သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-တရုတ် ပိုင်ဆိုင်မှု အငြင်းပွားပြည်နယ် ဒလိုင်းလားမား သွားမည်


တရုတ်နိုင်ငံဘက်က တစိတ်တပိုင်း ပိုင်ဆိုင်ကြောင်း ပြောဆိုထားတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက်က Arunachal Pradesh ပြည်နယ်ထဲ တိဘက်ဘာသာရေး ခေါင်းဆောင် Dalai Lama သွားရောက်ဖို့ ကိစ္စကို တရုတ်နိုင်ငံက ကန့်ကွက်နေတဲ့ကြားကပဲ အိန္ဒိယက သွားခွင့်ပြုလိုက်ပါတယ်။

ရှေ့လထဲ သီတင်းတပတ်ကြာ သွားရောက်မယ့် ခရီးစဉ်ဟာ ၂ နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင်သလို၊ အိန္ဒိယနဲ့တရုတ် နယ်ခြားဒေသ တည်ငြိမ်မှုကို ထိခိုက်စေနိုင်တယ်လို့လည်း တရုတ်နိုင်ငံက သောကြာနေ့မှာ အိန္ဒိယအစိုးရကို သတိပေးထားတာပါ။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Gopal Bagley ကတော့ အိန္ဒိယအစိုးရရဲ့ ရပ်တည်ချက်ဟာ အများသိပြီးဖြစ်သလို၊ အပြောင်းအလဲ မရှိဘူးလို့ ပြောဆိုခဲ့ပြီး၊ တရုတ်နိုင်ငံရဲ့ ကန့်ကွက်ချက်ကို ပယ်ချခဲ့ပါတယ်။ ဘာသာရေးခေါင်းဆောင် တဦးအဖြစ် သွားရောက်မယ့် Dalai Lama ရဲ့ ခရီးစဉ်ကို တားမြစ်စရာ အကြောင်းမရှိဘူးလို့လည်း အိန္ဒိယနိုင်ငံ အငယ်တန်းပြည်ထဲရေးဝန်ကြီး Kiran Rijiju ကပြောပါတယ်။

တိဘက်လူမျိုးတွေနဲ့ ဆက်ဆံရေးမှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ လက်ရုံးတဆူဖြစ်တဲ့ အငယ်တန်းပြည်ထဲရေးဝန်ကြီး Rijiju ကတော့ နာမည်ကျော် ဗုဒ္ဓဘာသာ ကျောင်းတော်ရှိရာ Arunachal Pradesh ပြည်နယ်ကို Dalai Lama ရောက်လာတဲ့အခါ သွားရောက် ဖူးမျှော်မှာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

Arunachal Pradesh ပြည်နယ်၊ Tawang မြို့က ဘုန်းတော်ကြီးကျောင်းကိုတော့ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက Dalai Lama ရောက်ခဲ့ဖူးပါတယ်။ တရုတ်နိုင်ငံကတော့ Arunachal Pradesh ပြည်နယ်ထဲက စတုရန်းကီလိုမီတာ ၉ သောင်းကို တရုတ်နိုင်ငံရဲ့ တောင်ပိုင်းတိဘက်ဒေသ အဖြစ်နဲ့ခေါ်ဝေါ်ပြီး ပိုင်ဆိုင်ကြောင်း ပြောဆိုထားတာပါ။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Geng Shuang ကတော့ နယ်စပ်ဒေသကို တိဘက်ဘုန်းတော်ကြီး Dalai Lama သွားရောက်မယ့် အစီအစဉ်ကို အပြင်းအထန် ကန့်ကွက်ကြောင်းနဲ့ အိန္ဒိယနိုင်ငံအနေနဲ့ အားပေးထောက်ခံမှုတွေ မလုပ်ဖို့လည်း မနေ့တုန်းကပဲ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG