သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန်နဲ့အဖွဲ့ ဘူးသီးတောင် မောင်တောကို သွားရောက်ကြည့်ရှု


ရခိုင်အကြံပေးကော်မရှင်ဥက္ကဌ ကိုဖီအာနန်ရဲ့ ဒုတိယမြောက် ရခိုင်ပြည်ခရီးစဉ် (Photo: ရခိုင်ဝန်ကြီးချုပ် ဦးညီပု Facebook)
ရခိုင်အကြံပေးကော်မရှင်ဥက္ကဌ ကိုဖီအာနန်ရဲ့ ဒုတိယမြောက် ရခိုင်ပြည်ခရီးစဉ် (Photo: ရခိုင်ဝန်ကြီးချုပ် ဦးညီပု Facebook)

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေးကော်မရှင်ဟာ ဒီကနေ့မှာပဲ ရခိုင်ပြည်နယ် ဘူးသီးတောင် နဲ့ မောင်တော တို့ကို သွားရောက်ပြီး ပြည်နယ်တွင်းမှာရှိတဲ့ မြို့ခံတွေအပြင် အဲဒီဒေသမှာရှိတဲ့ အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကော်မရှင်အဖွဲ့ ရောက်ရှိချိန်မှာ ဒေသခံတချို့ရဲ့ ဆန္ဒပြမှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက တင်ပြပေးမှာပါ။

ရခိုင်ပြည်တွင်းက ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေအပါအဝင် ဒေသတွင်း အခြေအနေတွေကို ကွင်းဆင်းလေ့လာဖို့အတွက် မစ္စတာ ကိုဖီအာနန်နဲ့ အဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက်ပိုင်းမှာ မောင်တောနဲ့ ဘူးသီးတောင်ကိုရောက် ရှိခဲ့ပါတယ်။ ကုလသမဂ္ဂအတွင်း ရေးမှုးချုပ်ဟောင်း ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ဟာ ပြည်နယ်အစိုး ရတာဝန်ရှိသူတွေအပါအဝင် ရခိုင်ဒေသခံ တချို့နဲ့ပါ တွေ့ဆုံခဲ့တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့တဲ့အခါမှာတော့ ရခိုင်ဒေသတွင်း ဖွံဖြိုးတိုးတက်ရေး ကိစ္စရပ်တွေ အပါအဝင် နှစ်ဖက် အသိုင်းအဝိုင်းကြား လိုအပ်ချက်တွေ၊ အဲဒီဒေသတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက် မှုတွေအကြား ဒေသခံတွေရပ်တည်မှု အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဒေသခံတွေ ဘက်ကတင်ပြခဲ့တယ်လို့ ဦးအေးလွင်က ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လထဲ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခ အခြေနေတွေကို ပြောဆိုခဲ့ကြတာနဲ့ပတ်သက်လို့ ဦးအေးလွင်က ပြောပြတာပါ။

“ဝမ်းသာစရာကောင်းတာ အဲဒီဘူးသီးတောင်မှာ ဆန္ဒသာပြတာ ဒီလူ့အဖွဲ့အစည်း ၂ ခုက တွဲပြီးတော့ကိုနေတာ။ ရခိုင်မြို့မိမြို့ဖတွေ ပြောတဲ့အထဲမှာလည်း အဲဒါတွေထည့်ပါတယ်။ သူတို့ ဒီလိုဆန္ဒပြ ရတာလည်း နိုင်ငံခြားသားတွေက တဘက်စောင်းနင်း လုပ်တယ်ဆိုတဲ့ အထင်ရှိတဲ့ ဟာပေါ့ဗျာ၊ အထင်လွဲှမှား မှုလေးတွေကြောင့် လုပ်ရတယ် ဆိုတာလေးပြောပေမယ့်၊ ဒီမှာငြိမ်းချမ်းစွာ ယှဉ်တွဲနေတယ်။ ၂၀၁၂ ကလည်း ဘာမှ မဖြစ်ခဲ့ဘူးပေါ့။ သူတို့ မီးစက်ကလေးပဲ ရအောင်လုပ်ပေးဖို့ စီးပွားရေးဖွံ့ဖြိုးဖို့ လမ်းပန်းအဆက်အသွယ် ကောင်းအောင် လုပ်ပေးပါ အဲဒါလောက်ပဲပြောတယ်။ ပြီးတော့ ကျနော်တို့ ဘယ်သွားလဲဆိုတော့ မွတ်စလင်တွေနဲ့ တွေ့တယ်။ မွတ်စလင် မြို့မိမြို့ဖတွေက အဲဒီလို ငြိမ်းချမ်းစွာ ယှဉ်တွဲတာတော့ပြောတယ်။ ပြီးတော့ သူတို့ ပညာရေး၊ ကျန်းမာရေး အခက်အခဲလေးတွေ ရှိလာတာပေါ့နော်။ အရင်က မရှိခဲ့ဘူး အခုရှိတယ်ပေါ့။ အဲဒီတော့ ဘူးသီးတောင်ကတော့ ကျနော်ပြောချင်တာက စံပြလိုတောင် ဖြစ်နေတယ်လို့ ထင်တယ်လေ။ မောင်တော အဲဒီ ကြက်ရိုးပြင်မှာတော့ ရွာသားတွေရောက် လာပြီးတော့ အမျိုးသမီးတွေက ငိုဟယ် ရယ်ဟယ်နဲ့ တော်တော်လေး ပြောကြတယ် ”

အောက်တိုဘာလ ၉ ရက်နေ့က ဘူးသီးတောင် မောင်တောဒေသတွေမှာ နယ်ခြားစောင့် တပ်တွေကို အကြမ်းဖက် တိုက်ခိုက်သမားတွေ ဝင်ရောက် တိုက်ခဲ့ရာကနေ အစပြုခဲ့တဲ့ ပဋိပက္ခတွေမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ ဒီလိုထွက်ပေါ် လာတာဖြစ်လို့ ရခိုင်အကြံပေး ကော်မရှင်အဖွဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ဒီကနေ့ ဒေသခံတွေနဲ့တွေ့ရှိမှု အပေါ်မှာ ထင်မြင် သုံးသပ်မှုတွေ ပြောင်းနိုင်မနိုင် ဆိုတာနဲ့ပတ်သတ်လို့ ကော်မရှင်ဘက်က ဘာသုံးသပ်ချက်မှ မပေးနိုင်သေးဘူး လို့ပြောပါတယ်။

“ကျနော်ကတော့ သုံးသပ်ချက်တွေ မပေးချင်ဘူး။ နားလည်မှုလေးတွေ နည်းနည်းလွဲနေ တာတွေရှိတယ်။ နားလည်မှုလေးတွေ မယူသေးတဲ့ အခါမှာ စိုးရိမ်ချက်လေးတွေကြောင့် ဆောင်ရွက်ဖြစ် တာလေးတွေလည်းရှိတယ်။ သူတို့ အပြစ်မဲ့တဲ့ လူတွေကလည်း စစ်ဆင်ရေးတွေ လုပ်တာ ကြောက်လန့်ပြီး ထွက်ပြေး တာတွေရှိတာပေါ့နော်။ သံသရာလည်နေတဲ့ သဘောလေးတွေရှိတယ်။ တဖြည်းဖြည်းတော့ တည်ငြိမ် သွားမယ်လို့ ကျနော်ထင်ပါတယ်။ ရွာသားတွေက တအားကြောက်ပြီးတော့ ထွက်ပြေး တာတွေလည်းရှိတယ်။ သို့သော် တချို့ အာဏာပိုင်တွေ ဘက်ကလည်း ဘာကြောင့် .. ဘာကြောင့်လုပ်ရလဲဆိုတာ သူတို့ဘက်ကလည်း သေချာပြောတယ်။ ကျနော်တို့က ဒါ ဆန်းစစ်ဖို့လည်း မဟုတ်ဘူး ၊ ဆုံးဖြတ်ဖို့လည်း မဟုတ်တော့ နားထောင်လာပြီးတဲ့ အခါမှာ ဒါအကောင်းဆုံး ဘယ်လို အကြံပေးမလဲဆိုတာ ကျနော်တို့ ဆက်လုပ်ပါမယ် ”

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း ဥက္ကဌအဖြစ် ဆောင်ရွက်နေတဲ့ ရခိုင်အကြံပေးကော်မရှင်ကို နိုင်ငံတကာက တတ်သိ ပညာရှင်တွေနဲ့ ပြည်တွင်းက ပညာရှင်တွေ ပူးတွဲပြီး သြဂုတ်လနောက်ပိုင်းက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းလိုက်တဲ့ ဒီအကြံပေး ကော်မရှင်ဟာ နိုင်ငံတကာကလူတွေ ပါဝင်နေတဲ့အတွက် နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးစေနိုင်တယ်ဆိုပြီး ကန့်ကွက်မှုတွေလည်း ရှိပါတယ်။

ရခိုင်မောင်တောဒေသမှာရှိတဲ့ ရခိုင်အမျိုးသားပါတီဥက္ကဌ ဦးခင်မောင်သန်းကတော့ ဒီကနေ့လာရောက်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ ပတ်သတ်လို့ အခုလို သုံးသပ်ပါတယ်။

“ ကျနော်တို့အမြင်က ဘာပြောမလဲ၊ ကျနော်တို့ ဒီနေရာ ဒီဒေသ၊ ကျနော်တို့ရဲ့ အတွေ့အကြုံ ဗဟုသုတတွေကို စာတွေ့ အနေနဲ့လာပြီး လေ့လာလို့ ကတော့ အဖြေ ရမယ်လို့ မထင်ဘူး။ ကျနော်တို့ ဒီနေရာတွေဆိုတာ တအား ထိလွယ် ခိုက်လွယ် တဲ့နေရာ၊ အဲဒီနေရာတွေကိုမှ စာတွေနဲ့ လာပြီးလေ့လာတဲ့ အခါမှာ Liaison ရဲ့ အတွေ့အကြုံ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံဖို့ လိုပါလိမ့်မယ်။ အဖွဲ့တွေ အများကြီး ဟိုအဖွဲ့လာ ဒီအဖွဲ့လာ ပြည်ပကရော ပြည်တွင်းကရော တိကျရေရာတဲ့ အဖြေထွက်ကို မလာတာ ”

ရခိုင်ဒေသခံတစ်ချို့က ဒီကော်မရှင်ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြသလို ဒီတခေါက် မှာလည်း ကော်မရှင်လာတဲ့နေရာတွေဖြစ်တဲ့ စစ်တွေ လေဆိပ်၊ မောင်တောနဲ့ ဘူး သီးတောင်တို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ မနက်ဖြန်မှာတော့ ကော်မရှင်ဟာ မြောက်ဦး နဲ့ မင်းပြားဘက်ကို သွားရောက်မှာဖြစ်ပြီး အဲဒီဒေသက ဒေသခံတွေနဲ့ တွေ့ဆုံမှာဖြစ် ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG