သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုရှိကြောင်း ကုလ စွပ်စွဲ


ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂက ရှုတ်ချလိုက်ပြီး မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ စံနှုန်းစံထားနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကိုယ်တွယ်ဖြေရှင်းရာမှာလည်း နိုင်ငံတကာ စံနှုန်းနဲ့အညီ မဆာင်ရွက်နိုင်ဘူးဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။ အသေးစိတ်ကိုတော့ ရှားဖောင်က စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောနဲ့ ဘူးသီးတောင် ဒေသတွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြတ်ပြတ်သားသား ရှုတ်ချလိုက်သလို မြန်မာအာဏာပိုင်တွေအနေနဲ့ကလည်း ဒီကိစ္စကို လျစ်လျူရှုလို့ မရဘူးလို့ အင်္ဂါနေ့က ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂ မဟာမင်းကြီးရုံး ပြောခွင့်ရအမျိုးသမီး Ravina Shamdasani က ပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရအနေနဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာရတဲ့ လူတွေအတွက် လုံခြုံရေးတွေ မဖြစ်မနေ ပြန်လည်ထားရှိပေးရမှာဖြစ်လို နိုင်ငံတကာက လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေနဲ့ သတ်မှတ်ထားတဲ့ စံနှုန်းစံထားနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်ပေးသလိုဖြစ်နေတဲ့ လူမှုကွန်ယက် မီဒီယာ အပါအဝင် အမုန်းစကားတွေ ပြန့်ပွားအောင် လှုံ့ဆောင်ပေးမှုတွေကိုလည်း မြန်မာအစိုးရအနေနဲ့ ရှုတ်ချဖို့လိုအပ်ပြီး၊ ဒါကို မဟန့်တားနိုင်ဘူးဆိုရင်တော့ လက်ရှိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ပိုမို ဆိုးရွားသွားစေနိုင်တယ်လို့လည်း Ravina Shamdasani က ပြောပါတယ်။

“ရိုဟင်ဂျာတွေရဲ့လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အာမခံချက်ပေးဖို့အတွက် အစိုးရမှာ တာဝန်ရှိပါတယ်။ သူတို့တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး အပါအဝင် သူတို့တွေ အသက်ရှင်နေထိုင်ခွင့် အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့တွေ ပါဝင်ပါတယ်။ သူတို့တွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်လှုံ့ဆော်မှုတွေနဲ့ အမုန်းစကားတွေကို ရှုတ်ချဖို့လည်း ပါဝင်ပါတယ်။”

မြန်မာအစိုးရဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ကို ဖွဲ့လိုက်တာကလွဲရင် ရိုဟင်ဂျာမူဆလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့အရေးနဲ့ပတ်သက်ပြီး ဇွန်လက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့အကြံပြုချက် အတော်များများကို လိုက်နာဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို စုံစမ်းလေ့လာတဲ့အနေနဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဟာ နိုင်ဝင်ဘာလ ၁၅ ရက်နေ့ကနေ ၁ရ ရက်နေ့အထိ သုံးရက်ကြာ ရခိုင်ပြည်နယ်ထဲကို သွားရောက်လေ့လာခဲ့ပြီး အကြံပေးကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ လူမျိုးနွယ်ဖြစ်ခွင့် မရတာ အပါအဝင် ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု အတော်များများ ရှိနေတာကို တွေ့ရကြောင်း Ravina Shamdasani က ပြောပါတယ်။

“ရိုဟင်ဂျာတွေမှာ လူမျိုးနွယ်နဲ့ နိုင်ငံသား အခွင့်အရေးတွေမရှိတဲ့အတွက် သူတို့မှာရသင့်တဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး အပါအဝင် အခြေခံလူ့အခွင့်အရေးတွေကိုပါ ဆုံးရှုံးနေကြတယ်။ ဒါတွေဟာ ကျမတို့ပြောနေတဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ဆန့်ကျင်တဲ့ အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်။ အစိုးရအနေနဲ့ သူတို့ရဲ့ အချုပ်အခြာ အဏာပိုင်အတွင်းမှာ နေထိုင်တဲ့လူတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိပါတယ်။”

အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာရှိတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွေ အကြမ်းဖက် တိုက်ခံရပြီးတဲ့နောက် အစိုးရက နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီး အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားတဲ့ နေရာတွေမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သီးသန့်လွတ်လပ်တဲ့ စုံစမ်းစစ်ရေးအဖွဲ့တွေကို သွားရောက်ခွင့်ပြုဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ ဒေသခံ ၃ သောင်းလောက် ရှိပါတယ်။ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး သွားရောက် လေ့လာဖို့အတွက် ရခိုင်အကြံပေးကော်မရှင် ဥက္ကဌ ကိုဖီအာနန်ဟာ တနင်္လာနေ့မှာပဲ ရန်ကုန်မြို့ရောက်ရှိနေပြီ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ လူတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖြစ်စေတယ်လို့ ကုလသမဂ္ဂ က ပြောပါတယ်။ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသထဲက အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဝင်ရောက်ပေးနိုင်ဖို့အတွက် အခြေအနေက အရမ်းကို စိုးရိမ်စရာ ဖြစ်နေတယ်လို့လည်း ကုလသမဂ္ဂ မဟာမင်းကြီးရုံး ပြောခွင့်ရအမျိုးသမီး Ravina Shamdasani ကပြောပါတယ်။

“ပြည်တွင်းနေရပ်ရွှေ့ပြောင်း နေထိုင်သူတွေရဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ အတင်း ဖြတ်ကျော်ခိုင်းတာတွေကို ရှောင်ရှားရမှာဖြစ်သလို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်စေမယ့် အရာတွေကိုလည်း ရှောင်ရှားသင့်ပါတယ်။ အာဏာပိုင်တွေအနေနဲ့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ ဒါတွေကို ဆက်ပြီးတော့ မလိုက်နာနိုင်ဘူးဆိုရင်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။”

နိုဝင်ဘာလ ၂၀ ရက်နေ့က တိုင်းရင်းလက်နက်ကိုင် အဖွဲ့လေးဖွဲ့ပေါင်းပြီးတော့ မြန်မာအစိုးရစစ်တပ်ကို တိုက်ခိုက်ရာကနေ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသလို တရုတ်-မြန်မာနယ်စပ်တလျှေက် ကုန်သွယ် စီးပွားရေး လုပ်ငန်းတွေလည်း ထိခိုက်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG