သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ကြားသူရှိရင် ပြည်ခိုင်ဖြိုးကို UEC စစ်ဆေးမည်


Union Election Commission
Union Election Commission

မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်ခိုင်ဖြိုးပါတီကို ခုံရုံးဖွဲ့ စစ်ဆေးမယ်ဆိုတာ မမှန်ဘူးလို့ ကော်မရှင် တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားသူရှိလာရင်တော့ ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ် လို့ ဆိုပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင် ပြပေးပါမယ်။

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ လက်ထက် ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကို လက်ရှိအခြေအနေမှာ စစ်ဆေးဖို့မရှိဘဲ တိုင်ကြားသူရှိလာရင်တော့ ဥပဒေနဲ့အညီ ဆောင် ရွက်သွားရမှာဖြစ်တယ်လို့ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောပါတယ်။

“ အရေးယူဖို့ မရှိဘူး။ အရင်တုန်းကလည်း အဲဒါမျိုး လုပ်ဆောင်ခဲ့တာ မရှိဘူးလေ။ အခု လောလောဆယ်မှာလည်း မရှိသေးပါဘူး။ အတွေ့အကြုံလည်း မရှိသေးတော့လေ။ တိုင်ကြားတဲ့လူ၊ တိုင်ကြားစာ ပေါ်ပေါက်လာရင်ပေါ့နော် တိုင်ကြားလာပြီ ဆိုရင်တော့ အဲဒီ တိုင်ကြားတာကို သက်ဆိုင်ရာ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ ဥပဒေ ပညာရှင် ဆရာကြီးတွေ ရှိပါတယ် သူတို့တွေကနေ ဒီအပေါ်မှာ လေ့လာဆန်းစစ်ပြီးတော့ သူတို့ ဥပဒေနဲ့ အညီ ဆောင်ရွက်သွားမယ်လို့ ဒီလိုဘဲ ပြောလို့ရမှာပေါ့လေ။ အခုအချိန်မှာတော့လေ။ ”

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံတော်ပိုင် ငွေကြေး၊ ဥစ္စာပစ္စည်းတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်တဲ့ နည်းနဲ့ ဖြစ်စေ ရယူသုံးစွဲတဲ့ အဖွဲ့အစည်းဟာ ဆက်လက် ရပ်တည်ခွင့် မရှိဘူးလို့ ပြဌာန်းထားတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရံပုံငွေ အလွဲသုံးမှုနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုး ပါတီ ကို ရွေးကောက်ပွဲ ကော်မရှင်က အဖွဲ့အစည်း မှတ်ပုံတင်ဥပဒေအရ မတရားသင်းအဖွဲ့ အဖြစ် စစ်ဆေးသွားမယ်လို့ နယူး ဖယ်ဒရယ်တိုင်းစ် ဂျာနယ်မှာ ဖော်ပြထားတာဟာ မမှန်ကန်ဘူးလို့လည်း ဦးတင်ထွန်း က ဆိုပါတယ်။

“ နယူး ဖယ်ဒရယ် တိုင်းက လေ သတင်းထောက်က ကျနော့်ကို မေးလည်း မမေးဘူး။ ကျနော် ဖြေလည်း မဖြေဘူးဘဲနဲ့ သူ့ဟာသူ ထည့်လိုက်တာပေါ့။ ဒါနဲ့ ပတ်သက်ပြီး ကျနော် မီဒီယာ ကောင်စီကို စာလေးထိုးထားပါတယ်။ လိုအပ်သလို အရေးယူပေးဖို့ ဆိုပြီး ထိုးထားပါတယ်။ နောက် မနေ့ကလည်း တခြား သတင်းထောက်တွေနဲ့ ကျနော် တွေ့ပြီးတော့ ဒါ မဟုတ်တဲ့ အကြောင်းလည်း ရှင်းလင်းထားပြီး ဖြစ်ပါတယ်။ ”

နယူးဖယ်ဒရယ်တိုင်းစ် ဂျာနယ်မှာ ဖော်ပြထားတဲ့ “ကြံ့ခိုင်ရေးပါတီအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခုံရုံးဖွဲ့စစ်ဆေးမည်” ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို မေလ ၁၅ ရက်နေ့ ရက်စွဲနဲ့ တိုင်ကြားစာ ပို့ထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီဘက်ကလည်း ဥပဒေအရ အရေးယူပေးဖို့ သတင်း မီဒီယာ ကောင်စီကို တိုင်ကြားထားတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

“ ကျနော်တို့က ကျင့်ဝတ်အရ သတင်းမီဒီယာ ကောင်စီကိုဘဲ ကျနော်တို့ ဥပဒေ အရ အရေးယူဆောင်ရွက်ပေးဖို့ဆိုပြီး ကျနော်တို့ မေတ္တာရပ်ခံ ထားတာပေါ့။ ဆိုတဲ့ အခါကျတော့ သတင်းမီဒီယာကောင်စီက ဆောင်ရွက်တဲ့ အနေအထားပေါ် မူတည်ပြီးတော့မှ ကျနော်တို့က ဟို ဆက်လက် ဆောင်ရွက်သွားမှာပေါ့။ ”

မေလ ၁၂ ရက်နေ့ နေပြည်တော် USDP ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပြည်ခိုင်ဖြိုးပါတီ ဘက်ကတော့ တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ရန်ပုံငွေတွေဟာ ပြည်သူ့ဘဏ္ဍာ မဟုတ်ဘဲ တိုင်းဝန်ကြီးချုပ်တွေရဲ့ စီမံခန့်ခွဲမှု အာဏာအရ ဒေသခံလုပ်ငန်းရှင်တွေဆီက ထည့်ဝင်ထားတဲ့ ရံပုံငွေတွေ ဖြစ်တယ်လို့ ပြောဆိုခဲ့တာလည်း ရှိပါတယ်။

မကွေးတိုင်းဒေသကြီး အစိုးရဟောင်းလက်ထက် ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေဆီက ကောက်ယူထားတဲ့ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ ကျပ်သန်း ၇၀၀၀ ကျော် ပျောက်ဆုံးမှုဖြစ်ခဲ့ပြီး အဲဒီထဲက ကျပ်သန်း ၁၇၀၀ ကို ပြည်ခိုင်ဖြိုး ပါတီအတွက် သုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ ပြည်ထောင်စု အစိုးရ အနေနဲ့ ပျောက်ဆုံးနေတဲ့ ငွေကြေး သန်းပေါင်း ထောင်ချီထဲက ကျပ်သန်း ၃၀၀၀ကိုပဲ လက်ရှိ မကွေးတိုင်းအစိုးရထံ ပြန်လည် ပေးအပ်ဖို့ ညွှန်ကြားထားပြီး ဒီကိစ္စအပေါ် အရေးယူဆောင်ရွက်မှု လုပ်တာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG