သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံနှုတ်ဆက်


သမ္မတဦးထင်ကျော် အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံနှုတ်ဆက်
သမ္မတဦးထင်ကျော် အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံနှုတ်ဆက်

မြန်မာသမ္မတ ဦးထင်ကျော်ရဲ့ ၄ ရက်ကြာ နိုင်ငံတော် ခရီးစဉ်အတွင်း ဒီကနေ့မှာတော့ အိန္ဒိယအစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ နယူးဒေလီမြို့တော်မှာ တွေ့ဆုံပြီး ၂ နိုင်ငံကြား လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေအတွက် သဘောတူညီချက် ရရှိခဲ့ကြပါတယ်။

“ ပြည်သူလူထုလုံခြုံရေးနဲ့ ဒေသတွင်းမှာ အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုတွေနဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေလို၊ ၂ နိုင်ငံစလုံး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်တိုက်ဖျက်သွားဖို့ သမ္မတဦးထင်ကျော်နဲ့ သဘောတူညီမှု ရခဲ့တဲ့အကြောင်း” နယူးဒေလီမြို့မှာ သမ္မတဦးထင်ကျော်နဲ့ တွေ့ဆုံအပြီး ပြုလုပ်ခဲ့တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အင်အားပြင်း ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့တဲ့ ပုဂံဒေသကို ပြန်လည် တည်ဆောင်ရေးမှာ အကူအညီပေးဖို့လည်း အိန္ဒိယနိုင်ငံက ကတိပြုခဲ့ပါတယ်။ သမ္မတ ဦးထင်ကျော်ကတော့ လမ်းတံတား မွမ်းမံဆောက်လုပ်ရေး၊ စွမ်းအင်နဲ့ ဆေးဖက်ဆိုင်ရာ လုပ်ငန်းတွေ အပါအဝင် ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ၄ ခုကို သဘောတူနိုင်ခဲ့တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

သမ္မတတာဝန်ယူပြီးနောက် ပထမဆုံး အကြိမ်အဖြစ် အိန္ဒိယနိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ သမ္မတ ဦးထင်ကျော် ကိုတော့ အိန္ဒိယသမ္မတ Pranab Mukherjee က နယူးဒေလီ မြို့တော်က သမ္မတနန်းတော်မှာ ဒီကနေ့ပဲ အခမ်းအနားနဲ့ ကြိုဆိုခဲ့တာပါ။ ၄ ရက်ကြာ ခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ သမ္မတဦးထင်ကျော်နဲ့ ဇနီးတို့ဟာ ဒီကနေ့မှာပဲ နယူးဒေလီမြို့မှာရှိတဲ့ မဟတ္တမဂန္ဒီ အထိမ်းအမှတ် ဂူဗိမ္မာန်ကိုလည်း သွားရောက်ဂါရဝပြုခဲ့ပါတယ်။

ခရီးစဉ်အစ စနေနေ့မှာတုန်းကတော့ သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဖြစ်သူ ဒေါ်စုစုလွင်တို့ဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်းက ဗုဒ္ဓဂယာကို သွားရောက်ခဲ့သလို၊ တနင်္ဂနွေနေ့မှာတော့ အိန္ဒိယနိုင်ငံမြောက်ပိုင်း Agra မြို့က ကမ္ဘာကျော် တပ်ဂျ်မဟာ အဆောက်အအုံကိုလည်း သွားရောက်လည်ပတ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG