သုံးရလွယ်ကူစေသည့် Link များ

ကန်ရွေးကောက်ပွဲ ရုရှားစွက်ဖက်မှု အထက်လွှတ်တော် စစ်ဆေး


၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲရလဒ် အပြောင်းအလဲဖြစ်အောင် ရုရှားကကြားဝင်နှောင့်ယှက်မှုရှိခဲ့သလားဆိုတာကို ပြည်ထောင်စု ထောက်လှမ်းရေးဗြူရို FBI က စုံစမ်းနေတယ်လို့ FBI အကြီးအကဲက ပြောလိုက်ပါတယ်။

Donald Trump ရဲ့ရွေးကောက်ပွဲ စည်းရုံးရေးတာဝန်ရှိသူတွေနဲ့ ရုရှားအစိုးရကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိခဲ့သလားဆိုတာပါဝင်တဲ့ စုံစမ်းမှုတွေလုပ်နေတယ်ဆိုတာကို အမေရိကန်အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှာ တနင်္လာနေ့က ကြားနာပွဲအတွင်း FBI ညွန်ကြားရေးမှူး James Comey ကပြောခဲ့တာပါ။ ဒါ့အပြင် သမ္မတဟောင်း Barack Obama က Mr. Trump ရဲ့တယ်လီဖုန်းကို ကြားဖြတ် နားထောင်ခဲ့တယ်ဆိုတာနဲ့ပတ်သက်လို့လည်း အထောက်အထားတွေ မရှိဘူးလို့ သူကပြောသွားပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

အမေရိကန်ပြည်ထောင်စုအပေါ် ရုရှားခေါင်းဆောင်တွေကိုယ်တိုင်ညွန်ကြားတဲ့ ထောက်လှမ်းမှုတွေနဲ့ပါတ်သက်လို့ အမေရိကန်အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှာ တနင်္လာနေ့က ကြားနာပွဲလုပ်ခဲ့ပါတယ်။ အာဏာရ Republican ပါတီလွှတ်တော်အမတ်တွေရော Democrat အမတ်တွေပါ ပါဝင်တဲ့ ထောက်လှမ်းရေးကော်မတီကြားနာပွဲမှာ FBI ညွှန်ကြားရေးမှူး James Comey နဲ့ အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ညွန်ကြားရေးမှူး ရေတပ်ဗိုလ်ချုပ်ကြီး Michael Rogers တို့ လာရောက်ထွက်ဆိုခဲ့ကြပါတယ်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲတုန်းက Donald Trump ရဲ့ စည်းရုံးရေးအဖွဲ့တာဝန်ရှိသူတွေနဲ့ ရုရှားအစိုးရကြားမှာ ဘယ်လိုဆက်နွယ်မှုတွေရှိခဲ့သလဲဆိုတာအပါအဝင် အမေရိကန်ရွေးကောက်ပွဲရလာဒ်တွေ အပြောင်းအလဲဖြစ်သွားအောင် ရုရှားအစိုးရကဆောင်ရွက်ခဲ့သလား FBI ကစုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်ဆိုတာကို ညွှန်ကြားရေးမှူး James Comey ကအတည်ပြုပြောသွားခဲ့ပါတယ်။

“တရားရေးဌာနရဲ့ ညွန်ကြားချက်အရ ကျွန်တော်အတည်ပြုပြောနိုင်တာကတော့ ကျွန်တော်တို့ရဲ့ တန်ပြန်ထောက်လှမ်းရေးဆောင်ရွက်ချက်အရ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားအစိုးရက ဝင်ရောက်စွက်ဖက်ဖို့ကြိုးစားခဲ့သလားဆိုတာကို FBI က စုံစမ်းနေပါတယ်။ အဲဒီစုံစမ်းမှုတွေထဲမှာ Trump စည်းရုံးရေးအဖွဲ့ဝင်တွေနဲ့ ရုရှားအစိုးရကြား တစုံတရာဆက်နွယ်မှုရှိခဲ့သလား၊ သူတို့ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှု တစုံတရာရှိခဲ့သလားဆိုတဲ့ စုံစမ်းမှုတွေလည်း ပါဝင်ပါတယ်။ တခြားတန်ပြန်ထောက်လှမ်းရေးစုံစမ်းမှုတွေလိုပဲ ဒီစုံစမ်းမှုအတွင်းမှာလည်း ပြစ်မှုကျုးလွန်မှုရှိမရှိဆိုတာကို သုံးသပ်သွားမှာဖြစ်ပါတယ်။ ထိပ်တန်းလှို့ဝှက်ထားတဲ့ စုံစမ်းနေဆဲကိစ္စဖြစ်တာမို့ ဘယ်လို ဘယ်သူတွေက စုံစမ်းမှုတွေလုပ်နေသလဲဆိုတာကို ကျွန်တော်မပြောနိုင်ပါဘူး။”

ရွေးကောက်ပွဲမဲဆွယ်အဖွဲ့တွေနဲ့ ရုရှားထောက်လှမ်းရေးတွေကြား လှို့ဝှက်ပူးပေါင်းကြံစည်တယ်ဆိုတဲ့ အထောက်အထားတစုံတရာ မတွေ့ရသေးပေမဲ့ ဒီကိစ္စကို ဆက်ပြီးစုံစမ်းသွားမှာဖြစ်တယ်လို့ အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ Devin Nunes က ကြားနာပွဲမှာ ပြောသွားပါတယ်။ Russia နဲ့ပတ်သက်တဲ့ စုံစမ်းမှုတွေမှာ ထိပ်တန်းလှို့ဝှက်ထားတဲ့အကြောင်းအရာတွေကို သတင်းပေါက်ကြားအောင်ဘယ်သူက လုပ်နေတာလဲဆိုတာကိုလည်း လွှတ်တော်ကော်မတီက စုံစမ်းသွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ Mr. Trump ရဲ့ New York မြို့က Trump Tower က တယ်လီဖုန်းတွေကို သမ္မတဟောင်း Barack Obama ကကြားဖြတ်ထောက်လှမ်းခဲ့တယ်ဆိုတဲ့ သမ္မတ Trump ရဲ့ စွပ်စွဲချက်တွေနဲ့ ပါတ်သက်လို့လည်း တနင်္လာနေ့က ကြားနာပွဲမှာ လွှတ်တော်အမတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။ FBI ဌာနအတွင်း အသေအချာ စုံစမ်းခဲ့ပေမဲ့ ထောက်လှမ်းခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ မတွေ့ခဲ့ရပါဘူးလို့ FBI ညွှန်ကြားရေးမှူး James Comey ကဖြေကြားခဲ့ပါတယ်။

“သူ့ကိုအဓိကထားပြီး အရင်အစိုးရက ဖုန်းတွေကိုကြားဖြတ်ခိုးနားထောင်တယ်လို့ သမ္မတ Twitter ပေါ်မှာရေးသားခဲ့တာနဲ့ပါတ်သက်လို့ အဲဒီရေးသားချက်မှန်ကန်တယ်ဆိုတာ ထောက်ပြနိုင်တဲ့ အချက်အလက် ကျွန်တော့်မှာ မရှိပါဘူး။ FBI ဌာနအတွင်းမှာ ဒီကိစ္စကို သေသေချာချာ စုံစမ်းခဲ့ပါတယ်။ တရားရေးဌာနနဲ့ တရားရေးဌာနလက်အောက်က အဖွဲ့အစည်းတွေအားလုံးမှာလည်း အထောက်အထားမရှိဘူးဆိုတဲ့အလားတူအဖြေကို ကြားနာပွဲမှာ မျှဝေပေးဖို့ ကျွန်တော့်ကို ညွန်ကြားထားပါတယ်။ Twitter လူမှုကွန်ယက်ပေါ်မှာ သမ္မတရေးသားချက်တွေ မှန်တယ်လို့ပြောနိုင်မယ့် အထောက်အထားအချက်အလက်တွေ FBI မှာမရှိပါဘူး။”

အောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ Devin Nunes ကလည်း Trump Tower ကဖုန်းတွေ ကြားဖြတ်ခိုးနားထောင်ခံခဲ့ရတယ်ဆိုတာ မဟုတ်ဘူးလို့ သူတို့ကော်မတီကသိထားတယ်လို့ပြောပါတယ်။ ဒါပေမဲ့ သမ္မတ Trump နဲ့ သူ့ရဲ့အနီးကပ်အကြံပေးတွေအပေါ် တခြားနည်းနဲ့ ထောက်လှမ်းခဲ့တယ်ဆိုတာ ဖြစ်နိုင်တယ်လို့လည်းဆိုခဲ့ပါတယ်။ တနင်္လာနေ့က ၄ နာရီကြာတဲ့ ကြားနာပွဲအတွင်း နောင်အမေရိကန်ရွေးကောက်ပွဲတွေမှာ ရုရှားရဲ့ ကြားဝင်နှောင်ယှက်မှုတွေလုပ်လိမ့်ဦးမယ်လို့ ခန့်မှန်းထားကြောင်း FBI အကြီးအကဲရော NSA အကြီးအကဲကပါ ပြောသွားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အမေရိကန်ရွေးကောက်ပွဲမှာ ကွဲပြားမှုတွေ၊ ရှုပ်ထွေးမှုတွေဖြစ်အောင်အပြင် အမေရိကန်ရဲ့ ဒီမိုကရေစီစနစ်အပေါ် သံသယဝင်အောင် ရုရှားက အောင်အောင်မြင်မြင်နဲ့ ဝင်ရောက်နှောက်ယှက်နိုင်ခဲ့တဲ့အတွက်လာမယ့်ရွေးကောက်ပွဲတွေကျရင်လည်း အလားတူနှောင်ယှက်မှုတွေ လုပ်ဦးမှာဖြစ်တယ်လို့ FBI ညွန်ကြားရေးမှူး James Comey ကပြောပါတယ်။

Russia ရဲ့ထောက်လှမ်းမှုနဲ့ပ တ်သက်လို့ အောက်လွှတတော်ထောက်လှမ်းရေးကော်မတီကြားနာပွဲလုပ်နေစဉ်မှာပဲ Trump စည်းရုံးမဲဆွယ်ပွဲအဖွဲ့တွေနဲ့ ရုရှားကြားမှာ လှို့ဝှက်ဆောင်ရွက်မှုတွေ မရှိဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရသူ Sean Spicer အိမ်ဖြူတော်သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ သူအနိုင်ရအောင် သူ့ရဲ့စည်းရုံးရေးတာဝန်ရှိသူတွေက ရုရှားနဲ့ပူးပေါင်းလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ Democrat တို့ရဲ့ လုပ်ကြံပြောကြားမှုတွေဖြစ်တယ်လို့ သမ္မတ Trump ကလည်း ကြားနာပွဲမလုပ်ခင် နာရီပိုင်းအလိုမှာ Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

XS
SM
MD
LG