သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအရေးအခင်းနောက်ပိုင်း အရပ်သား၂၃ ဦးသေဆုံး


မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။
မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ၂၀၁၆ခုနှစ် အောက်တိုဘာလ က ဖြစ်ပွားတဲ့အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်းမှာ အကြမ်းဖက် သတ်ဖြတ်တာကြောင့် အရပ်သား ၂၃ယောက်သေဆုံးပြီး ၁၀ယောက်ပျောက်ဆုံးနေ တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး က သတင်း ထုတ်ပြန်ခဲ့ပါတယ် ။ လေ့လာသူတွေကတော့ ဒီအရပ်သားတွေ သေဆုံးပျောက်ဆုံးနေတာဟာ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးမှုအားနည်းချက်အဖြစ်သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်တာဟာ ၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ရက်နေ့က စတင်ဖြစ်ပွားခဲ့တာပါ။ဒီအခင်းဖြစ်ပွားပြီးတဲ့နောက်မှာ လုံခြုံရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သူ၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေကို တွေ့ဆုံဖြေကြားသူတွေဟာ မကြာခနဆိုသလို သတ်ဖြတ်ခံရကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒီ ၃ရက်နေ့အထိ ရရှိထားတဲ့ စာရင်းအရဆိုရင် အကြမ်းဖက်သတ်ဖြတ်ခံရသူ အရပ်သား ၂၃ယောက်ရှိပြီး ပျောက်ဆုံးနေသူ ၁၀ယောက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မောင်တောဒေသမှာ ဖြစ်ပျက်နေတဲ့အခြေအနေကို အဲဒီဒေသကို သွားရောက်လေ့လာသတင်းယူခဲ့တဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က အခုလို ပြောပါတယ်။

“အကြမ်းဖက်သမားတွေက ကျနော်တို့သိသလောက်ဆိုရင်တော့ တချို့နေရာတွေ တချို့ကျေးရွာတွေမှာ သာမန်ရွာသားလို သူတို့နေတယ်၊ တချို့တွေကျတော့ ရွာပြင်တွေဘာတွေမှာ သူတို့ဟာသူတို့နေမယ်။ နေပြီးတော့ သူတို့ သြဇာမခံတာတွေ နောက်ပြီးတော့ အစိုးရနဲ့ ပူးပေါင်းသူလို့ ယူဆသူတွေကိုတော့ ပြန်ပေးဆွဲ သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ကျနော်တို့ သိရတယ်။ အဲဒီရဲတပ်ဖွဲ့တွေ သူတို့ကိုယ်တိုင်တောင်မှာ ရွာတွေဘာတွေသွားရင် လုံခြုံရေးတွေ သေသေချာချာယူပြီးတော့မှ သွားနေရတဲ့ အခြေအနေမျိုးမှာ ဒီအကြမ်းဖက်သမားတွေကတော့ ရွာထဲမှာ ရှိချင်ရှိနေမယ်၊ သူတို့ ကိုယ်ယောင်ဖျောက်ထားမယ် အဲဒီတော့ အကာအကွယ်ပေးဖို့တော့ တော်တော်လေး မလွယ်ဘူးလို့ ကျနော်တို့ ထင်တာပေါ့နော်။”

မောင်တောခရိုင်အတွင်းမှာ အစ္စလာမ်ဘာသာဝင်ဦးရေ ၇သိန်းကျော်လောက်ရှိပြီး အများစုဟာ အစိုးရရဲ့ ထိရောက်တဲ့ အုပ်ချုပ်မှုကနေ ကင်းလွတ်နေ တာကို တွေ့မြင်ရကြောင်းလည်း ပြောပါတယ်။

အရပ်သားတွေကို အကာအကွယ်ပေးဖို့ဆိုရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲ ဖို့လိုအပ်ကြောင်းလည်း ပြောပါတယ်။

“ဒီအုပ်ချုပ်ရေး ပိုင်းက မွတ်စလင်တွေကို ထားတဲ့ သဘောထားပေါ့ အစိုးရက ထားတဲ့သဘောထားက ဒါက ကိုယ့်နိုင်ငံသားတွေ ဘာတွေလို့ သေသေချာချာ သတ်မှတ်ထားတာ မရှိတဲ့အခါကျတော့ သူစိမ်းလူလိုနေတယ်။ နေတဲ့အခါကျတော့ ဘာအချက်အလက်မှ မသိရတော့ဘူး ဆက်ဆံရေးလည်း သိပ်ပြီးတော့ မရှိဘူး။ မရှိတဲ့အခါကျတော့ ဒီအထဲမှာ ဘာဖြစ်နေတာတွေမသိသလို၊ ဘယ်လို ကာကွယ်ပေးရမယ် ဆိုတာ သူတို့ လုပ်လို့ရမှာ မဟုတ်ဘူး။ ဆိုတော့ ဒါကို ကာကွယ်ပေးဖို့ဆိုရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေရော အဓိကကျတဲ့ ဒီလူတွေကိုပေါ့နော် ၊ ကိုယ့်နိုင်ငံထဲမှာ နေတဲ့လူတွေ ၊ ကိုယ့်တရားဥပဒေ စိုးမိုးမှုအောက်မှာ ၊ ကိုယ့်အုပ်ချုပ်ရေးအောက်မှာရှိရမယ် ကိုယ်ကလည်း အကာအကွယ်ပေးရမယ်။ သူတို့ ဖွံ့ဖြိုးတိုးတက်အောင်လည်း လုပ်ပေးရမယ်ဆိုတဲ့ပေါ်လစီကို ပြောင်းမှရမယ်။ အဲဒါတွေ မပြောင်းနိုင်ဘူးဆိုရင်တော့ ဒီလိုပဲ ခက်ခဲနေမှာပါ။”

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လက်ရှိ ရခိုင်ပြည်နယ် လွှတ်တော်က တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဌ ဦးမောင်မောင်အုန်းကတော့ အရပ်သားတွေ ကာကွယ်ရေးနဲ့ပတ်သက်ပြီး အခုလို သုံးသပ်ပါတယ်။

“အခုနိုင်ငံသားမဖြစ်သေးပေမယ့်လည်း ဘာပဲပြောပြော နိုင်ငံအတွင်း မှာ နေတဲ့အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတွေ ၊ တပ်မတော် သူတို့အကုန်လုံးက လုပ်တော့လုပ်နေကြတာပဲ။ သို့သော် အဲဒီဘက်မှာ အမှန်အတိုင်းပြောရရင်တော့ တရားဥပဒေစိုးမိုးရေးက တော်တော်အားနည်းနေတယ်။ ဒီဘင်္ဂလီ အသိုင်းအဝိုင်းအနေနဲ့က ရိုဟင်ဂျာမှ မရရင် သူတို့က ဘာ verification လည်းမလိုဘူး ၊ နောက်နိုင်ငံသား စိစစ်ရေးလည်းမလုပ်ဘူး ဘာမှ လည်းမလုပ် ဒီအတိုင်းပဲ နေပြီးတော့မှ အစိုးရပြောတဲ့အတိုင်းလည်း မလုပ်ပဲနဲ့ သူတို့ဟာသူတို့ လွတ်လပ်သလိုအဲဒီလိုတွေ သွားတော့ ဖြစ်နေတယ်။ နိုင်ငံသားဖြစ်တာတွေ မဖြစ်တာတွေ ဘေးဖယ်လိုက် ၊ ကိုယ့်နိုင်ငံအတွင်းမှာ နေတယ်ဆိုရင်တော့ အဲဒီနိုင်ငံရဲ့ ဥပဒေကို လိုက်နာဖို့တော့ အင်မတန်အရေးကြီးတယ်။ အရေးအကြီးဆုံးကတော့ တရားဥပဒေစိုးမိုးရေးပေါ့နော်။”

တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“ဒီကိစ္စတွေကတော့ နိုင်ငံတကာနဲ့ ဆက်စပ်တဲ့အခါကျတော့ ခုနက Human Rights ဆိုတဲ့ နားလည်မှုတွေက တဖက်ကတော့ ဥပဒေက ထိထိရောက်ရောက်လုပ်ရမယ်။ ပေးသင့်တဲ့အခွင့်အရေးတွေကိုလည်း လိုအပ်တဲ့အတိုင်းပေးရမယ်ပေါ့နော် ဒီလိုတော့ သွားရမယ်ပေါ့နော်။ အခုကတော့ အောက်တိုဘာ ၉ ရက်နေ့နောက်ပိုင်းမှာ သူတို့က အကြောင်းကို ဖော်မယ့်လူရှိရင် သူတို့နှုတ်ပိတ်တဲ့ သဘောမျိုးဆိုတာက အဲဒီအဖွဲ့ကို ထဲထဲဝင်ဝင်နဲ့ ထိထိရောက်ရောက် နဲ့ စုံစမ်းစိစစ်ပြီးတော့မှ အရေးယူဆောင်ရွက်ဖို့ အဲလိုပဲ လိုမယ်လို့ ဒီလိုပဲ ကျနော်တို့ ထင်ပါတယ်။”

မောင်တောဒေသအကြမ်းဖက်ဖြစ်စဉ်မှာ တပ်မတော်သား ၇ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ဦးကျဆုံးခဲ့ကြောင်းနဲ့ အကြမ်းဖက် တိုက်ခိုက်သူ ၆၉ဦးသေဆုံးပြီး ချုပ်နှောင်ထားသူ၊ တရားစစ်ဆေးနေသူ ၅၀၀ကျော်ရှိကြောင်း လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG