သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ဆက်စပ် စွပ်စွဲမှု ကန်သမ္မတ ထပ်မံတုံ့ပြန်


အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရဖို့ သူ့မဲဆွယ်စည်းရုံးရေးအဖွဲ့တွေနဲ့ ရုရှားတို့ ချိတ်ဆက်လုပ်ကိုင်မှုရှိခဲ့တယ်ဆိုတဲ့ ဘယ်လိုပြောဆိုချက်မျိုးမဆို ရွေးကောက်ပွဲရှုံးသွားတဲ့ ဒီမိုကရက်တွေရဲ့ လုပ်ကြံပြောဆိုမှုသာဖြစ်တယ်လို့ သမ္မတ Trump ကဒီကနေ့ တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။ သမ္မတရွေးကောက်ပွဲအောင်နိုင်ဖို့အတွက် Trump နဲ့ ရုရှားတို့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်ဆိုတဲ့အထောက်အထားတွေ မတွေ့ရဘူးလို့ အိုဘားမား လက်ထက်တာဝန်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံတော်လုံခြုံရေး အကြီးအကဲဟောင်း James Clapper နဲ့ အခြားသူတွေက ပြောတယ်ဆိုပြီးTrump ကသူ့ရဲ့ တွစ်တာစာမျက်နှာမှာရေး ပါတယ်။ ဒါဟာ အတုအယောင်သတင်းတွေဖြစ်ပြီး လူတိုင်းသိတယ်လို့လည်းTrump ကရေးပါတယ်။

သမ္မတတာဝန်ထမ်းဆောင်တာ ၂ လ သက်တမ်းရှိလာပြီဖြစ်တဲ့ Donald Trump က ဆိုးရွားတဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးပွဲလုပ်ခဲ့တာကို ဆင်ခြေပေးတဲ့အနေနဲ့ ဒီမိုကရက်တွေက ရုရှားဇာတ်လမ်းကို အတင်းလုပ်ကြံဖန်တီးတာဖြစ်တယ်လို့ ပြောပါတယ်။ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်ခဲ့တဲ့ Hillary Clinton ဟာလည်း မဲဆွယ်ပွဲတွေမှာ အသာရနေတယ်လို့ ထင်မြင်ခဲ့ပေမယ့်Electoral College လို့ ခေါ်တဲ့ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ကိုယ်စားလှယ်တွေရဲ့ မဲကြောင့် နောက်ဆုံးမှာ ရွေးကောက်ပွဲရှုံးရတာပဲလို့လည်း Trump ကဆိုထားတာပါ။

မနှစ်က သမ္မတရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ သမ္မတဟောင်း Barack Obama က New Yorkက Trump Tower ဌာနချုပ်က တယ်လီဖုန်းတွေကို ကြားဖြတ်ခိုးနားထောင်ခဲ့တယ် ဆိုတဲ့ သက်သေမခိုင်လုံတဲ့၊ ပြင်းထန်တဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး အခြေနေမှန်ကို သိရဖို့ အဓိက ကဏ္ဍမှာ ရှိနေတဲ့ အရာရှိကြီး ၂ ဦးရဲ့ လွှတ်တော် ကြားနာပွဲကို ဒီကနေ့ မပြုလုပ်ခင် နာရီပိုင်းအလိုမှာပဲ သမ္မတ Trump ရဲ့ခုလို ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG