သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားကစားလုပ်ရာမှာ ရောဂါအခံရှိသူတွေ သတိပြုရန်


တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ ရောဂါအခံရှိထားသူတွေ အားကစား ပြင်းပြင်းထန်ထန်လုပ်မိလို့ သေဆုံးမှုအပါအဝင် ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ နှလုံးရောဂါ၊ ဆီးချို နဲ့ သွေးတိုးရောဂါရှိသူတွေမှာ ချွေးအများကြီးထွက်တဲ့ အဆင့်အထိ ပြင်းထန်တဲ့ အားကစားတွေ မလုပ်သင့်ပါဘူး။ အကြောင်းက အမောဆို့ပြီး သေဆုံးမှု ဖြစ်နိုင်တာကြောင့်ပါ။ အခုလို မဖြစ်ရအောင် အသက်အလိုက် အားကစားလုပ်နိုင်တဲ့ အမြင်ဆုံး သွေးခုန်နှုန်း သတ်မှတ်ထားချက်ရှိပါတယ်။ ဒီ အမြင့်ဆုံး သွေးခုန်နှုန်းကိုရဖို့ မိမိ အသက်ကို (၂၂၀) ကနေ နှုတ်ယူပြီး ရလာတာရဲ့ (၇၀%) ကို တွက်ယူရပါတယ်။ ဒီနှုန်းထက်မြင့်သွားရင်တော့ အမောဆို့ပြီး၊ အချိန်မီ မကုနိုင်ရင် သေဆုံးသွားနိုင်ပါတယ်။

ဒီလို ရောဂါရှိထားသူတွေအနေနဲ့ ပြင်းထန်တဲ့ အားကစားမျိုးမဟုတ်တဲ့ သာမန် ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဥပမာ ယောဂကျင့်စဉ် (ခေါ်) ဖြည်းဖြည်ချင်း ထိန်းလှုပ်ရှားတဲ့ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်တာ (ခြေထောက် အဆစ်အမြစ်နာရောဂါ ရှိသူမှအပ)၊ ထိုင်ပြီး စပရိန်ဆွဲတာ၊ အိပ်ပြီး ခြေထောက်လှုပ်တဲ့ လေ့ကျင့်ခန်းလုပ်တာ၊ ဝမ်းလျားမှောက်ပြီး တတောင်နဲ့ လှုပ်ရှားရတဲ့ လေ့ကျင်ခန်းလုပ်တာ၊ ခါးတစ်ဖက်စီလှည့်ပြီး ကိုယ်လက်လှုပ်ရှားတာ (ခါးနာနေသူမှအပ) စတဲ့ မပြင်းထန်တဲ့ အားကစားတွေ လုပ်နိုင်ပါတယ်။ ခြေထောက် အဆစ်အမြစ်နာရောဂါ ရှိသူတွေအနေနဲ့လည်း ဘားတန်းဆွဲတာ၊ ရေကူးတာနဲ့ ပက်လက်လဲပြီး လုပ်နိုင်တဲ့ အားကစားတွေ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ မကြာခင်က နှလုံးသွေးကြောပိတ် ရောဂါရှိထားသူတွေ အနေနဲ့တော့ ကာလတစ်ခုအပြီး ပြန်လမ်းလျှောက်နိုင်ချိန်မှာတောင် ဖြေးဖြေးနဲ့ စစချင်းနေ့မှာ နည်းနည်းပါးပါး လျှောက်ပြီး (ဥပမာ - ပထမနေ့ ဆယ်မိနစ်) နောက်ပိုင်းမှ တဖြည်းဖြည်း တိုးသွားသင့်ပါတယ် (ဥပမာ - ဒုတိယနေ့ ၁၅ မိနစ်)။ ဒါ့အပြင် အားကစား စမလုပ်ခင်မှာ (၅) မိနစ် (၁၀) မိနစ်လောက် သွေးပူလေ့ကျင့်ခန်း အရင်လုပ်ပေးသင့်ပါတယ်။

ဒါ့အပြင် အားကစား လုံးဝ မလုပ်သင့်တဲ့ ရောဂါ အခြေအနေတွေလည်း ရှိပါတယ်။ ဥပမာ နှလုံးသွေးကြောပိတ်ရောဂါ မကြာခင်က ဖြစ်ထားသူတွေ၊ ပန်းနာရင်ကြပ်ရောဂါ ထနေချိန်၊ ဖျားနာနေချိန်နဲ့ ကင်ဆာဆေးတွေ သောက်သုံးနေရချိန်တွေ ဖြစ်ပါတယ်။ ဒူးနာနေသူ၊ ခါးရိုးကျိုးထားသူတွေလည်း အားကစား မလုပ်သင့်ပါဘူး။

အခု နောက်ပိုင်း Gym လို့ခေါ်တဲ့ အခန်းတွင်းမှာ အားကစား အထောက်အကူပစ္စည်းတွေနဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်တဲ့ နေရာတွေသွားတာ ခေတ်စားလာရာမှာ Track Mill (ခေါ်) စက်နဲ့ပြေးတာတွေ အဓိက ပါဝင်လာတာအတွက် ခန္တာကိုယ် ဟန်ချက်ထိန်းရခက်ပြီး မူးတတ်သူတွေ ဒီစက်ပေါ် မပြေးသင့်ပါဘူး။ အရိုးပွနေသူတွေလဲ ချော်လဲရင် အလွယ်တကူ အရိုးကျိုးနိုင်တာမို့ ရှောင်ကျဉ်သင့်ပါတယ်။ ဒီစက်ပေါ်ပြေးနိုင်သူတွေလဲ သတိလွတ်သွားနိုင်တဲ့ ပြေးနေရင်း ဖုန်းပြောတာ၊ TV ကြည့်တာတွေ ရှောင်ကျဉ်သင့်ပါတယ်။ ဒါ့အပြင် ဒီ Gym အခန်းတွေဟာ ပြင်ပကွင်းပြင်မှာလို လေအလုံအလောက် မရရှိဘဲ အမောဆို့လွယ်နိုင်တာကြောင့် အပြင်မှာ အားကစားလုပ်သလောက် ပြင်းပြင်းထန်ထန် မောလွန်းတဲ့အထိ မလုပ်တာ ကောင်းပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းက ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG