သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်တည်ငြိမ်ရေး ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ မြန်မာကို တရုတ်တိုက်တွန်း


တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တလျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရှိစေရေးအတွက် မြန်မာနိုင်ငံဘက်က အသေအချာ ဆောင်ရွက်ပြီး၊ အိမ်နီးချင်းနိုင်ငံရဲ့ နယ်နမိတ်အတွင်းကို လက်နက်ကျည်ဆံတွေ ကျရောက်မှုမျိုး မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင် နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း တရုတ်စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတွေ အခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးတဲ့နောက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့လအတွင်း မြန်မာအစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ထောင်ပေါင်းများစွာရှိတဲ့ လူတွေဟာ တရုတ်နိုင်ငံအတွင်းကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြသလို၊ တိုက်ပွဲဖြစ်ပွားစဉ် လက်နက်ကြီးကျည်တွေနဲ့ ကျည်ဆံတချို့ တရုတ်နိုင်ငံဘက်ခြမ်းကို ကျရောက်ခဲ့တာကြောင့် ပျက်စီးထိခိုက်မှု အနည်းငယ်ရှိခဲ့ပါတယ်။

တရုတ်လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ နိုင်ငံအနောက်ခြမ်း စစ်ဒေသ ကွတ်ကဲရေးမှူး Zhao Zongqi ဦးဆောင်တဲ့ တရုတ်စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့တပ်မတော်ရဲ့ တရားဝင် ဖိတ်ကြားချက်အရ ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက် လည်ပတ်ခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီခရီးစဉ်အတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ တပ်မတော် အမှတ် (၁) အထူးစစ်ဆင်ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အပါအဝင် မြန်မာစစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နဲ့ မြန်မာနိုင်ငံတို့ကြား ရည်ရှည်ထားရှိခဲ့ကြတဲ့ ရင်းနှီးခင်မင်မှုကနေ နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေးမှာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု ဆက်လက် နီးနီးကပ်ကပ် လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နှစ်ဘက် ကိုယ်စားလှယ်အဖွဲ့တွေကြား သဘောတူညီခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG