သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU မြေယာမူဝါဒ


Karen National Union (KNU)
Karen National Union (KNU)
KNU မြေယာမူဝါဒ
please wait

No media source currently available

0:00 0:05:20 0:00
တိုက်ရိုက် လင့်ခ်


ကရင်ပြည်နယ်က လယ်သမားတွေ လယ်ယာဆုံးရှုံးနေပုံကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က လွန်ခဲ့တဲ့ နိုဝင်ဘာလက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဥပဒေဆိုင်ရာ အားနည်းချက်နဲ့ အာဏာပိုင်တွေရဲ့ လှည့်ကွက်ကြောင့် လယ်သမားဟာ ရာဇဝတ်သားလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကရင်လယ်သမားတွေ မြေယာဆုံးရှုံးမှု များလာတဲ့အတွက် KNU ကရင်အမျိုးသားအစည်းအရုံးက လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မြေယာမူဝါဒကို ထုတ်ပြန်ပါတယ်။ အခန်း (၆) ခန်း၊ စာမျက်နှာ (၈၇) မျက်နှာရှိတဲ့ မူဝါဒ ဖြစ်ပါတယ်။ အစိုးရတပ်ရဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် မြေယာဆုံးရှုံးမှု အများဆုံးဒေသတခု ဖြစ်နေပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့ မြေယာအသုံးချမှု မူဝါဒနဲ့ KNU မြေယာမူဝါဒမှာ တူတာတွေရှိသလို၊ ကွဲပြားခြားနားတာတွေလည်း ရှိပါတယ်။ အခြေခံဥပဒေအပိုဒ် (၃၇) မှာ တိုင်းပြည်ထဲက မြေအားလုံး မြေပေါ်မြေအောက်နဲ့ လေထုထဲက သယံဇာတပစ္စည်းအားလုံးရဲ့ ပင်ရင်းပိုင်ရှင်ဟာ နိုင်ငံတော်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ နိုင်ငံတော်ဆိုတာ အစိုးရကို ဆိုလိုပါတယ်။ ဒါကြောင့် ဦးသိန်းစိန်အစိုးရရဲ့ မြေဆိုင်ရာ မူဝါဒဟာ "အစိုးရနှင့် မြေအရင်းအမြစ်၏ မူလပိုင်ရှင်ပြည်သူများ" အကြား ဆက်စပ်နေတဲ့ အကျိုးစီးပွားနဲ့ အခွင့်အာဏာခွဲဝေမှု၊ မြေဆိုင်ရာ သယံဇာတ အသုံးပြုမှုကို ရှင်းလင်းဖော်ပြထားတယ်လို့ ဆိုပါတယ်။

မြေပိုင်ရှင် အစစ်အမှန်နဲ့ ပတ်သက်တဲ့ အစိုးရရဲ့ မြေအသုံးချမှု မူဝါဒဟာ မလိမ့်တပတ် ဖြစ်နေပေမယ့် KNU မြေယာမူဝါဒကတော့ ရှင်းလင်းပြတ်သားပါတယ်။ မြေယာ၊ သစ်တော၊ ရေ၊ ရေလုပ်ငန်း နှင့် သဘာဝသယံဇာတအားလုံးကို တိုင်းရင်းသားပြည်သူလူထုက ပိုင်ဆိုင်တယ်လို့ KNU က ယုံကြည်ပါတယ်။ မြေယာမူဝါဒဆိုတာ ကြားနေလို့ ရတာမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။ မြေယာမူဝါဒကြောင့် လက်ရှိမြေယာပိုင်ဆိုင်မှုစနစ် အားကောင်းလာတာ ရှိသလို အားနည်းသွားတာလည်း ရှိပါတယ်။ မီးရိုဖလာ နေထိုင်လုပ်ပိုင်ခွင့် အခြေခိုင်ရေးနဲ့ ပဋိပက္ခကြောင့် မိရိုးဖလာ နေထိုင်လုပ်ပိုင်ခွင့် ဆုံးရှုံးသူတွေရဲ့ အကျိုးစီးပွားကို သင့်တော်သလို မြှင့်တင်ဖို့ KNU က ဦးစားပေးထားပါတယ်။ မြေယာပြဿနာ ဖြေရှင်းရာမှာ KNU, လယ်သမားသမဂ္ဂ၊ ဥပဒေပညာရှင်နဲ့ အခြားအဖွဲ့အစည်းတွေ ပါဝင်နေပါတယ်။

အတင်းအဓမ္မ ဖယ်ရှားမှုကြောင့် နေရပ်ကို စွန့်ခွါသူတွေကို လျော်ကြေးပေးဖို့ KNU က ဆုံးဖြတ်ထားပါတယ်။ နေရပ်မှ ဖယ်ရှားခံရတဲ့ ဒုက္ခသည်ကို မူလနေရပ်မှာ ပြန်လည်နေထိုင်ခွင့်ပြုပြီး ပိုင်ဆိုင်မှုနဲ့ လျော်ကြေးရပိုင်ခွင့်ဖို့ ကုလသမဂ္ဂ ထောက်ခံတဲ့ Pinheiro မူဝါဒကို KNU က လက်ခံကြောင်း ဖော်ပြပါတယ်။ ဆိုလိုတာကတော့ တရားဥပဒေက အသိအမှတ်မပြုပေမယ့် ဒေသခံလူ့အဖွဲ့အစည်းက အသိအမှတ်ပြုထားတဲ့ မြေယာလုပ်ပိုင်ခွင့်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အတိတ်က ကျူးလွန်ခဲ့တဲ့ မတရားမှုကို ဖော်ထုတ်ပြီး တရားမျှတအောင် လုပ်ပေးနိုင်မှ မြေယာမူဝါဒ အောင်မြင်နိုင်မယ်လို့ ဆိုပါတယ်။ အတိတ်က ပဋိပက္ခကို မဖြေရှင်းနိုင်ရင် ရေရှည်အောင်မြင်မှုရဖို့ ခက်ခဲမယ်လို့ မြင်ပါတယ်။

အစိုးရမူဝါဒမှာ မြေကိစ္စကို အဆုံးအဖြတ်ပေးမယ့်သူဟာ အမျိုးသားမြေ အသုံးချမှုကောင်စီနဲ့ လက်အောက်ခံဒေသဆိုင်ရာ မြေအသုံးချမှုကော်မတီတွေ ဖြစ်ပါတယ်။ KNU မှာတော့ ကရင်စိုက်ပျိုးရေးဌာန လက်အောက်ခံ ဗဟိုမြေယာကော်မတီက အဆုံးအဖြတ်ပေးပါတယ်။ ဒီကော်မတီမှာ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ကရင်စိုက်ပျိုးရေး၊ ငါးလုပ်ငန်း၊ သစ်တောဌာန၊ တရားရေးဌာန၊ ပြည်ထဲရေးဌာန၊ အရပ်သားအသင်းအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ကျွမ်းကျင်သူတွေ ပါဝင်ပါတယ်။ ဆုံးဖြတ်ချက်ချရာမှာ မဲဆန္ဒကို အခြေခံပြီး ဆုံးဖြတ်မယ်လို့ ဆိုပါတယ်။ မြေယာဗဟိုကော်မတီရဲ့ လုပ်ငန်းသုံးရပ်ဟာ မြေယာစီမံခန့်ခွဲမှု၊ မြေယာမှတ်ပုံတင်မှုနဲ့ မြေယာပြဿနာ ဖြေရှင်းမှု စတာတွေပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ ဒေသဆိုင်ရာ အစဉ်အလာ အာဏာပိုင်တွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

မြေယာလုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရာမှာ ပြည်သူလူထု အပြည့်အဝ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဒေသခံ မိရိုးဖလာ အဖွဲ့အစည်းတွေက ကူညီရမယ်လို့ KNU မူဝါဒမှာ ဖော်ပြပါတယ်။ မြေယာလုပ်ပိုင်ခွင့်နဲ့ တာဝန်ဝတ္တရားကိုလည်း ဖော်ပြထားပါတယ်။ လျော်ကြေးပေးမှု၊ မြေယာပြန်လည်ခွဲဝေပေးမှု၊ မြေယာရုပ်သိမ်းမှု၊ မြေယာပြန်လည်ပြင်ဆင်မှု စတာတွေနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ဖော်ပြပါတယ်။ အစိုးရရဲ့ မြေအသုံးချမှု မူဝါဒအပိုင်း (၈) မှာ တိုင်းရင်းသားရဲ့ မြေအသုံးချမှု အခွင့်အရေးကို အသိအမှတ် ပြုထားပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က ပြဌာန်းထားတဲ့ မြေယာဥပဒေတွေဟာ အစဉ်အလာဓလေ့ကို ဂရုမစိုက်တဲ့ ဥပဒေတွေ ဖြစ်ပါတယ်။ စီးပွားရေးသမားကတော့ သူတို့ သိမ်းပိုက်ထားတဲ့ မြေယာကို ခွဲဝေပေးဖို့ စိတ်ကူးမှာ မဟုတ်ပါဘူး။ အမျိုးသားမြေ အသုံးချမှု မူဝါဒနဲ့ KNU မြေယာမူဝါဒဟာ ပြည်သူ့အကျိုးပြု သဘောတရားတွေ ဖြစ်တာမို့ လက်တွေ့ကျင့်သုံးနိုင်ဖို့ လိုအပ်နေပါတယ်။ လက်ရှိ မြေယာဥပဒေတွေကြောင့် လယ်ယာမဲ့ ဖြစ်သွားသူတွေကို လယ်လုပ်ပိုင်ခွင့် ပြန်ရအောင်လုပ်ဖို့ကိစ္စဟာ လက်ရှိအစိုးရရဲ့တာဝန် ဖြစ်နေပါတယ်။ တိုင်းရင်းသားရိုးရာ အစဉ်အလာဓလေ့ကို အသိအမှတ်ပြုတဲ့ အမျိုးသားမြေ ဥပဒေ ပေါ်ပေါက်ရေးဟာ ပြည်သူအများစုအတွက် အလွန်အရေးကြီးနေပါတယ်။

XS
SM
MD
LG