သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကျန်းမာရေးပြုစုစောင့်ရှောက်မှုစနစ်သစ် လွှတ်တော်မှာတင်သွင်း


အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုစနစ်ကို ရီပတ်ဘလစ်ကန်ပါတီက ပြောင်းလဲပစ်မယ့် အစီအစဉ်ဟာ သိပ်ကို ကောင်းမွန်တဲ့အကြောင်း သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီအစီအစဉ်ကို ကွန်ဂရက်လွှတ်တော်ရဲ့ အတည်ပြုချက် ရရှိနိုင်ဖို့က မသေချာကြောင်းလည်း ပြောပါတယ်။

သမ္မတဟောင်း Barack Obama ချမှတ်ခဲ့ပြီး Obamacare လို့ခေါ်တဲ့ လက်ရှိ ကျန်းမာရေးပြုစုစောင့်ရှောက်မှု ဥပဒေဟာ လုံးဝကို ပြိုလဲပျက်စီးနေတဲ့ စနစ်ဖြစ်တဲ့အကြောင်း သမ္မတ Trump က အင်္ဂါနေ့မှာပဲ Twitter အင်တာနက် လူမှုကွန်ယက်မှာ ပြောဆိုလိုက်တာပါ။

စနစ်သစ်မှာတော့ အဖိုးအခကြီးတဲ့ ဆေးတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်နိုင်အောင် ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီတွေကြား ပြိုင်ဆိုင်မှုတွေကို အားပေးပြီး - ကျန်းမာရေးအာမခံ ဝယ်ထားသူတွေအတွက် ဈေးသက်သာစေဖို့ မျှော်လင့်ချက်နဲ့ ကျန်းမာရေးအာမခံကုမ္ပဏီတွေကို ပြည်နယ်တိုင်းမှာ ရောင်းချခွင့်ပြုမှာ ဖြစ်ကြောင်းလည်း သမ္မတ Trump က ပြောပါတယ်။

Obamacare လို့ လူသိများတဲ့ အဖိုးနှုန်းချိုသာတဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှု အက်ဥပဒေကို ဖျက်သိမ်းဖို့ ရီပတ်ဘလစ်ကန်တွေက အချိန်အတော်ကြာကတည်းက ကြိုးပမ်းနေတာ ဖြစ်ပေမဲ့လည်း - ရီပတ်ဘလစ်ကန် လွှတ်တော်ခေါင်းဆောင်တွေ တင်သွင်းတဲ့ အခုနောက်ဆုံး ဥပဒေသစ်အတွက် အဆိုပြုချက် အပေါ်မှာ ရီပတ်ဘလစ်ကန် အထက်နဲ့ အောက်လွှတ်တော် အမတ်တွေအပါအဝင် သမ္မတဟောင်း အိုဘားမား လက်ထက်က ဥပဒေကို ဆက်ထားချင်ကြတဲ့ ဒီမိုကရက်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ကျန်းမာရေးနဲ့ လူမှုဝန်ဆောင်လုပ်ငန်းဌာန ဝန်ကြီး Tom Price က - အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ဒီအဆိုပြုချက်ကို ကာကွယ်ပြောဆိုရာမှာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုနဲ့ ပတ်သက်လို့ အစိုးရကမဟုတ်ဘဲ လူနာနဲ့ ဆရာဝန်တွေက ဆုံးဖြတ်ချက်ချဖို့ သူ့အစိုးရအနေနဲ့ လိုလားကြောင်း လက်ရှိ ကျန်းမာရေးပြုစုစောင့်ရှောက်မှု စနစ်ဟာ လူနာတွေကို ထိခိုက်စေပြီး ကုန်ကျစရိတ် တိုးစေတဲ့အတွက်ကြောင့် ဖျက်သိမ်းဖို့ လိုအပ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG