သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နစ်မြုပ်ရေယာဉ်မှ ၅၅ လောင်းအထိ ဆယ်ယူရရှိ


(Photo Credit: Dr. Aye Aye Win)
(Photo Credit: Dr. Aye Aye Win)

စစ်ကိုင်းတိုင်း ဟုမ္မလင်းကနေ မုံရွာမြို့ကို ထွက်ခွာလာတဲ့ အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်ခဲ့တာကြောင့် လိုက်ပါလာသူ တဝက်နီးပါး ပျောက်ဆုံးနေဆဲဖြစ်သလို အောက်တိုဘာလ ၁၉ ရက်နေ့ ညမှာတော့ ရေယာဉ်ရဲ့ အဓိက အစိတ်အပိုင်းတချို့ကို ဖော်နိုင်ခဲ့ပြီလို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနက ပြောပါတယ်။

ဒီအတွက် သေဆုံးနေတဲ့ အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့တာကြောင့် ဆယ်ယူရရှိတဲ့ အလောင်း ၅၅ လောင်း ရှိသွားပြီလို့ ဆိုပါတယ်။ နောက်ရက်တွေမှာတော့ ရေယာဉ်ရဲ့ အခြားအစိတ်အပိုင်းတွေကနေ အလောင်းတွေ ထပ်ရှာတွေ့နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ဟုမ္မလင်း-ဖောင်းပြင်-မော်လိုက်-ကလေး၀ ဂိတ်ကနေ ခရီးသည် ၃၀၀ ထက်မနည်း တင်ဆောင်လာတဲ့ အမြန်ရေယာဉ်ဟာ ကနီမြို့နယ် မီးချောင်းတွင်းရွာအနီးမှာ နစ်မြုပ်ခဲ့တာပါ။ နီးစပ်ရာ ကျေးရွာသားတွေ၊ ဟိတသုခလူမှုရေးအသင်း၊ ကင်းရွာက ပရဟိတအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေက ကယ်ဆယ်ခဲ့တာကြောင့် လူ ၁၆၀ နီးပါး အသက်ရှင်ကျန်ခဲ့တာပါ။ အောက်တိုဘာလ ၁၉ ရက်နေ့ညမှာတော့ ရေယာဉ်ရဲ့ အဓိက အစိတ်အပိုင်းတချို့ကို ဆယ်ယူနိုင်ခဲ့တာကြောင့် ဆယ်ယူရရှိတဲ့ အလောင်းအရေအတွက် တိုးလာတယ်လို့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့် က ပြောပါတယ်။

“ဟုတ်ကဲ့ အခုဆိုရင် upper ၃ ခန်းပေါ့ upper 1, 2, 3 ပေါ်တဲ့ အနေအထားမှာတော့ ၁၀ လောင်းရတယ်ဗျ။ အလောင်းကတော့ အခု ၅၅ လောင်းတော့ ရှိသွားပြီဗျ။ သူက တပိုင်းချင်းဖော်ရတာပေါ့နော်။ တစီးလုံး မ ပြီးတော့ ဖော်ဖို့ကလည်း မဖြစ်နိုင်ဘူးဆိုတော့ မနက်တုန်းကတော့ ဖင်ပိုင်းပေါ်လာတာ။ အခု ဖင်ပိုင်းကို ချလိုက်ပြီးတော့ ခေါင်းပိုင်းကို ပြန်ဖော်တော့ ခေါင်းပိုင်းက upper အပေါ်ထပ်ကို အခု ဖော်လိုက်တာပေါ့နော်။ မနက်ဖြန်တော့ upper ဒုတိယရဲ့ ခေါင်းပိုင်း အရှေ့ပိုင်းလေးပေါ့ အဲဒီအရှေ့ပိုင်းကို ဖော်ပြီးရင်တော့ ကုန်သလောက်ဖြစ်ပါပြီခင်ဗျ။ အခု upper ၄ ခန်းကျန်တာပေါ့နော်။ အဲဒီ ၄ ခန်းထဲက ဘယ်လောက် ရမလဲတော့ မသိသေးဘူးပေါ့။ မနက်ဖြန်ဆိုရင်တော့ သိရပါလိမ့်မယ်။”

ကင်းတိုက်နယ်ဆေးရုံက ဒေါက်တာအေးအေးဝင်းကတော့ အလောင်းတွေကို ထပ်ပြီး ယူထုတ်ဖို့အတွက် မီးရောင်အခက်အခဲတွေကြောင့် နောက်ရက်တွေမှ ဆက်လက် ဆယ်ထုတ်ရမယ်လို့ ဆိုပါတယ်။

“တော်တော်ကြီးကို မှောင်နေပြီ။ အဲဒီမှာ မီးအားအခက်အခဲ ရှိတဲ့အတွက်ကြောင့်မို့ နောက်ရက်တွေကျမှ အထဲက အလောင်းတွေကို ထပ်ပြီးတော့ ယူရမယ်ရှင့်။ ဒီနေ့ကတော့ သိမ်းလိုက်ပါပြီ။ ကျန်နေနိုင်ပါသေးတယ်ရှင့်။ မပြီးသေးပါဘူး။ မနက်ဖြန် ဆက်လုပ်ရဦးမှာပါ။ အလောင်း ၁၀ လောင်းမှာ ၈ လောင်းက ပိုင်ရှင်ပေါ်သွားပြီ။ ယောကျာ်းလေး အလောင်းက ၁ လောင်းပဲပါတယ်။ ကျန်တာက အမျိုးသမီးအလောင်းတွေချည်းပဲ။ မော်တော်ဖော်ပြီးတော့ ထပ်တွေ့တာ ၁၀ လောင်းပါ။ မနက်က ၄၅ လောင်းနဲ့ အခု ၁၀ လောင်းနဲ့ဆို ၅၅ လောင်း ရှိပါပြီ။”

ကင်းတိုက်နယ်ဆေးရုံက ဒေါက်တာအေးအေးဝင်းကတော့ ဆယ်ယူနိုင်ခဲ့တဲ့ အလောင်းတွေအပြင် တခြားနေရာကိုရောက်ရှိသွားတဲ့ အလောင်းတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

“ချင်းတွင်းမြစ်က အောက်ရေစကြို မကွေးတိုင်းထဲကို ၅ လောင်းလောက် မျောပါသွားတယ်လို့ သိရတယ်။”

အခုလို ရေယာဉ်နစ်မြုပ်တာဟာ ခရီးသည်တွေကို လိုအပ်တာထက် ပိုပြီး တင်ဆောင်လာတာကြောင့် ဖြစ်သလို ကုန်တွေလည်းများတာကြောင့် နစ်မြုပ်ရတာဖြစ်တယ်ဆိုပြီး ရေယာဉ်နဲ့ပတ်သက်သူ ၄ ဦးကို ထိန်းသိမ်းထားပြီး ရေယာဉ်မောင်းသူကိုလည်း ဝရမ်းထုတ်ထားကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ ဒီရေယာဉ်တိမ်းမှောက်မှုကြောင့် ပျောက်ဆုံး သေဆုံးသွားကြတဲ့အထဲမှာ စစ်ကိုင်းတိုင်းအတွင်းမှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေ ကျန်းမာရေးဝန်ထမ်းတွေ၊ အဝေးသင် ကျောင်းသူကျောင်းသားတွေ ဒေသတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေလည်း ပါဝင်တာပါ။ ဒီအတွက် ဒီလိုနောက်မဖြစ်အောင် ခရီးသည်တွေဘက်ကတော့ မော်တော်ကို ကြီးကြပ်သူတွေကပါ သတိထားကြဖို့ လိုတယ်လို့ ဒေါက်တာ အေးအေးဝင်း က ပြောပါတယ်။

“ဝန်နဲ့အားနဲ့ မျှဖို့ပေါ့နော်။ ဝန်နဲ့အားနဲ့မျှဖို့၊ နောက်တခါ ခရီးသည်တွေကလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ ရောက်ရင်ပြီးရော ဘာနေနေ ဆိုပြီးတော့ မလိုက်ဖို့တော့ လိုပါတယ်။ မော်တော် တင်နိုင်တာထက်ကို ပိုပြီးတော့ ကိုယ့်အသက်ကိုယ် ချင့်ချိန်ပြီးတော့လည်း လိုက်ဖို့တော့ လိုပါတယ်။ နောက် မော်တော်တွေမှာလည်း ကြီးကြပ်ဖို့ လိုအပ်တယ်ပေါ့။ ဝန်ပိုတင်လာတယ် ဘာညာဆိုရင် ဆိပ်ကမ်းမြို့တွေ မြို့တွေ အားလုံးကလည်း ကြီးကြပ်ဖို့တော့ လိုမယ်လို့ ထင်ပါတယ်။”

စစ်ကိုင်းတိုင်း ဟုမ္မလင်းကနေ ထွက်လာတဲ့ ရေယာဉ်ဟာ ၁၅ ရက်နေ့က တိမ်းမှောက်ခဲ့တာဖြစ်ပြီး ၅ ရက်ကြာတဲ့အထိ ရေယာဉ်ကို အပြီးသတ် ဆယ်ယူနိုင်တာမျိုးတွေ မရှိသေးပါဘူး။ ဒါ့အပြင် ရေယာဉ်တိမ်းမှောက်ချိန်ကစလို့ စနစ်ကျတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အားနည်းနေတာကြောင့်လည်း အသေအပျောက်တွေ များတာဖြစ်တယ်လို့ သေဆုံးသူတွေရဲ့ မိသားစုတွေက ဆိုပါတယ်။ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကတော့ ရေယာဉ်တိမ်းမှောက်ချိန်ကစလို့ ၂ ကြိမ်ခန့် လာရောက်ပြီး ကြည့်ရှုတာတွေ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ဟုမ္မလင်းကနေ ထွက်လာတဲ့ရေယာဉ်ဟာ အောက်တိုဘာလ ၁၅ ရက်နေ့မှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး လူ ၃၀၀ ထက်မနည်းကို သယ်ဆောင်လာတယ်လို့ မြန်မာမီးသတ်တပ်ဖဲ့ွက ထုတ်ပြန်တဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG