သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ရှောင်ဒုက္ခသည်တွေ မိုးမကျမီ အကူအညီ အရေးကြီးလိုအပ်


ကေအိုင်အို ထိန်းချုပ်နယ်မြေထဲက ဇိုင်းအောင်စစ်ဘေးရှောင်စခန်းကနေ အစိုးရထိန်းချုပ်နယ်မြေ ဝိုင်းမော်စစ်ဘေးရှောင်စခန်းက စစ်ပြေးဒုက္ခသည်တွေအတွက် နေထိုင်စရာအခက်အခဲဖြစ်နေပြီး အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီစခန်းထဲတင်မက စစ်ရေးတင်းမာနေဆဲ ကချင်ပြည်နယ်ထဲမှာ KIO ထိန်းချုပ်နယ်မြေထဲက ရော အစိုးရထိန်းချုပ်ထားတဲ့ နယ်မြေထဲကရော သိန်းချီတဲ့ စစ်ပြေးဒုက္ခသည် အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံစောင့်ရှောက်မှုတွေ အရေးတကြီးလိုအပ်နေလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်ကရော ကချင်ပြည်နယ်အစိုးရကပါ အလေးအနက်ထား ဆောင်ရွက်ပေးဖို့ဒုက္ခသည်အရေး ဆောင်ရွက်ပေးနေသူတွေကတိုက်တွန်းပြောဆိုလိုက်ပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

အစိုးရထိန်းချုပ်နယ်မြေအတွင်းက မဟုတ်တဲ့ ဇိုင်အောင်စစ်ဘေးရှောင်စခန်းကနေ ဝိုင်းမော်မြို့နယ်ထဲက ဝိုင်းမော် လော်ဝေါ်ဇုန်နယ် စစ်ဘေးရှောင်စခန်းကို ပြောင်းရွှေ့လာတဲ့ ကလေးငယ် အယောက်၄၀ ပါဝင်တဲ့ ဒုက္ခသည် ၁၀၀ကျော်အတွက် မိုးကာတဲတွေနဲ့ပဲ ယာယီနေထိုင်နေရလို့ မိုးရွာတဲ့အခါ နေထိုင်စရာ အခက်အခဲအရမ်းဖြစ်နေပြီး ကျန်းမာရေးထိခိုက်မှုတွေဖြစ်လာနေတယ် ဝိုင်းမော်လော်ဝေါ်ဇုန်နယ် စစ်ဘေးရှောင်စခန်းကော်မတီဝင်က ပြောဆိုထားတာကို ပြန်ကြားရေးဝန်ကြီးဌာန MOI က ဒီကနေ့ သတင်းထုတ်ပြန်လိုက်တာပါ။ သက်ကြီးရွယ်အိုတွေ နေထိုင်မကောင်းဖြစ်နေကြတဲ့အပြင် ကလေးငယ်တွေလည်း ဝမ်းရောဂါဖြစ်နေကြတဲ့ အတွက် သူတို့ကိုထားဖို့ ကျန်းမာရေးညီညွတ်စေတဲ့ အဆောက်အဦးတွေစီစဉ်ပေးဖို့ စခန်းကို လာကြည့်တဲ့ တာဝန်ရှိသူတွေကို တင်ပြပေမယ့် ယနေ့အချိန်အထိ ကူညီဆောင်ရွက်မှုတော့မရှိဘူးလို့ သတင်းထုတ်ပြန်ချက်ထဲပါရှိတာပါ။

ဒီဝိုင်းမော်စခန်းတင်မကပဲ စစ်ရေးတင်းမာနေဆဲ ကချင်ပြည်နယ်ထဲက သိန်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေအားလုံးအတွက်စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြေခံစောင့်ရှောက်မှုတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ရဲ့အတွင်းရေးမှူး ဦးလဘမ်ဂမ်အောင်က ပြောပါတယ်။

“ကချင်ထိန်းချုပ်နယ်မြေထဲမှာရော ဒီဘက်မှာဒီ ဝိုင်းမော်တွေမှာပေါ့နော် အစိုးရ ထိန်းချုပ်နယ်မြေတွေမှာ အဓိကတော့ နဂိုက IDP တွေစာရင်းအရ မဟုတ်တော့ပဲ များလာတာတွေရှိတယ် အဓိကတော့ စားဝတ်နေရေး ၊ အစားအသောက်တွေ ကျန်းမာရေး ကဏ္ဍနဲ့ ပတ်သက်တာရယ် လူသားချင်းစာနာထောက်ထားမှု အဲဒါတွေက အဓိက အခုမိုးတွင်းဆိုရင်လည်း မိုးတွင်းနဲ့ ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေပေ့ါနော် ဒါတွေက အဓိကဖြစ်နေတယ်၊ ကူညီပံ့ပိုးမှု လိုအပ်နေတယ်ပေါ့နော်။ အဓိကတော့ ကချင်ပြည်နယ်အစိုးရအနေနဲ့ သူတို့ IDP တွေနေထိုင်တဲ့ ကျပ်တည်းနေတဲ့ အဆောက်အအုံတွေပေါ့နော် အဲဒါလိုအပ်မှုတွေဖြစ်နေတယ် ။နောက်တချက်ကတော့ ရေနဲ့ ပတ်သက်တာတွေပေါ့ မိုးတွင်းဆိုရင်ပိုဆိုးလာမယ်။ အဲဒါကြောင့် ကချင်ပြည်နယ်အစိုးရအနေနဲ့ စားဝတ်နေရေးတွေ အတွက်ကူညီပံ့ပိုးနိုင်မယ်ဆိုရင်တော့ IDP တွေအတွက် အင်မတန်လိုအပ်တဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျနေ်ာတို့အနေနဲ့ မျှော်လင့်တယ်လေ။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ခရီးစဉ်အတွင်း ဝိုင်းမော်စစ်ပြေးစစ်ရှောင်ဒုက္ခသည်စခန်းကို သွားရောက်လေ့လာခဲ့ပြီး အခုလိုစစ်ပြေးဒုက္ခသည်တွေ ဒုက္ခရောက်နေရတာဟာ ဒေသတွင်း ငြိမ်းချမ်းရေးမရှိတာကြောင့်လို့ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း အခုလိုငြိမ်းချမ်းရေးမရနိုင်သေးတဲ့အချိန်မှာလည်း ဒုက္ခသည်အရေးကို ပြည်ထောင်စုအစိုးရကရော ကချင်ပြည်နယ် အစိုးရကရော အလေးထား လုပ်ဆောင်ပေးသင့်တယ်လို့လည်း ကချင်သတင်းစဉ် အယ်ဒီတာကိုနော်ဒင်းက သုံးသပ်ပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ဝိုင်းမော်မြို့နယ် ဒုက္ခသည်စခန်းကိုလည်း ရောက်သွားပါတယ်။ အဲဒီအချိန်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့ကတော့ ဒုက္ခသည်တွေကို နိုင်ငံတော်အစိုးရအနေနဲ့ လိုအပ်မှုတွေကို မကူညီနိုင်တဲ့ အကြောင်းအရင်းတွေရှိတယ်၊ အဲဒါအဓိကအကြောင်းအရင်းကတော့ ကျနော်တို့ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးမရှိလို့ အဓိကတော့ ပြောချင်တာကတော့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ NCA ကိုလက်မှတ်မထိုးလို့ ဖြစ်တယ်ဆိုပြီးမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကလည်း ဝန်ခံပြီးမှ ပြောသွားတာမျိုးတွေရှိခဲ့ပါတယ်။ ဇိုင်းအောင်ကတော့ တကယ်ပဲ အကြီးအကျယ် တိုက်ပွဲဖြစ်တဲ့နေရာဖြစ်တယ်၊ နယ်စပ်မှာရှိတဲ့ တရုတ်တွေကလည်း သူတို့ကို မောင်းထုတ်တယ်။ တရုတ်ပြည်ဘက်ကလည်း သူတို့ကို ပေးဝင်လို့မရတော့ တချို့က ဝိုင်းမော်မြို့နယ်ဘက်ကို ထွက်ပြေးလာတယ်၊ သူတို့ကိုလည်း ဘာမှ အစိုးရဘက်က ကူညီမှုတွေ နိုင်ငံတကာ ကူညီတာတွေ အဖွဲ့အစည်းတွေကလည်း အကူအညီတွေက လျှော့ဖို့ပဲဖြစ်နေတဲ့အခြေအနေတွေဖြစ်တယ်။ ဒါကြောင့်လောလောဆယ်မှာတော့ သူတို့အခြေအနေကတော့ စားဝတ်နေရေးကအစ နေဖို့ကအစ အစစအရာရာအားလုံးကတော့ တကယ့်ကို အကြီးအကျယ် ဒုက္ခကြုံတွေ့နေရတဲ့ အခြေအနေဖြစ်ပါတယ်လို့ အဲဒါကြောင့် အဓိကတော့ အစိုးရမှာ တာဝန်ရှိတာကတော့ အစိုးရမှာ ပိတ်ပင်တားဆီးမှု ကန့်သက်မှုတွေကြောင့် ကချင်ဒုက္ခသည်တွေက အဓိက ဒုက္ခကြုံတွေ့နေရတာဖြစ်တယ်ဆိုတာကို သုံးသပ်လို့ရပါတယ်။”

ကချင်ပြည်နယ်တွင်းက စစ်ဘေးစစ်ရှောင်စခန်းတွေထဲက ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ဆေးဝါးနဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးတကြီးလိုအပ်နေသလို ဒုက္ခသည်ကလေးငယ်တွေအတွက် ပညာရေးလည်း အခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူ ဦးလဘမ်ဂမ်အောင်ကပြောပါတယ်။

“ကလေးတွေရဲ့ ကျောင်းကိစ္စနဲ့ မိုးကာက အစ ဒါတွေကတော့တကယ်လိုအပ်နေတဲ့ အသုံးအဆောင်ပစ္စည်းတွေပေါ့နော် ဒါတွေက အဓိက ဖြစ်နေတယ်။ ကူညီပံ့ပိုးဖို့ လိုအပ်နေတယ်ပေါ့နော်။”

ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ မြန်မာတပ်တို့ကြား စစ်ရေးတင်းမာမှုတွေ နှစ်ချီကြာမြင့်လာပြီဖြစ်တဲ့ ကချင်ပြည်နယ်တွင်းမှာ ကချင်စစ်ဘေးစစ်ရှောင်ဒုက္ခသည်က သိန်းချီရှိနေတာပါ။ လတ်တလောမှာတော့ လုံခြုံရေး အကြောင်းပြချက်နဲ့ နိုင်ငံတကာအကူညီတွေပေးပို့တာ ကန့်သတ်ခံထားရသလို ပြည်တွင်းအလှူတွေလည်း ပေးပို့ဖို့ အခက်အခဲဖြစ်နေတာကြောင့် ဒုက္ခသည်စခန်းတွေထဲကဒုက္ခသည်တွေ အတော်ဆိုးဝါးတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည် ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG