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော် အကြာမှာ မြန်မာအစိုးရနဲ့ အပစ်အခပ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG