သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု မထောက်ပံ့ဟု အီရန်အစိုးရ ငြင်းဆို


အီရန်နိုင်ငံ မြေပုံ
အီရန်နိုင်ငံ မြေပုံ

အီရန်နိုင်ငံဟာ အစိုးရကနေ အကြမ်းဖက်မှုကို အားပေးတဲ့ ကမ္ဘာ့ဦးဆောင် နိုင်ငံ တခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ နှစ်စဉ်ထုတ်ပြန်နေကြ အစီရင်ခံစာမှာ သတ်မှတ်ဖော်ပြလိုက်တာကို အရင်နှစ်တွေက အတိုင်းဘဲ အီရန်နိုင်ငံက ရှုတ်ချလိုက်ပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရတဦးကတော့ အမေရိကန်တို့ရဲ့ မဟာမိတ် ဆော်ဒီအာရေးဗျ နိုင်ငံကသာ အကြမ်းဖက် လှုပ်ရှားမှုတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ တကယ့် ဦးဆောင် နိုင်ငံ ဖြစ်တယ်လို့ ပြစ်တင် ပြောဆိုလိုက်ပြီး ဆော်ဒီအာရေးဗျနဲ့ တခြား မဟာမိတ်တွေက နိုင်ငံရေး အရရော ငွေကြေးအရပါ ထောက်ပံ့ပေးနေတာကိုတော့ အမေရိကန် အစိုးရက မျက်ကွယ်ပြုထားတယ်လို့ လည်း ပြောဆိုသွားပါတယ်။

ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်တွေက အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ -Daesh တွေနဲ့ တခြား အကြမ်းဖက် အဖွဲ့တွေကို နည်းမျိုးစုံနဲ့ ထောက်ပံ့ပေးနေတဲ့ အချိန်မှာ အစ္စလာမ္မစ် သမ္မတ အီရန်နိုင်ငံကတော့ အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွင်း အကြမ်းဖက်ဝါဒီ တိုက်ဖျက်ရေးကို ထိပ်တန်းက ဆောင်ရွက်နေတာလို့ ဟူစိန် ဂျဘား အန်စရီ ရဲ့ ပြောဆိုချက်ကို အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ထုတ်လွှင့်သွားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်နေကြ အစီရင်ခံစာကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပြီး ဒီအစီရင်ခံစာထဲမှာတော့ အီရန်တို့ဟာ ပြီးခဲ့တဲ့နှစ် အတွင်း ဂါဇာ က ပါလက်စတိုင်း စစ်သွေးကြွတွေကို အထောက်အပံ့တွေ တိုးမြှင့်ပေးခဲ့ပြီး ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆဒ် အစိုးရကို အားဖြည့်နေတဲ့ ဟစ်ဇဘိုလာ တိုက်ခိုက်ရေး သမားတွေကို ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားတာပါ။

ဒီအဖွဲ့တွေကို ထောက်ပံ့ပေးတာတွေ အပြင် အီရန် အစိုးရဟာ ဟာမတ်ဇ် အဖွဲ့လို အစ္စရေးလ် ဆန့်ကျင်ရေး စစ်သွေးကြွတွေကို လက်နက်၊ ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အီရန်ဘက်ကတော့ ပါလက်စတိုင်း စစ်သွေးကြွတွေကို ထောက်ပံ့ပေးနေတာတွေကို ခုခံ ပြောဆိုပြီး ဒီလူတွေ အနေနဲ့ အစ္စရေးလ် တို့ ဝင်ရောက် အခြေချမှုတွေကို ခုခံပိုင်ခွင့် ရှိတယ်လို့ ပြောဆိုနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG