သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ရွေးကောက်ပွဲနဲ့ ကြီးမားတဲ့အပြောင်းအလဲ


ပြင်သစ်ရွေးကောက်ပွဲဝင်တဲ့ သမ္မတလောင်း မစ္စ Marine Le Pen
ပြင်သစ်ရွေးကောက်ပွဲဝင်တဲ့ သမ္မတလောင်း မစ္စ Marine Le Pen

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ပြင်သစ်သမ္မတရွေးကောက်ပွဲ ပထမအကြော့ ရွေးကောက် ပွဲမှာ အလယ်အလတ် ဝါဒီ Emmanuel Macron နဲ့ အမျိုးသားရေးဝါဒီ လည်းဖြစ်၊ ရွှေ့ပြောင်းနေထိုင်မှုတွေကို ဆန့်ကျင်သူလည်းဖြစ်တဲ့ Marine Le Pen တို့ ၂ ဦး အနိုင်ရရှိခဲ့ပြီး လာမယ့် သီတင်းပတ် ၂ ပတ်အကြာမှာ တကြော့ပြန် ရွေးကောက်ပွဲ အတွက် ထိပ်တိုက် ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ဒီ ကိုယ်စားလှယ်လောင်း ၂ ဦး အခုလို အသာစီး ရလိုက်တာဟာ ပြင်သစ်နိုင်ငံရေးသမိုင်းမှာ ကြီးမားတဲ့ပြောင်းလဲမှုကြီး ဖြစ်သွား ခဲ့တာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒီရလဒ်ကြောင့် ခေတ်သစ် ပြင်သစ်သမိုင်းရဲ့ သမ္မတ ရွေးကောက်ပွဲမှာ အစဉ်အလာအားဖြင့် ထိပ်ကနေ ဦးဆောင်လေ့ရှိတဲ့ နိုင်ငံရေးပါတီကြီး ၂ ခုက မဟုတ်တဲ့သူ တဦးဦးက သမ္မတ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ Brexit လို့ခေါ်တဲ့ ဗြိတိန်နိုင်ငံ အီးယူထဲက နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ အမေရိကန်ပြည်ထောင်စုမှာ သမ္မတ Donald Trump အနိုင်ရလိုက်ပြီးတဲ့နောက် တည်ဆဲ နိုင်ငံရေး အယူဝါဒကို ဆန့်ကျင်သူတွေ များနေတယ်ဆိုတာကို ပြသလိုက်တာဖြစ်ပြီး ပြင်သစ်နိုင်ငံအနေနဲ့ အီးယူ ဥရောပသမဂ္ဂထဲမှာ ဆက်တည်ရှိနေမလား ဆိုတဲ့အချက်ကိုလည်း အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Macron က မဲအရေအတွက် စုစုပေါင်းရဲ့ ၂၃.၈% နဲ့ Le Pen က မဲအရေအတွက် စုစုပေါင်းရဲ့ ၂၁.၇% အသီးသီး အနိုင် ရထားကြတယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။ မေလ ၇ ရက်နေ့မှာ ကျင်းပမယ့် တကြော့ပြန် ရွေးကောက်ပွဲမှာ သူတို့ ၂ ဦး ထိပ်တိုက် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပြီး အနိုင်ရတဲ့သူက မဲအရေအတွက် စုစုပေါင်းရဲ့ ၅၀% ကျော် အနိုင်ရမှသာ သမ္မတ ဖြစ်ခွင့် ရှိမှာ ဖြစ်ပါတယ်။

တနှစ်အတွင်းမှာ ပြင်သစ်နိုင်ငံရေးလောကကို လုံး၀ ပြောင်းလဲ ပစ်လိုက်နိုင်ကြောင်း အသက် ၃၉ နှစ်အရွယ် Macron က အောင်ပွဲခံ မိန့်ခွန်းမှာ ထောက်ခံသူတွေ ကို ပြောကြားခဲ့ပါတယ်။ အီးယူထဲကနေ ပြင်သစ်နိုင်ငံ နှုတ်ထွက်ရေးနဲ့ ရွေ့ပြောင်းနေ ထိုင်မှုကို ကန့်ကွက်တဲ့ သမ္မတလောင်း Le Pen ကတော့ ပြင်သစ် လူမျိုးတွေ လွတ်မြောက်မှု ရအောင် လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ အောင်ပွဲခံ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG