သုံးရလွယ်ကူစေသည့် Link များ

စစ်တွေရောက် ကိုဖီအာနန်ကို ဒေသခံတွေ ဆန္ဒပြ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ စစ်တွေလေဆိပ်ကို ဆိုက်ရောက်လာစဉ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၆)- သတင်းဓာတ်ပုံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် FB။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ စစ်တွေလေဆိပ်ကို ဆိုက်ရောက်လာစဉ်။ (ဒီဇင်ဘာ ၂၊ ၂၀၁၆)- သတင်းဓာတ်ပုံ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် FB။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ဟာ ဒီကနေ့မှာပဲ ရခိုင်ပြည်နယ် စစ်တွေမြို့ကို သွားရောက်ပြီး ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကော်မရှင်အဖွဲ့ စစ်တွေလေဆိပ်ကို ရောက်ရှိချိန်မှာ ဒေသခံတချို့ရဲ့ ဆန္ဒပြမှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ရခိုင်ပြည်တွင်းက ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေအပါအဝင် ဒေသတွင်း အခြေအနေတွေကို ကွင်းဆင်းလေ့လာဖို့အတွက် မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက်ပိုင်းမှာ စစ်တွေမြို့ကို ရောက်ရှိခဲ့ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ဟာ ပြည်နယ် အစိုးရတာဝန်ရှိသူတွေအပါအဝင် ရခိုင်ဒေသခံ တစ်ချို့နဲ့ပါ တွေ့ဆုံခဲ့တယ် လို့ ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

" ၁၀နာရီလောက်မှာ ဝန်ကြီးချုပ်နဲ့ ကက်ဘိနက်နဲ့တွေ့တာပေါ့နော်။ ဒီမှာရှိတဲ့ ရခိုင်လူငယ်တွေရော၊ လူလတ်တွေရောပေါ့၊ CSO တွေရောပေါ့။ ရခိုင်အမျိုးသမီး ဘက်က (၄)ယောက်၊ မူဆလင်အမျိုးသမီးဘက်က (၄)ယောက်ပေါ့။ ကျနော်တို့ ကော်မရှင် မှာ ပါတဲ့ အမျိုးသမီးများက အခုဆွေးနွေးနေပါတယ်ခင်ဗျာ။"

ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့တဲ့အခါမှာတော့ ရခိုင်ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်တွေအပါအဝင် နှစ်ဖက် အသိုင်းအဝိုင်းကြား လိုအပ်ချက်တွေနဲ့ နိုင်ငံသား စိစစ်ရေး ကိစ္စရပ်တွေနဲ့ ပက်သက်လို့ အစိုးရရဲ့လုပ်ဆောင်ချက်တွေ ကို မေးမြန်းခဲ့တယ်လို့ ဦးအေးလွင်က ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လထဲ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခအခြေအနေနဲ့ ပတ်သတ်လို့လည်း ပြောဆိုခဲ့ကြတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

" ကျနော်တို့ကတော့ အဲ့တာတွေကို စိုးရိမ်တယ်ဆိုတဲ့ အကြောင်း နောက်ပြီး နှစ်ဘက် လူ့အဖွဲ့အစည်းကြားမှာ ဒါ ပိုပြီး ဒီလိုကိစ္စတွေကြောင့် သဟဇာတဖြစ်ရေးအတွက် အခက်အခဲဖြစ်တယ်။ အဲ့ဒီ့လို ပဋိပက္ခတွေရှိနေရင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လုပ်ရတာတွေ ခက်ခဲတယ်ပေါ့နော် အဲ့တာကြောင့်မို့လို့ ငြိမ်းချမ်းစွာ အဖြေရှာဖို့ဆိုတဲ့ဟာကို အစိုးရကို ကျနော်တို့က အကြံပြုမှာဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်မလဲဆိုတဲ့ဟာလေးတွေကို ကျနော်တို့ ရှာဖွေစူးစမ်းနေပါတယ်။"

အောက်တိုဘာလ ၉ ရက်နေ့က ဘူးသိးတောင် မောင်တောဒေသတွေမှာ နယ်ခြားစောင့်တပ်တွေကို အကြမ်းဖက် တိုက်ခိုက်သမားတွေ ဝင်ရောက် တိုက်ခဲ့ရာကနေ အစပြုခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၈၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး၊ အိမ်နိးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ထောင်နဲ့ချီရှိနေတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ် ဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်နေကြတာပါ။ ဒါပေမဲ့လည်း အစိုးရတာဝန်ရှိသူတွေကတော့ ဒီသတင်းတွေနဲ့ ပက်သတ်လို့ အတည်ပြု ပြောကြားထားခြင်း မရှိပါဘူး။ ဒါကြောင့်လည်း ရခိုင်အကြံပေး ကော်မရှင် အဖွဲ့ဟာ မနက်ဖြန် ဒီဇင်ဘာလ ၃ ရက်နေ့မှာတော့ ဒီဒေသတွေကို သွားရောက်လေ့လာမှာ ဖြစ်တယ်လို့ ဦးအေးလွင်က ပြောပါတယ်

" မနက်ကျရင် ၉နာရီလောက် ထွက်မယ်ထင်တယ်။ ဟယ်လီကော်ပတာနဲ့ သွားမှာ။ နှစ်ဘက်လူ့အဖွဲ့အစည်းနဲ့တွေ့မယ်ပေါ့ဗျာ။ သူတို့ပြောတာ နားထောင်မှာပေါ့။ မြေပြင်အခြေအနေလည်း မျက်စိနဲ့ကြည့်နိုင်တာလေးလည်း ကြည့်ရမှာပေါ့။ ဘူးသီးတောင်နဲ့မောင်တော ကမ့်လည်း သွားဖြစ်ပါလိမ့်မယ်။ ကမ့်ဆိုတာကတော့ ဘူးသီးတောင် မောင်တောဘက်မှာတော့ ရခိုင်အမျိုးသားတွေဘက်က ကျေးရွာစွန့်ပြီး တချို့သွားမယ့်သူတွေရှိမယ်လေ။ ဒီဘက်က အစ္စလာမ်ဘာသာဝင်တွေဘက်ကတော့ တချို့လည်း ရွာတွေစွန့်ပြီး ဘေးနားရွာတွေမှာ သွားနေကြတယ်လို့ပြောတယ်လေ။ ဟိုရောက်မှပဲ အခြေအနေ သိရမှာပေါ့။"

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ရခိုင်အကြံပေးကော်မရှင်ကိုနိုင်ငံတကာက တတ်သိပညာရှင်တွေနဲ့ ပြည်တွင်းက ပညာရှင်တွေ ပူးတွဲပြီး သြဂုတ်လ နောက်ပိုင်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းလိုက်တဲ့ ဒီအကြံပေးကော်မရှင်ဟာ နိုင်ငံတကာက လူတွေ ပါဝင်နေတဲ့အတွက် နိုင်ငံရဲ့ အချုပ်အခြာ အာဏာထိပါးစေနိုင်တယ်ဆိုပြီး ကန့်ကွက်မှုတွေလည်း ရှိပါတယ်။

ကိုဖီအာနန်ကို ဆန္ဒပြနေတဲ့ဒေသခံများ။ (စက်တင်ဘာ၊ ၂၀၁၆)
ကိုဖီအာနန်ကို ဆန္ဒပြနေတဲ့ဒေသခံများ။ (စက်တင်ဘာ၊ ၂၀၁၆)

ဒါကြောင့်လည်း မစ္စတာကိုဖီအာနန်နဲ့ အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ စက်တင်ဘာလထဲ ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာခဲ့စဉ်မှာတော့ ဒေသခံ တစ်ချို့က ဒီကော်မရှင် ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြသလို ဒီတစ်ခေါက်မှာလည်း စစ်တွေ လေဆိပ်မှာ ဆန္ဒပြခဲ့ကြတဲ့အကြောင်း ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့စစ်တွေမြို့ရဲ့ ရခိုင်အမျိုးသား ပါတီ အတွင်းရေးမှူး ကိုအောင်သန်းေ၀ ပြောပါတယ်။

" ကျနော်တို့တွေကတော့ မိမိတိုရဲ့ဥပဒေက ပြဌာန်းထားတဲ့အတိုင်းပဲ မိမိတို့ရဲ့ လိုအပ်ချက် ဆန္ဒကို ထုတ်ဖော်တယ်။ ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို အလေးမပြု မျက်ကွယ်မပြုပါနဲ့ ရခိုင်ပြည်နယ် ကော်မရှင် ဖျက်သိမ်းပေးပါ။ ကျနော်တို့ အဲ့လိုပဲ ဆန္ဒထုတ်ဖော်တယ်။"

ရခိုင်ဒေသတွင်း ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သတ်လို့ နောက်ခံ အခြေအနေများနှင့် အဖြစ်မှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးဖို့နဲ့ နောင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးတို့အတွက် ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒီဇင်ဘာလ ၁ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG