သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို ကုလအဖွ့ဲဝင်အဖြစ် ဆိုင်းငံ့ဖို့ တောင်ကိုရီးယားတိုက်တွန်း


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ဖအေတူ မအေကွဲ အကိုဖြစ်သူ Kim Jong Nam ကို လုပ်ကြံရာမှာ ဓာတုလက်နက် အသုံးပြုခဲ့မှုအတွက် မြောက်ကိုရီးယားကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအဖြစ်က ဆိုင်းငံ့ဖို့ တောင်ကိုရီးယားက တိုက်တွန်းခဲ့အပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကိစ္စနဲ့ ပတ်သက်လို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က မလေးရှာနိုင်ငံ ကွာလာလမ်ပူမြို့တော် လေဆိပ်မှာ လုံခြုံရေး ကင်မရာတွေရဲ့ ရိုက်ကူးထားချက်အရ အမျိုးသမီး ၂ ဦးဟာ VX အာရုံကြောထိခိုက်စေတဲ့ အဆိပ်ဓါတုပစ္စည်းကို Kim Jong Nam ရဲ့ မျက်နှာမှာ သုတ်လိမ်းခဲ့ကြောင်း မလေးရှားရဲက ပြောခဲ့ပါတယ်။ VX အဆိပ် ဓာတုပစ္စည်းဟာ လူအမြောက်အများ သေစေနိုင်တဲ့ပစ္စည်းအဖြစ် ကုလသမဂ္ဂက ပိတ်ပင်ထားတဲ့ ဓာတုပစ္စည်များ စာရင်းမှာ ပါဝင်တာ ဖြစ်ပါတယ်။

အခုလို Kim Jong Nam လုပ်ကြံခံရခြင်းဟာ မြောက်ကိုရီးယားအစိုးရက စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရ အရာရှိတွေက ယူဆထားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂါနေ့က ဂျနီဗာမှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လက်နက်များ ဖျက်သိမ်းရေး ညီလာခံမှာ တောင်ကိုရီးယား နိုင်ငံခြားရေး Yun Byung-se က အခုလို မြောက်ကိုရီးယားရဲ့ ဓာတုလက်နက် အသုံးပြုခြင်းကို မြောက်ကိုရီးယားကို ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ခြင်း အပါအဝင် နိုင်ငံတကာက တုံ့ပြန် အရေးယူသင့်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အုပ်စုအားလုံးတို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့၊ ဒေသအတွင်း တင်းမာမှုများ မကြီးမားစေဖို့ တိုက်တွန်းခဲ့ပါတယ်။ အခုလို မြောက်ကိုရီးယားကို အရေးယူနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အထွေထွေ ညီလာခံကြီးကို အဆိုပြု တင်သွင်းနိုင်ပေမယ့် အဖွဲ့ဝင် ၁၉၃ နိုင်ငံတို့ရဲ့ အတည်ပြုမှု ၃ ပုံ ၂ ပုံ လိုအပ်တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း လုပ်ကြံမှုမှာ ပါဝင်တဲ့ အင်ဒိုနီးရှားနဲ့ ဗီယက်နမ် နိုင်ငံသူ အမျိုးသမီး ၂ ဦးတို့ကို မလေးရှားရဲက လူသတ်မှုနဲ့ ဗုဒ္ဓဟူးနေ့က ရုံးတင် စစ်ဆေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG