သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငြိမ်းချမ်းရေး ကူညီဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ် ကမ်းလှမ်းမည်


ထိုင်းနိုင်ငံကို မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အခုလနှောင်းပိုင်း တရားဝင်လာရောက် လည်ပတ်တဲ့အခါ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေမှာ ထိုင်းအစိုးရက ပါဝင် ဆောင်ရွက်လိုတဲ့အကြောင်း ပြောကြားဖို့ ရှိတယ်လို့ မေလ ၃၁ ရက်နေ့က ကျင်းပတဲ့ အစိုးရဝန်ကြီးအဖွဲ့ စည်းဝေးပွဲအပြီး ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က ပြောလိုက်ပါတယ်။

မြန်မာအစိုးရကို ကူညီပေးဖို့ လူအတော်များများက သူ့ကို တောင်းဆိုခဲ့ကြောင်း၊ ဒါကြောင့်လည်း မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းတွေမှာ သူ့အနေနဲ့ ကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို လာမယ့် ဇွန်လ ၂၃ ရက်နေ့မှာ သွားရောက်မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို အတည်ပြု ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ ဦးထင်ကျော် လိုက်ပါခြင်း ရှိ မရှိ ဆိုတာနဲ့ ခရီးစဉ်အတွင်း ဘာတွေ ဆွေးနွေးကြမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။

မြန်မာအစိုးရက ဘင်္ဂါလီလို့ခေါ်တဲ့ ရိုဟင်ဂျာတွေ ရွှေ့ပြောင်းနေထိုင်သူတွေအရေး အပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ဒါပေမဲ့ ရုရှား-အာဆီယံ ထိပ်သီးစည်းဝေးပွဲအတွင်း သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံခဲ့တဲ့ ဝန်ကြီးချုပ် Prayut Chan-o-cha က ထိုင်းနိုင်ငံကို သမ္မတ ဦးထင်ကျော် လာရောက်မယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လိုကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ရဲ့ အထူးကိုယ်စားလှယ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai ဟာ မေလ ဒုတိယပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်စဉ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီအတောအတွင်း NLD အစိုးရက အသစ်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၃ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG