သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Nam လုပ်ကြံမှု သံသယနဲ့ ဖမ်းထားသူ မြောက်ကိုရီးယားကို နေရပ်ပြန်ပို့မည်


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ဖအေတူ၊ မအေကွဲ အကိုဖြစ်သူ ပြီးခဲ့တဲ့လထဲ သေဆုံးမှုနဲ့ ဆက်နွယ်ပြီး၊ သံသယရှိသူအဖြစ် ထိန်းသိမ်း ထားတဲ့ မြောက်ကိုရီးယားနိုင်ငံသား တဦးကို မလေးရှား အာဏာပိုင်တွေက နေရပ်ပြန်ပို့ဖို့ စီစဉ်နေပါတယ်။

မလေးရှားနိုင်ငံ Kuala Lumpur လေဆိပ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က Kim Jong Nam သေဆုံးခဲ့ပြီးနောက်၊ အသက် ၄၅ နှစ်အရွယ် မြောက်ကိုရီးယား နိုင်ငံသား Ri Jon Chol ကို သီတင်း ၂ ပတ်နီးပါးကြာ ထိန်းသိမ်းထားတာပါ။

တရားစွဲဆို အရေးမယူပဲ ထိန်းသိမ်းထားနိုင်တဲ့ အချိန်ကာလ သိပ်မကျန်တော့သလို၊ တရားစွဲနိုင်လောက်တဲ့ အထောက်အထား ခိုင်ခိုင်လုံလုံလည်း မရှိတဲ့အတွက် နေရပ်ပြန်ပို့ ရမှာ ဖြစ်ကြောင်း မလေးရှား ရှေ့နေချုပ် Mohamed Apandi Ali က ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။ အမှုမှာ အဓိကသံသယရှိသူ ၂ ဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှားနိုင်ငံသူ Siti Aisyah နဲ့ ဗီယက်နမ်နိုင်ငံက အသက် ၂၈ နှစ်အရွယ် Doan Thi Huong တို့ ၂ ဦး ကိုတော့ မနေ့ကပဲ လူသတ်မှုနဲ့ စွဲချက်တင်ခဲ့တာပါ။

သူတို့ ၂ ဦးစလုံးကတော့ ဟာသရုပ်မြင်သံကြား အစီအစဉ်တခုမှာ သရုပ်ဆောင်ခဲ့ရတာလို့ ယုံကြည်ထားပြီး၊ အပြစ်မရှိကြောင်း လည်း ပြောဆိုထားကြပါတယ်။ လူသတ်မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့မယ် ဆိုရင်တော့ အမြင့်ဆုံး သေဒဏ်အထိ ကျခံရနိုင်ပါတယ်။ သူတို့ ၂ ယောက်ဟာ လေဆိပ်လုံခြုံရေး ဗွီဒီယိုမှတ်တမ်းတွေမှာ သေဆုံး သူ Kim Jong Nam ရဲ့ မျက်နှာပေါ်ကို အဝတ်တခုနဲ့အုပ်ပြီး လေဆိပ်ကနေ ထွက်ခွာသွားတဲ့ အမျိုးသမီး ၂ ဦး ဖြစ်ကြောင်း စွပ်စွဲခံထားရတာပါ။

ဒီနောက် မိနစ် ၂၀ လောက်အကြာမှာပဲ Kim Jong Nam သေဆုံးခဲ့ပြီး၊ မလေးရှား အာဏာပိုင်တွေကတော့ သူဟာ အာရုံကြော ထိခိုက်စေတဲ့ VX ဓာတုအဆိပ်ကြောင့် သေဆုံးခဲ့တာလို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG