သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


US Politics အီဒီယံအသုံးအနှုန်းများ
please wait

No media source currently available

0:00 0:06:40 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ အမေရိကန်သမ္မတသစ် Donald Trump တက်လာပြီးနောက် တွေ့ရှိရတဲ့ အခြေအနေတွေနဲ့ လိုက်ဖက်တဲ့ အီဒီယံအသုံးတချို့ဖြစ်တဲ့ Call the shots, Pull the plug နဲ့ Out of the picture တို့ကို တင်ပြပေးထားပါတယ်။

(၁) Call the shots

သမ္မတ Trump တက်လာပြီး ရက်အနည်းငယ်အတွင်းမှာပဲ သမ္မတက ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ် သူ ကတိပေးခဲ့တာတွေကို လက်တွေ့ဖော်ဆောင်တဲ့အနေနဲ့ အမေရိကန် နဲ့ မက်ဆီကို တံတိုင်းကြီးဆောက်ဖို့ ၊ ဗဟိုရ်အစိုးရ အသုံးစရိတ် လျှော့ချရေးအတွက် အစိုးရအမှုထမ်းသစ်တွေ ထပ်မခန့်ဖို့ စသဖြင့် သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေကို လက်မှတ်ထိုးရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူဟာ နိုင်ငံအတွက် ဆုံးဖြတ်ချက်တွေ၊ ညွှန်ကြားချက်တွေ ပေးနိုင်တဲ့နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုးနဲ့ လိုက်ဖက်တဲ့ အီဒီယံအသုံးက Call the shots ဖြစ်ပါတယ်။

Call (ခေါ်တာ)၊ the shots က ဒီနေရာမှာ အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ပစ်ခတ်တယ်လို့ အဓိပ္ပါယ်ရတဲ့ shoot ဆိုတဲ့ ကြိယာရဲ့နာမ် (Noun) အဖြစ် အသုံးပြုထားတာဖြစ်ပြီး shot က ပစ်ခတ်မှု ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတစုလုံးရဲ့ လုံးကောက်အဓိပ္ပါယ်က ပစ်ခတ်ဖို့အတွက် ခေါ်ပေးတာ၊ အော်ပေးတာလို့ ယူဆနိုင်ပါတယ်။ အီဒီယံအသုံးဆင်းသက်လာတာ အယူအဆအမျိုးမျိုးရှိတဲ့အနက် တမျိုးကတော့ရှေးတုံးက ဗြိတိသျှစစ်သင်္ဘောတွေမှာ ရန်သူကို ပစ်ခတ်မယ်ဆိုရင် ကုန်းပတ်ပေါ်မှာရှိတဲ့ တာဝန်ကျအရာရှိက ဘယ်နေရာကို ချိန်ပစ်ရမယ်ဆိုတာကို အောက်ကသေနတ်ပစ်သမားတွေကို အမိန့်ပေးရာကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်က ဆုံးဖြတ်ပေးတဲ့နေရာမှာ ရှိနေတာ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်တာ၊ လုပ်ပိုင်ခွင့်ရှိတဲ့နေရာမှာ ရှိနေတာ။ ကျမတို့ခေတ်စကားအရဆိုရင်တော့ လိုအပ်သည်များကို ညွှန်းကြားသည့်နေရာမှာ ရှိနေတာပေါ့ရှင်။ ဘန်းစကားအရဆိုရင်တော့သူက ဗိုလ်ပဲပေါ့။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Our boss Mr. Green calls the shots at work, but at home it’s his wife who makes the important decisions.

ကျနော်တို့ ဆရာသမား Mr. Green က အလုပ်မှာတော့ သူက ဗိုလ်ဘဲ။ ဒါပေမဲ့လို့ အိမ်မှာတော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုတော့သူ့ဇနီးက ချတာဖြစ်တယ်။

(၂) Pull the plug

သမ္မတ Trump တက်လာပြီး ပထမဦးဆုံးကတော့ TPP ခေါ် ပစ္စီဖိတ်ဝန်းကျင် ကုန်သွယ်ရေးစာချုပ်ကနေ အမေရိကန်ကို နှုတ်ထွက်လိုက်တဲ့အမိန့်ကို လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်အပါအဝင် နိုင်ငံပေါင်း (၁၂) နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီမှုဟာလည်း ပျက်ပြယ်တဲ့အခြေအနေ ဆိုက်သွားခဲ့ပါတယ်။ ဒီလို တခုခုကို ပယ်ဖျက်ပစ်လိုက်တယ်ကို ရည်ညွှန်းသုံးနိုင်တဲ့ အီဒီယံအသုံးကတော့ Pull the plug ဖြစ်ပါတယ်။

Pull (ဆွဲလိုက်တာ)၊ the plug က လျှပ်စစ်ဓါတ်ကြိုးတပ်ထားတဲ့ ကျမတို့ မြန်မာမှာလည်း ပလပ်လို့ပဲ ခေါ်တာဖြစ်တော့ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တပ်ထားတဲ့ ပလပ်ကို ဆွဲဖြုတ်လိုက်တာ ဖြစ်ပါတယ်။ ပလပ်ကို ပလပ်ပေါက်ကနေ ဆွဲဖြုတ်လိုက်တယ်ဆိုရင် လျှပ်စစ်မီး ပြတ်သွားမှာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ။ Socket လို့ခေါ်တဲ့ ပလပ်ပေါက်မှာ တပ်ထားတဲ့ ပလပ်ကို ဆွဲဖြုတ်လိုက်တယ်ဆိုရင် လျှပ်စစ်မီး မရတော့ဘဲ ပြတ်သွားမှာ ဖြစ်တဲ့အတိုင်း အကြံအစည်တွေ လုပ်ကိုင်နေတာတွေကို ရပ်တန့်သွားအောင် လုပ်လိုက်တာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The Mayor pulled the plug on the city’s project by canceling the funding he promised.

မြို့တော်ဝန်က သူပေးမယ်လို့ ကတိပေးထားတဲ့ ငွေတွေကို မပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့် မြို့ရဲ့ စီမံကိန်းလည်း ပျက်သွားခဲ့ရတယ်။

(၃) Out of the picture

သမ္မတ Trump အစိုးရ တက်လာပြီးတဲ့အခါမှာ ဝန်ကြီးဌာနတွေမှာ အပြောင်းအလဲတွေ အများကြီး ရှိခဲ့ရာမှာ အထူးသဖြင့် နိုင်ငံခြားရေးဌာနမှာ ၊ အကြီးတန်းအရာရှိတချို့အလုပ်ကနေ ရပ်စဲခံရတဲ့ အကြောင်းကြားစာတွေကို လက်ခံရရှိကြတာတွေရှိသလို၊ တချို့ကလည်း သူ့တို့သဘော အလျှောက်နှုတ်ထွက်တာတွေလည်း ရှိပါတယ်။ လူသစ်တွေရောက်လာကြမှာဖြစ်လို့၊ ဒီပုဂ္ဂိုလ်တွေအနေနဲ့ သံတမန်ရေးလောကမှာ ရှိကြတော့မှာ မဟုတ်သလို၊ ပါဝင်ပတ်သက်ကြတော့မှာလည်း မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုးမှာ လိုက်ဖက်တဲ့ အီဒီယံအသုံးက Out of the picture ဖြစ်ပါတယ်။

Out of (အပြင်ဘက်ရောက်နေတာ၊ မရှိတာ)၊ picture (ရုပ်ပုံ) ဆိုတော့ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရုပ်ပုံအပြင်ဘက်ကို ရောက်နေတာ ဖြစ်ပါတယ်။ ရုပ်ပုံထဲမှာ မပါတဲ့သဘောမျိုး ဖြစ်တဲ့အတွက်ကြောင့် အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ လူတဦးဟာ အခြေအနေတခုခုနဲ့ မပတ်သက်တော့တာ၊ မဆိုင်တော့တာ၊ မသိနားမလည် ဖြစ်နေတာ၊ ကင်းကွာသွားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်း ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary divorced her husband John recently. So now he is out of the picture.

Mary က မကြာသေးခင်ကပဲ သူ့ခင်ပွန်းနဲ့ ကွာရှင်းလိုက်တယ်။ ဒါကြောင့် John ဟာ သူနဲ့ ဘာမှမဆိုင်တော့ဘူး၊

ဒီတပတ် တင်ပြခဲ့တဲ့ အီဒီယံအသုံးတွေကတော့ Call the shots , Pull the plug နဲ့ Out of the picture တို့ဖြစ်ကြပါတယ်။

XS
SM
MD
LG