သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သက်ကြီးရွယ်အို စိုးရိမ်စိတ်လွန်ရောဂါ


တိုက်ရိုက် လင့်ခ်


သက်ကြီးရွယ်အိုတွေမှာ စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါ ဖြစ်လေ့ဖြစ်ထရှိကြပြီး၊ အများစုကိုတော့ ကာကွယ်နိုင်ကာ၊ စောစောသိ စောစောကုသနိုင်ရင် ပြန်ကောင်းနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။

စိုးရိမ်စိတ်လွန်ရောဂါ ဖြစ်ရခြင်း အကြောင်းရင်းက ငယ်စဉ်ဘဝမှာ မိဘတွေဆုံးရှုံးတာနဲ့ မတရားအကျင့်ခံရတာ၊ မျိုးရိုးလိုက်တာ၊ အသက်ကြီးလာချိန် ထိခိုက်ဒဏ်ရာရတာနဲ့ ရောဂါအမျိးမျိုးဝင်လာတာနဲ့ အဲ့ဒီရောဂါတွေအတွက် ဆေးတွေသောက်ရလို့ ဖြစ်တတ်ပါတယ်။ အသက်ကြီးချိန် ဖြစ်လွယ်လာတဲ့ ခြေလက်အပါအဝင် အရိုးတွေကျိုးပြီး ခွဲစိတ်ရတာမျိုးအပြင်၊ ဝင်လာတတ်တဲ့ ရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါကဲ့သို့ အသက်ရှုလမ်းကြောင်းရောဂါ၊ လည်ပင်းအကြိတ် ဟော်မုန်းအပြောင်းအလဲတွေနဲ့ အာရုံကြောရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အခုလိုဖြစ်လာတဲ့ ရောဂါမျိုးစုံအတွက် ဆေးတွေ ရေရှည်သောက်ရတာကနေ ဆေးခဏ ဖြတ်ထားချိန်မှာလည်း သက်ကြီးစိုးရိမ်လွန်ရောဂါ ဖြစ်လာနိုင်ပါတယ်။

ဒီရောဂါ ကာကွယ်ရေးမှာ ငယ်စဉ်ဘဝ စိတ်ဒဏ်ရာတွေနဲ့ မျိုးရိုးလိုက်တာအတွက် ကာကွယ်ရခက်ပေမယ့်၊ အသက်ကြီးလာချိန် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရတာနဲ့ ရောဂါမျိုးစုံဝင်လာပြီး တွဲဖြစ်လာတာအတွက်တော့ ထိခိုက်ဒဏ်ရာတွေ မရအောင်နဲ့ ရောဂါတွေ ဝင်မလာစေအောင် ကာကွယ်ပေးခြင်းဖြင့် သက်ကြီးစိုးရိမ်စိတ်လွန်ရောဂါကို ကာကွယ်နိုင်ပါတယ်။ အခုလို ကာကွယ်ရာမှာ မိသားစုက ဂရုစိုက်ပေးတာနဲ့ ရောဂါဖြစ်လာရင်လည်း အမြန်ဆုံး ကုသပေးတာတွေက အရေးကြီးပါတယ်။

စိုးရိမ်စိတ်လွန်ရာဂါ ဖြစ်လာခဲ့ရင်လဲ စောစောသိ၊ စောစောကုသနိုင်အောင် စောင့်ကြည့်သင့်တဲ့ လက္ခဏာတွေကတော့ ရောဂါတွေ၊ စီးပွားရေး ပြဿနာတွေ၊ အမှုအခင်းနဲ့ မိသားစု အရေးပြဿနာတွေကို ကြိုတွေးပူနေတာ၊ အိပ်မရတာ၊ အိပ်မရတာကြောင့် ရှိပြီးသားရောဂါတွေ ပိုဆိုးလာပြီး အိပ်မရဘဲ ပိုပြီးစိုးရိမ်လာတာ၊ ရင်တုန်တာ၊ ချွေးပြန်တာ၊ မောတာ စတာတွေ ဖြစ်ပါတယ်။ ဒီရောဂါလက္ခဏာတွေ ပြလာရင် အမြန်ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ဆရာဝန်တွေနဲ့ အမြန်ဆုံး ပြသင့်ပါတယ်။

ပြုစုကုသမှုနဲ့ ပတ်သက်ပြီး စိတ်ကုထုံး၊ အပြုအမူကုထုံးများအပြင် ပထမအဆင့်မှာ တရားထိုင်တာမျိုး အသက်ရှုလေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် စိတ်ကို တည်ငြိမ်အောင် ဖြေလျှော့နိုင်ပြီး အများစု ပြန်ကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ အခုလို တရားထိုင်တာနဲ့ မသက်သာရင်တော့ စိတ်ကျန်းမာရေးဆိုင်ရာ ဆေးတွေ စနစ်တကျ စားသုံးပေးရပါတယ်။ အထူးသဖြင့် အိပ်ဆေးပေးရာမှာ မျှတအောင်၊ မလွန်ကဲအောင် သတိထားပေးသင့်ပါတယ်။ အခုလို ဆေးသောက်တာနဲ့အတူ တရားထိုင်တာပါ တွဲလုပ်ပေးသင့်ပါတယ်။ မိသားစုအနေဖြင့်လည်း အချိန်မှန် ဆရာဝန်ပြန်ပြပေးတာနဲ့ ဆေးတွေစနစ်တကျ တိုက်ပေးတာတွေအပြင်၊ မဖျားအောင်နဲ့ လူနာ စိုးရိမ်စိတ် သက်သာအောင်၊ စိတ်လုံခြုံမှုရနိုင်အောင် စိတ်ရှည်ရှည်ထားပြီး အားပေးဖေးမ ၊ပံ့ပိုးပေးဖို့ အထူးအရေးကြီးပါတယ်။ အခုလို ပြုစုကုသမှုတွေကို စောစောနဲ့ ဘက်စုံလုပ်ပေးနိုင်ရင် လူနာအခြေအနေ အမြန်ဆုံး ပြန်ကောင်းလာနိုင်ပါတယ်။

ဒီရောဂါအကြောင်းဆိုင်ရာ ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က တပ်မတော်ဆေးတက္ကသိုလ် စိတ်ကျန်းမာရေး၊ ပညာပေးဌာန၊ ပါမောက္ခဌာနမှူး နဲ့ ဦးနှောက်အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာရောဂါ အထူးကု ဒေါက်တာဉာဏ်ဝင်းကျော် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG