သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေးအဓိကပြဿ နာ ၃ ရပ် ၂၀၁၆ ကန်အစီရင်ခံစာထောက်ပြ


ဒေသခံတွေရဲ့ အိမ် များ မီးရှို့ဖျက်ဆီးခံရစဉ်
ဒေသခံတွေရဲ့ အိမ် များ မီးရှို့ဖျက်ဆီးခံရစဉ်

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရတက်လာပေမယ့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို စစ်တပ်က ဆက်လက် ချုပ်ကိုင်ထားဆဲ ဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ အမေရိကန်ပြည်ထောင်စုက ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်တဲ့ နှစ်ပတ်လည် လူ့အခွင့်အရေးအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဖွဲ့အစည်းပုံအခြေခံဥပဒေအရ တိုင်းပြည်အတွင်းက လွှတ်တော် ၃ ရပ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ စစ်တပ်က ၂၅% နေရာ ယူထားတဲ့အပြင် ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေကိုလည်း စစ်တပ်က ချုပ်ကိုင်ထားတဲ့အပြင် သမ္မတက နိုင်ငံမှာရေးပေါ် အခြေအနေကြေညာရင် စစ်တပ်က တိုင်းပြည်အာဏာကို အချိန်အကန့်အသတ်မရှိ ထိန်းသိမ်းထားပိုင်ခွင့်ရှိကြောင်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

၂၀၁၆ ခုနှစ် မတ်လမှာ NLD အစိုးရ တက်လာပြီး ဧပြီလဆန်းပိုင်းမှာ ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးခဲ့တာဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ စုဝေးခွင့် စတဲ့ ကဏ္ဍတွေအတွက် သိသာတဲ့ တိုးတက်မှုတခုအဖြစ် လူထုအခြေပြု အဖွဲ့အစည်းတွေက ထောက်ပြခဲ့ကြပေမယ့်လည်း ဒါဟာ ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ကြောင်း မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသား လူမျိုးစုဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတာ၊ လွတ်လပ်စွာ ပြောဆိုခွင့်အပေါ် ကန့်သတ်မှုတွေ ရှိနေတာနဲ့ ရိုဟင်ဂျာတွေအပေါ် မတရား အနိုင်ကျင့်မှုတွေနဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်နေတာ စတဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာ ၃ ခု ရှိနေကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဏာပိုင်တွေအနေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာရှိတဲ့ အရပ်သားတွေကို သတ်ဖြတ်ခြင်း မခံရအောင်၊ ညှဉ်းပန်း နှိပ်စက်ခြင်းမခံရအောင်၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရခြင်း မရှိအောင် အကာကွယ်ပေးဖို့ ပျက်ကွက်ခဲ့ကြောင်း၊ ဒါပေမယ့် ချိုးဖောက်မှုတွေ ဖြစ်ပေါ်တယ်လို့ သတင်းတွေ ထွက်လာတဲ့အပေါ် ကိုင်တွယ် ဖြေရှင်းဖို့ လုပ်ဆောင်မှုတချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်သွားခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား မွတ်ဆလင် ၂၀,၀၀၀ လောက် နေရပ်ပြန်နိုင်ရေးအတွက် အာဏာပိုင်တွေဘက်က လုပ်ဆောင်ပေးခဲ့ပေမယ့် ဒုက္ခသည် စခန်းတွေမှာ ၁၂၀,၀၀၀ လောက် ကျန်နေသေးတယ်လို့ လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မောင်တော ဒေသမှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတွေ မနှစ် အောက်တိုဘာလတုန်းက တိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေကြောင့် နောက်ထပ် လူ ၃၀,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တဲ့ အဓမ္မပြုကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အဓမ္မ အလုပ်ခိုင်းစေမှု၊ နိုင်ငံရေး အကြောင်းတရားကို အခြေခံပြီး ဖမ်းဆီးမှု၊ အကျင့်ပျက် ခြစားမှု၊ မြေသိမ်း ယာသိမ်း ပဋိပက္ခ၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့်၊ အသင်းအပင်း ဖွဲ့စည်းခွင်တွေအပေါ် ကန့်သတ် ချုပ်ခြယ်မှု၊ ခြိမ်းချောက်မှု၊ သတင်းထောက်တွေကို ရံဖန် ရံခါ ဖမ်းဆီးမှုတွေဟာလည်း မြန်မာနိုင်ငံအတွင်းက တခြား သိသာတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူတွေကို အဓမ္မ လုပ်စေခိုင်းမှု အပါအဝင် လူမှောင်ခိုကူးမှုတွေဟာလည်း ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့တဝှမ်းမှာရှိတဲ့ နိုင်ငံပေါင်း ၁၉၉ နိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို အမေရိကန်လွှတ်တော်ရဲ့ အမိန့်အရ နိုင်ငံခြားရေး ဌာနကနေ နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းရာမှာ ဒီနှစ် အစီရင်ခံစာဟာ သမ္မတ Donald Trump အစိုးရရဲ့ ပထမ ရက်ပေါင်း ၄၀ အတွင်း ထုတ်ပြန်တဲ့အတွက် ဒီ ၂၀၁၆ အစီရင်ခံစာဟာ သမ္မတဟောင်း Barack Obama လက်ထက်က ပြုစုထားခဲ့တဲ့ အချက်အလက်တွေအပေါ် အခြေခံတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် Rex Tillerson အနေနဲ့ ဒီအစီရင်ခံစာ ထုတ်ပြန်ရာမှာ အစဉ်အလာအရ ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ ကျင်းပခြင်း မရှိတဲ့အတွက် Trump အစိုးရလက်ထက်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ဦးစားပေးမှုကို လူ့အခွင့်အရေး အဖွဲ့တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

ဝန်ကြီး Tillerson အနေနဲ့ကတော့ ၄၁ ကြိမ်မြောက် အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ဒီ လူ့အခွင့်အရေး အစီရင်ခံစာဟာ ကမ္ဘာတဝှမ်းမှာ လူတိုင်းအတွက် လွတ်လပ်မှု၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်ပေးဖို့ သံဓိဌာန် ခိုင်မာရာကို အလေးပေး ထောက်ပြရာ ရောက်တယ်လို့ သူ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG