သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ၁၆ ကြိမ် ကွန်ဂရက် လော်ခီးလာမှာစတင်


ထိုင်းမြန်မာနယ်စပ် လောခီးလာမှာ ကျင်းပနေတဲ့ ၁၆ ကြိမ်မြောက် KNU ညီလာခံ (၁၄ မတ်လ ၂၀၁၇)
ထိုင်းမြန်မာနယ်စပ် လောခီးလာမှာ ကျင်းပနေတဲ့ ၁၆ ကြိမ်မြောက် KNU ညီလာခံ (၁၄ မတ်လ ၂၀၁၇)

၁၆ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU ညီလာခံကို မတ်လ ၁၄ ရက်နေ့က စတင်ကျင်းပခဲ့ပြီး ဖွင့်ပွဲနေ့မှာတော့ ၄ နှစ်တာ ကာလအတွင်း KNU ရဲ့လုပ်ငန်း အစီရင်ခံစာတွေကို စတင် ဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့၁၆ ကြိမ်မြောက် ကွန်ဂရက် ညီလာခံကို KNU ဌာနချုပ်ဖြစ်တဲ့ လောခီးလာမှာ မတ်လ ၁၄ ရက်နေ့က စတင် ကျင်းပခဲ့ပါတယ်။ စတင်ကျင်းပတဲ့ နေ့မှာတော့ ၁၅ ကြိမ်မြောက်ကွန်ဂရက်က ရွေးချယ်ခံခဲ့ရတဲ့ ဗဟိုကော်မတီရဲ့ လုပ်ငန်းအစီရင်ခံစာ တွေကို တင်သွင်းခဲ့တယ်လို့ လက်ရှိ ညီလာခံကိုယ်စားလှယ်လည်းဖြစ် ၁၅ ကြိမ်မြောက် ကွန်ဂရက်မှာ ရွေးချယ်ခံခဲ့ရတဲ့ KNU အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“ ဒီနေ့ကတော့ ကျနော်တို့ဒီ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကို ပထမဦးဆုံး စတင်တဲ့ရက်ပဲ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ အခမ်းအနား ဖွင့်ပွဲပေ့ါ နော်။ နောက်ပြီး ၄ နှစ်တာအတွင်း ကျနော်တို့ ဆောင်ရွက်လာခဲ့တဲ့ ဗဟိုကော်မတီရဲ့ လုပ်ငန်း အစီရင်ခံစာတွေကို တင်းသွင်းတာလောက်ပဲ ရှိသေးတယ်၊ အဲဒီအပိုင်းပဲ ရောက်သေးတယ်။ ဒါပေမယ့် ဒီလုပ်ငန်းကော်မတီရဲ့ ၄ နှစ်တာအတောတွင်းမှာ ဆောင်ရွက်လာခဲ့တဲ့ လုပ်ငန်း တွေလည်း ကျနော်တို့ အစီရင်ခံသေးတယ်။ ဆိုလိုတာက ကျနော်တို့ နိုင်ငံရေး သုံးသပ်မှုအပိုင်းကိုတော့ မရောက်သေးဘူးပေါ့။ နိုင်ငံရေး သုံးသပ်မှု နိုင်ငံရေး အစီရင်ခံစာကျတော့ နောက်ထပ် တရက် နှစ်ရက်လောက်ကျမှ လုပ်နိုင်လိမ့်မယ်။ ဘာလို့ဆို ကျနော်တို့ လုပ်ငန်း ဆောင်ရွက်မှု တင်ပြတဲ့အပေါ်မှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကလည်း မေးမြန်းတာမျိုး ဆွေးနွေးတာမျိုး ဖြေရှင်းတာမျိုး အဲလို မျိုးတွေ ရှိချင်ရှိမှာပေါ့။ ဒါတွေကတော့ ကျနော်တို့ အချိန်ယူ ရဦးမှာဖြစ်တယ်။”

၁၆ ကြိမ်မြောက် KNU ညီလာခံမြင်ကွင်း
၁၆ ကြိမ်မြောက် KNU ညီလာခံမြင်ကွင်း

KNU ဟာ အစိုးရရဲ့ မတရားအသင်းကနေ ပယ်ဖျက်လိုက်တဲ့ အဖွဲ့ဖြစ်ပြီးတဲ့နောက်မှာတော့ ၁၆ ကြိမ်မြောက် KNU ညီလာခံကို ပြည်တွင်း ပြည်ပ ကရင်လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ကရင်လက်နက်ကိုင် အဖွဲ့တွေလည်း စုံလင်စွာ တက်ရောက် ခဲ့တယ်လို့ ဆိုပါတယ်။

“ ဒီ မတရားအသင်းက ပယ်ဖျက်လိုက်တဲ့ နောက်ပိုင်းမှာ ကျနော်တို့ ဆက်သွယ်မှုက ပိုပြီးတော့ လွယ်ကူလာတယ်။ ပြည်တွင်းရော ပြည်ပရော ပေါ့နော်။ အခုညီလာခံမှာ ကျနော်တို့ ပြည်တွင်းက ကိုယ်စားလှယ်တွေလည်း လေ့လာသူအဖြစ် တက်ရောက်ခွင့် ပေးထားတယ်။ ဒါကြောင့်မို့ ပြည်တွင်းရော ပြည်ပရောက ကရင်ကွန်မြူနတီ ခေါင်းဆောင်တွေ၊ ပြည်တွင်း နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ နောက်ပြီး လူထု လူတန်းစား အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ဘာသာရေးအဖွဲ့ ခေါင်းဆောင်တွေလည်း တက်ပါတယ် ဆိုတော့ KNU ရဲ့ ညီလာခံ သပ်သပ် မဟုတ်ပဲ၊ ကရင်တမျိုးသားလုံးနဲ့ ဆိုင်တဲ့ ညီလာခံသဘော သက်ရောက်တဲ့အတွက် ပြည်တွင်းပြည်ပ DKBA လည်းဖိတ်တယ်၊ PC (Peace Council) လည်းဖိတ်တယ် အကုန်လုံး ဖိတ်တာပါပဲ။”

KNU ညီလာခံကို ၄ နှစ်တကြိမ်ကျင်းပခဲ့ပြီး ၁၆ ကြိမ်မြောက်ညီလာခံကို တပ်မဟာ ၇ ခုက ညီလာခံကိုယ်စားလှယ် ၂၁၇ ဦးနဲ့ ပြည်တွင်းပြည်ပ က လေ့လာသူ ၁၀၀ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီညီလာခံကို ၃ ပတ်ကြာလောက်အထိ ကျင်းပဖို့ရှိပါတယ်။ KNU ကရင်အမျိုးသား အစည်းအရုံးကို ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့အတွက် နှစ်ပေါင်း ကြာရှည်စွာ လက်နက်ကိုင်စွဲ တိုက်ခဲ့သလို၊ တိုင်းရင်းသား တပ်ပေါင်းစုတွေကိုလည်း ဦးဆောင်ခဲ့တဲ့ အင်အားကြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။

အဲဒီနောက် နှစ်ပေါင်း ၆၀ ကျော်အကြာမှာ မြန်မာအစိုးရနဲ့ အပစ်အခပ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့တာပါ။ KNU ဟာ NCA ကို လက်မှတ်ထိုးပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်တွေ စုစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကနေ နှုတ်ထွက်ခဲ့ပါတယ်။ KNU အဖွဲ့ဟာ မြန်မာအစိုးရနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူ ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို တိုင်းရင်သားလက်နက်ကိုင် ၇ ဖွဲနဲ့အတူ ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့တုန်းက လက်မှတ်ရေးထိုး ထားခဲ့တာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG