သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင်အဖွဲ့ သမ္မတဦးထင်ကျော်နဲ့ တွေ့ဆုံ


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် Mr. Kofi Annan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့်တွေ့ဆုံ (Myanmar President Office)
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် Mr. Kofi Annan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့်တွေ့ဆုံ (Myanmar President Office)

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီကနေ့ နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်အပါအဝင် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အကြံပေး ကော်မရှင်အဖွဲ့အနေနဲ့ ၃ ရက်တာ သွားရောက်လေ့လာခဲ့တဲ့ ရခိုင်ပြည် ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို အကြံပြုဆွေးနွေးခဲ့သလို မနက်ဖြန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ကော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ပါ တွေ့ဆုံဖို့ရှိပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ပဋိပက္ခဖြစ်ပွားရာ ဘူးသီးတောင်နဲ့ မောင်တောမြို့တို့အပါအဝင် ရခိုင်ပြည်နယ်တွင်း ၃ ရက်တာ လေ့လာပြီးတဲ့နောက် ရခိုင်အကြံပေး ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ တနင်္လာနေ့မှာ အစိုးရ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံတော ်သမ္မတ ဦးထင်ကျော် အပါအဝင် ရခိုင်ပြည်နယ် ဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီနဲ့ရော လွတ်တော်အမတ် တစ်ချို့နဲ့ပါ တွေ့ဆုံခဲ့တာပါ။ ဒီကနေ့ ကော်မရှင်အဖွဲ့ရဲ့ ခရီးစဉ်နဲ့ ပတ်သတ်လို့ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးအေးလွင်က အခုလို ပြောပါတယ်။

“မနက်က ကျနော်တို့ ရခိုင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ပါတယ်။ တွေ့ပြီတော့ ၁ နာရီခွဲကျတော့ သမ္မတကြီးနဲ့ တွေ့ပါတယ်။ သမ္မတကြီးနဲ့ကတော့ သံတမန်ဆောင် ဧည့်ခန်းမ မှာတွေ့ပါတယ်။ ကျနော်တို့ ယေဘုယျ ကိစ္စလေးတွေပြောတယ်။ သူ့ဘက်က အားပေးစကားပြောတယ်၊ ကျေးဇူးတင်တယ် ဆိုတာတွေပြောပါတယ်။ သမ္မတကြီးနဲ့ တွေ့ပြီးတော့ ကျနော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှာ ဆပ်ကော်မတီမှာပါတဲ့ ပြည်ထောင်စုဝန်ကြီးအချို့နဲ့ တွေ့တာပေါ့နော်။”

မနက်ဖြန် အင်္ဂါနေ့မှာတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ကော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ပါ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာတော့ သူတို့သွားရောက်ခဲ့တဲ့ ရခိုင်ပြည် ခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို အကြံပြု တင်ပြသွားဖို့ ရှိတယ်လို့ ဦးအေးလွင်က ပြောပါတယ်။

“ကျနော်တို့ကတော့ ကျနော်တို့လုပ်နေတဲ့ ကိစ္စရပ်ကလေးတွေ ဘယ်လောက်အထိ အရေးရောက်ပြီဆိုတာတွေပေါ့။ ကျနော်တို့ လုပ်တဲ့အလုပ်ဆိုတော့ အကြံပေးဖို့ အချက်အလက် စုဆောင်းရေး ကိစ္စတွေပြောမှာပေါ့။ နောက် အဓိကကတော့ ကျနော်တို့ လူ့အခွင့်အရေး အစီရင်ခံစာလည်းတင်မှာလည်းမဟုတ်ပါဘူး၊ စုံစမ်းစစ်ဆေးရေးလည်းတင်မှာမဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ အခြေအနေအပါအဝင် ကျနော်တို့ ရခိုင်ပြည်နယ်ရေးဖွံ့ဖြိုးတိုးတက်ရေး ၊ ၂ ဖက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းသာယာစွာ အရင်တုန်းကလို ငြိမ်းချမ်းစွာယှဉ်တွဲပြီး နေထိုင်ရေး အဲဒီကိစ္စတွေအတွက်ကို ကျနော်တို့က အကြံပေးဖို့အတွက် ဘာတွေ အကြံပေးရမလဲဆိုတဲ့ အချက်အလက်တွေကို ကျနော်တို့ စုဆောင်းတာဖြစ်ပါတယ်ခင်ဗျ။”

ဒါ့အပြင် အကြံပေး ကော်မရှင်အနေနဲ့ ရခိုင်ပြည်တွင်း ကိစ္စရပ်တွေကို ပိုမို သိရှိစေဖို့အတွက် အမျိုးသားလွတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့က ရခိုင် လွှတ်တော်ကိုယ်စားလှယ်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကိုဖီအာနန်နဲ့ တွေ့ဆုံခဲ့တဲ့ အမျိုးသားလွှတ်တော်အမတ် မထုမေကတော့ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အခြေအနေတွေနဲ့ ပတ်သတ်လို့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်.။

“အဓိက Main ထားပြီးတော့ ဆွေးနွေးခဲ့တာ နောက်ဆုံးဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သီးသန့်ထုတ်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စသည် သူတို့လုပ်နေတဲ့ကိစ္စရဲ့ Beyond မှာရှိနေတယ်။ နိုင်ငံတကာ အကြမ်းဖက်တွေနဲ့လည်း ဆက်စပ်နိုင်တယ်လို့ ကျမတို့ယူဆတယ်၊ ပြည်သူကလည်း ဒီအတိုင်းယုံကြည်တယ်။ ဘာကြောင့်ဒီကိစ္စတွေဖြစ်တယ်၊ အဲဒီအခြေခံအကြောင်းအရင်းကို သိဖို့လိုအပ်တယ်။ သိပြီးတော့မှ လုပ်ဆောင်ပါ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မူဆလင်တွေရော ရခိုင်အသံတွေကို နားထောင်ရပါမယ်ပေါ့။”

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ အာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေး ကော်မရှင်အဖွဲ့ဟာ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် အပါအဝင် မြောက်ဦးနဲ့ မြေပုံမြို့တို့ကို သွားရောက်ခဲ့ပြီး ပြည်နယ် အစိုးရနဲ့ကော နှစ်ဖက် အသိုင်းအဝိုင်းကြား လူမှု အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်လည်း ဖြစ်တဲ့ မစ္စတာ အာနန်ဟာ အကြံပေး ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ပြီး ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့တာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး ရှေ့နှစ်ဆန်းပိုင်းမှာ ရခိုင်ပြည်အရေးနဲ့ ပတ်သတ်လို့ ကြားဖြတ်အစီရင်ခံစာ တစ်ရပ် တင်သွင်းသွားဖို့ ရှိပါတယ်။ ရခိုင်အကြံပေးကော်မရှင်အနေနဲ့ ဒီတစ်ခေါက် သူတို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သတ်လို့ မနက်ဖြန် အင်္ဂါနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်သွားဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG