သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာဝန်ယူမှုကိုပါ အခွင့်အရေးတရပ်အဖြစ်ရှု့ဖို့ မြန်မာအမျိုးသမီးတွေကို ဒေါ်စု တိုက်တွန်း


အမျိုးသမီးတွေအနေနဲ့ ကိုယ့်အခွင့်အရေးတောင်းဆိုရုံတင်မဟုတ်ပဲ၊ လိုအပ်သလို တာဝန်ယူပိုင်ခွင့်ရတာကိုလည်း အခွင့်အရေးတရပ်အနေနဲ့ ရှု့မြင်ကြဖို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ ဒီကနေ့ လုပ်တဲ့ စကားဝိုင်းဟာ အချိန်လုံလောက်မှုမရှိတာမို့၊ ဆွေးနွေးပွဲ တတ်ရောက်ခဲ့တဲ့ အမျိုးသမီးတွေကတော့ သိပ်ပြီး အားရကျေနပ်မှုတော့မရှိပါဘူး။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် တင်ပြပေးမှာပါ။

ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာအမျိုးသမီးများ ရက်သတ္တပတ် ဖွင့်ပွဲဖိုရမ်မှာ နိုင်ငံတော်ရဲ့ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ စကားဝိုင်းပြုလုပ်ခဲ့ပြီး အမျိုးသမီး စွန့်ဦး တီထွင်လုပ်ငန်းရှင် ၉ဦး စကားဝိုင်းမှာ ပါဝင်ခဲ့ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာအမျိုးသမီးတွေအနေနဲ့ အခွင့်အရေး တောင်းဆိုရုံတင်မကဘဲ တာဝန်ယူဖို့ သတ္တိရှိကြောင်း ပြဖို့ အင်မတန်အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်မတို့ အမျိုးသမီးများဟာ အခွင့်အရေး တောင်းခံလာတာနဲ့အမျှ တာဝန်ယူဖို့ မတွန့်တိုဘူး၊ တာဝန်ယူဖို့ သတ္တိရှိတယ် ဆိုတာကို သက်သေပြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါ့ကြောင့် အမျိုးသမီးများ အခွင့်အရေးရခြင်းအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ စံနှုန်းစံထား တွေဟာ မြင့်မားလာခဲ့တယ်။ ဒီအမျိုးသမီးများဟာ မိမိတို့ရဲ့ အခွင့်အရေးတွေ တောင်းရုံ သာမက မိမိတို့ရဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့ စိတ်အားထက်သန်တယ် ဆိုတာကို ကျွန်မတို့ နိုင်ငံကအမျိုးသမီးတွေ ပြစေချင်ပါတယ်။ အခွင့်အရေးတောင်းပြီးတော့ တာဝန်ဘက် ကျတော့ အစိုးရအားလုံးလုပ် ဆိုတာဟာ ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ မကိုက်ညီဘူးလို့ ကျွန်မတော့ ဒီလိုပဲသုံးသပ်ပါတယ်။

ကိုယ့်မှာ အခွင့်အရေး ရှိလာတာနဲ့အမျှ တာဝန်ယူရတာကိုလည်း ဂုဏ်ယူရမယ်။ တာဝန် ဆိုတာဟာ မလုပ်မဖြစ်လုပ်ရမယ့် ဝန်ထုပ်ဝန်ပိုးကြီးလို့ မစဉ်းစားဘဲနဲ့ တာဝန်ယူပိုင်ခွင့်ရတာကို က အခွင့်အရေးပဲ၊ နိုင်ငံသားတစ်ယောက်ရဲ့ ရသင့်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်တယ်။ ဒါကြောင့် မို့ ကျွန်မတို့ တာဝန်ယူမယ်၊ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်မတို့ အမျိုးသမီးများ ကျွန်မတို့ နိုင်ငံတိုးတက်ရေး အတွက်၊ ကမ္ဘာကြီးတိုးတက်ရေး အတွက် ကို ဦးတည်ပြီးတော့ လုပ်သွားစေချင်ပါတယ်။”

ဒီမိုကရေစနစ်အောက်မှာ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍကို အစိုးရဘက်ကဘဲ တာဝန်ယူပေးရုံနဲ့မရဘဲ စီပွားရေး အသိုက်အဝိုင်းနဲ့ ပြည်သူတွေက ကိုယ့်တာဝန်ကိုယ်ယူကြဖို့လည်း လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။

“စီးပွားရေးကဏ္ဍကလည်း ငါတို့စီးပွားရေး အသိုင်းအဝိုင်းမှာ ဘာဖြစ်လို့ ဒီလိုဖြစ်နေသလဲ ဆိုတာ ကိုယ့်ဘက်ကလည်း ဘာလုပ်နိုင်သလဲဆိုတာကို ကြည့်ရမယ်။ အစိုးရ ပဲ လုပ်ပေးပါ၊ ကျမတို့က မလုပ်ချင်လို့မဟုတ်ဘူး အစိုးရက တာဝန်ယူဖို့အဆင်သင့်ပဲ ဒါပေမယ့် အစိုးရ အားလုံးတာဝန်ယူပါဆိုတာက ဒီမိုကရေစီအမြင်မဟုတ်ဘူး။ လူတိုင်းမှာ ဒီမိုကရေစီအမြင်က နိုင်ငံသူ နိုင်ငံသားတိုင်း တယောက်ချင်းစီမှာ တာဝန်ရှိတယ်၊ အစိုးရလည်း အစိုးရတာဝန်ကို လုပ်မယ်၊ ပြည်သူပြည်သားတွေကလည်း ကိုယ့်တာဝန်ကကျေပွန်ရမယ်။ စီးပွားရေးအသိုင်းအဝိုင်းကလည်း ကိုယ့်ဟာကိုယ် လုပ်နိုင်သမျှလုပ်ရမယ်။ ကျမအမြဲတမ်းပြောတယ် အစိုးရ ပဲ လုပ်ပေးပါဆိုရင် ဘာဖြစ်လို့ ဒီမိုကရေစီလိုချင်သေးသလဲ အာဏာရှင်အစိုးရပဲ ထားလိုက် ၊ အားလုံးလုပ်လိမ့်မယ် သူတို့က အဲဒါဆိုရင် ပြီးသွားတာပဲ ။ ဒါတွေကျမတို့ မလိုချင်လို့ ကျမတို့ ဒီမိုကရေစီဘက်သွားတာပဲ ၊ လူတိုင်းလူတိုင်းမှာ ကိုယ့်လုပ်ပိုင်ခွင့်နဲ့ တာဝန်ကို သိသွားစေချင်လို့ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ စကားဝိုင်းမှာ အမျိုးသမီး လုပ်ငန်းရှင် ၉ဦး တက် ရောက်ခွင့်ရပေမယ့် အချိန်လုံလောက်မှုမရှိတာကြောင့် အမျိုးသမီး ၄ဦးပဲ ပါဝင် ဆွေးနွေးခွင့်ရခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲနဲ့ သိပ်အားမရဘူးလို့ နေကြာပန်း ယက္ကန်းလုပ်ငန်း တည်ထောင်သူ မဖြူအိသိန်းက အခုလိုပြောပါတယ်။

“အားတော့မရဘူးပေါ့နော် အချိန်မရတဲ့အခါကျတော့ အသေးစိတ်မဆွေးနွေးနိုင်ဘူး ၊ ကိုယ်ကပြောတဲ့အပေါ်မှာ အန်တီ့အနေနဲ့ သူတို့တွေဘာလုပ်နေပါတယ် ဘယ်လိုရှေ့ဆက်လုပ်သွားနိုင်ပါတယ် ၊ သူ့ဘက်ကနေပြီးတော့ အကြံပေးတာနဲ့ comment ပေးတာလောက်ပဲ ရှိတာပေါ့နော်။”

လက်ရှိမြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးဖို့ကို အစိုးရတခုတည်းလုပ်လို့မရဘူးဆိုပေမယ့် အစိုးရအနေနဲ့ မူဝါဒ တရပ် ချမှတ်ပေးဖို့က လိုတယ်လို့ မဖြူအိသိန်းက ဆက်ပြောပါတယ်။

“ဒီနေ့ အန်တီနဲ့ ဆွေးနွေးသလိုပေါ့ အစိုးရတခုတည်း လုပ်လို့မရဘူးလို့ ပြောပါတယ်၊ ဟုတ်တယ်မှန်တယ်၊ ဒီအစိုးရတခုတည်းတော့လုပ်လို့မရဘူး။ တခြားလုပ်ငန်းရှင်တွေ အရပ်ဘက်အဖွဲ့အစည်းတွေ အားလုံး နောက် ရပ်ရွာတွေ၊ အကုန်လုံးက အတူတူပူးပေါင်းလုပ်ရမယ်ဆိုပေမယ့် ဖြစ်နိုင်ရင်တော့ အစိုးရအနေနဲ့ မူဝါဒလေးတခု ချပေးရင် ကျန်တဲ့လူတွေက Guide line ပေါ့နော် အဲဒီအပေါ်မှာ လိုက်လုပ်သွားလို့ ရပါတယ်။ ဆိုတော့ အဲဒီလိုမျိုး အခက်အခဲတွေတော့ ရှိပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခွင့်မရလိုက်တဲ့ Tree Food အညာထန်းလျက်လုပ်ငန်းက စွန့်ဦးတီထွင်အမျိုးသမီးလုပ်ငန်းရှင် မချို့လဲ့အောင်ကတော့ ဒီကနေ့ စကား ဝိုင်းနဲ့ ပတ်သက်လို့ သူ့အမြင်ကို အခုလိုသုံးသပ်ပါတယ်။

“ထိရောက်လားဆိုတော့ ဒီလိုပွဲတွေလိုပေါ့နော် အများကြီးတော့ ထိရောက်မှုမရှိပေမယ့် ၊ အနည်းဆုံးတော့ လုပ်ငန်းရှင်တွေရှိတယ် အဲဒီလူတွေ ဘာတွေစဉ်းစားနေသလဲ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အနည်းဆုံးတော့ တိုင်းသူပြည်သားတွေအကုန်လုံး သိခွင့်ရတယ်ဆိုတာမျိုးတွေကတော့ အကျိုးရှိပါတယ်။”

အမျိုးသမီးရက်သတ္တပတ်ဖွင့်ပွဲဖိုရမ်ကို ဖွင့်ပွဲအခမ်းအနားကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေးလည်း တက်ရောက်ခဲ့ပြီးနိုင်ငံတကာ အမျိုးသမီးနေ့ မတိုင်ခင် ၂ရက်အလိုမှာ ကျင်းပခဲ့တာ လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG