သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကုလ လူ့အခွင့်အရေးကော်မရှင် ပြောဆိုမှုအပေါ် မြန်မာအစိုးရရဲ့ တုံ့ပြန်ချက်


ရခိုင်ပြည်နယ်က ပဋိပက္ခတွေအပေါ် ကုလသမဂ္ဂရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို - ကိုဇော်ဝင်းလှိုင် က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး - သူက ပြောသွားတာကတော့ဗျာ ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်လည်း ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာဟာ တော်တော် ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတယ်ပေါ့နော် မောင်တောကိစ္စ ဘာညာ၊ နယ်မြေရှင်းလင်းရေးလုပ်တဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲပြောဆိုတဲ့အပေါ်မှာရောခင်ဗျ။

ဖြေ - “အဲဒါနဲ့ ပတ်သက်လို့ ကျနော်တို့ မူလကတည်းကအတိုင်း ဒီစစ်ဆင်ရေးကို စပြီး ဆောင်ရွက်ပြီဆိုကတည်းက ကျနော်တို့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်လာနိုင်တယ်၊ နောက် အဲ့လို စွပ်စွဲချက်တွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ အနေအထားကြောင့် ကျနော်တို့က သေသေချာချာကို ညွှန်ကြားချက်တွေ ထွက်ပြီးမှ လုပ်ခဲ့တာဖြစ်တယ်။ နံပါတ်တစ် ကျနော်တို့ ဒီလို ဆောင်ရွက်တဲ့နေရာမှာ လက်လွတ်စလွယ်မလုပ်ဘဲ သတိကြီးကြီးထားဖို့ နံပါတ်နှစ်အချက်က လုပ်သမျှ ဆောင်ရွက်သမျှသည် ဥပဒေနဲ့ညီဖို့၊ နံပါတ်သုံးအချက်က အဲ့လိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်မလာစေဖို့ ဒါမျိုး ညွှန်ကြားပြီးတော့ကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဆောင်ရွက်တဲ့အခါမှာလည်း အထူးသဖြင့်ပေါ့နော် အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်ပေါ့ ဒါကို ကျနော်တို့က ပြန်ပြီးတော့ သတိပြုဖို့ လိုတယ်။

ဘာကြောင့်လဲဆိုတော့ ဒီကိစ္စတွေ အခု စစ်ဆင်ရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေ ဖြစ်လာရခြင်း အကြောင်းရင်းကတော့ ကျနော်တို့နိုင်ငံမှာရှိတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၃ နေရာကို တချိန်တည်း တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ပြီးတော့ လက်နက်တွေ ယူဆောင်သွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်။ ဒီရဲ့အစက အဲဒါဖြစ်တယ်ဆိုတာကို ကျနော်တို့က ပြောချင်တယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပေါ့နော် ဒီလိုမျိုးဖြစ်ရပ်က ဘယ်နိုင်ငံကမှလည်း လက်ခံမှာ မဟုတ်တဲ့ အခြေအနေပေါ့။ နောက်တချက်က အဲဒီနိုင်ငံရဲ့ ပြည်သူအတွက်ရော၊ နိုင်ငံအတွက်ရော၊ စိုးရိမ်ဖွယ်ရာရှိတဲ့ အနေအထားတရပ်လို့ ကျနော်တို့က ပြောနိုင်တယ်။

ဟိုတလောကပဲ အိန္ဒိယနိုင်ငံမှာ ဒီလိုပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အဲ့လိုမျိုး ဝင်ရောက် တိုက်ခိုက်ပြီးတော့ သတ်ဖြတ်သွားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာ ကျနော်တို့ နိုင်ငံတကာကပါ ဝိုင်းဝန်းရှုတ်ချတဲ့ သဘောရှိတယ်ပေါ့။ အဲတော့ ဒီဖြစ်စဉ်တွေ စပြီး ဖြစ်ပွားလာရတဲ့ အကြောင်းရင်းသည် မည်သည့်အကြောင်းရင်း မယ်မယ်ရရမှ မရှိဘဲနဲ့ ရုတ်ချည်းပေါ့လေ အဲ့လိုမျိုး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်လာတဲ့ အခြေအနေကနေ စတင်လာတယ်ဆိုတာကို ကျနော်တို့က သတိပြုဖို့ လိုပါတယ်။ နောက် ခုနက ကျနော်ပြောတဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျနော်တို့လည်း ညွှန်ကြားထားတယ်။

ဖြစ်လာရင် အဆင့်ဆင့်သော တာဝန်ခံမှုနဲ့ ကျနော်တို့က အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အောက်မှာ ကျနော်တို့ လက်တွေ့ ဆောင်ရွက်နေရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့လည်း အင်မတန်ကို သတိထားပြီးတော့ အင်မတန် ခက်ခဲတဲ့ အနေအထားမှာ ဆောင်ရွက်နေတာဖြစ်တယ်လို့ ကျနော်တို့က ပြောချင်ပါတယ်။”

မေး - နောက်တခုက ဦးဇော်ဌေးရယ် သူတို့ပြောတာက မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ဆောင်ခြင်းမရှိရင်တော့ နိုင်ငံတကာရဲ့ ဝေဖန်ပြောဆိုမှုတွေကို အကြီးအကျယ် ခံရနိုင်တယ်ဆိုပြီး သူက အဲ့လိုမျိုး ထောက်ပြသွားတယ် ဂျနီဗာမှာလေ။ အဲဒါနဲ့ ပတ်သက်လို့ရောဗျ နိုင်ငံတကာ စံချိန်စံညွှန်းဆိုတဲ့နေရာမှာ အဲဒီဟာကိုရော ဦးဇော်ဌေးတို့ နယ်မြေဒေသ ရှင်းလင်းရေးလုပ်တဲ့ ဝန်ထမ်းတွေကို အဲဒါမျိုး ကိစ္စတွေနဲ့ ပတ်သက်ပြီး အသိပေးတာ၊ လမ်းညွှန်ချက်တွေ ပေးတာမျိုးတွေများ ရှိလားခင်ဗျ။

ဖြေ - “နိုင်ငံတကာ စံချိန်စံညွှန်းဆိုတာကတော့ ကျနော်တို့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဖြေရှင်း ဆောင်ရွက်တဲ့အခါမှာ လိုက်နာဆောင်ရွက်ရမှာတွေ ရှိပါတယ်။ နောက် နိုင်ငံတကာကလည်း လိုက်နာ ဆောင်ရွက်နေတဲ့ အနေအထားတွေ ရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့လည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ အထူးတလည် သတိထားပြီး ဆောင်ရွက်နေတယ်ဆိုတာ ကျနော်တို့က ပြောချင်တယ်။ နောက်တချက်က နိုင်ငံတကာ စံချိန်စံညွှန်းဆိုတဲ့အပေါ်မှာလည်း ဘယ်နိုင်ငံမဆိုပေါ့နော် သက်ဆိုင်ရာ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ တည်ဆဲဥပဒေဆိုတာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေလိုဟာမျိုး နောက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်တဲ့ ဥပဒေတွေလို ဟာမျိုး၊ ဒါမျိုးတွေလည်း ကျနော်တို့ အညီ ဆောင်ရွက်ရပါတယ်။ နောက်တချက်ကတော့ ကျနော်တို့နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ သဘောတူညီချက်တွေ နိုင်ငံတကာ ခုနပြောတဲ့ လိုက်နာရမယ့် သဘောတူညီချက်တွေ ဒါမျိုးတွေကို ကျနော်တို့ လိုက်နာရတဲ့ အနေအထားဖြစ်ပါတယ်။”

မေး - ဂျနီဗာမှာ အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်သွားတဲ့အပြင်ကို (နယူးယောက်) ကုလသမဂ္ဂရုံးမှာရှိတဲ့ အတွင်းရေးမှူးချုပ်ရဲ့ Genocide Special Advisor (လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်) Adama Dieng ကလည်း ကြေညာချက် တစောင်ထုတ်တယ်။ ဆိုလိုချင်တာကတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ကနေပြီးတော့ အခုလို ကြေညာချက် ထုတ်တယ်ဆိုတာဟာ - လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်နေတယ်လို့ သူက ပြောတာ မဟုတ်ပေမယ့် အဲဒီတာဝန်ယူထားတဲ့သူက ရခိုင်ပြည်မှာဖြစ်နေတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေအပေါ် စိုးရိမ် ပူပန်မှုရှိတယ်လို့ ပြောတာနဲ့ ပတ်သက်လို့ရောဗျ။

ဦးဇော်ဌေး - “ကုလသမဂ္ဂအနေနဲ့ တကယ့် သတင်းအချက်အလက် အမှန်တွေ ရရှိဖို့ လိုတယ်။ နောက် ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ကိုယ်တိုင်သည် ဒီဒေသကို သွားရောက်ပြီးဖြစ်တယ်။ ကျန်တဲ့ သံတမန်တွေနဲ့အတူ သွားရောက်ခဲ့တယ်။ သွားရောက်ခဲ့တဲ့ အပေါ်မှာလည်း အစီရင်ခံချက်တွေကလည်း လက်တွေ့ အခြေအနေမှန်ကို ထင်ဟပ်နိုင်မယ်လို့ ကျနော်တို့က မျှော်လင့်တယ်။ နောက်တချက်က ကျနော်တို့ ဒီဟာနဲ့ ပတ်သက်လို့ စွပ်စွဲ ပြောကြားချက်တွေကို အခြေပြုပြီးတော့ UNHCR ဝန်ထမ်း တဦးပေါ့၊ ကုလသမဂ္ဂ ဝန်ထမ်းတဦးနဲ့ မညီညွတ်တဲ့၊ ဂုဏ်သိက္ခာမရှိတဲ့၊ ကျင့်ဝတ်မရှိတဲ့ စွပ်စွဲ ပြောကြားချက်၊ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး ပြောကြားချက်တွေက နိုင်ငံတကာမီဒီယာမှာ တာသွားပါတယ်။

အထူးသဖြင့် Cox’s Bazaar မှာရှိတဲ့ UNHCR ဝန်ထမ်းရဲ့ အဆင်ခြင်မဲ့ ပြောကြားချက်က ကျနော်တို့ နိုင်ငံအပေါ်ကို အထူးတလည် ထိခိုက်စေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အစိုးရအနေနဲ့ သက်ဆိုင်ရာတွေကို ကျနော်တို့ ရှင်းလင်း ပြောကြားပြီး၊ Complaint လုပ်ပြီး ဖြစ်ပါတယ်။ အဲဒီအပေါ်မှာလည်း ကုလသမဂ္ဂအနေနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲ ပြောကြားချက်တွေကို နားယောင်နေမယ့်အစားပေါ့လေ၊ လက်တွေ့ အခြေအနေမှန်ကို ထင်ဟပ်တဲ့၊ အချက်အလက်ကို အခြေပြုတဲ့ ဖြစ်စဉ် ဖြစ်ရပ်တွေ၊ သတင်းတွေကိုပဲ အလေးထားသင့်တယ်။

နောက်တချက်ကတော့ ကျနော်တို့အနေနဲ့ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲမှာ အခုလို အကြောင်းမဲ့ပေါ့နော်၊ အကြောင်းပြချက်မဲ့ ဖြစ်လာတဲ့ မောင်တော အကြမ်းဖက် တိုက်ခိုက်ခံရမှုကို ကျနော်တို့ အစိုးရအနေနဲ့ ဥပဒေနဲ့အညီ ခုနကပြောတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိအောင် အတတ်နိုင်ဆုံး သတိထားပြီး ဆောင်ရွက်နေတာ ဖြစ်တယ်။ သို့ပေမယ်လို့ ကျနော်တို့ မီဒီယာမှာ၊ နိုင်ငံတကာ မျက်နှာစာမှာ ဒီ ဘာသာရေးကို အကြောင်းပြုပြီးတော့ အုံနဲ့ ကျင်းနဲ့ စည်းရုံး လှုံ့ဆော်နေတယ်။ တချို့လည်း သူတို့နိုင်ငံတွေမှာ ပြည်တွင်းနိုင်ငံရေးအခြေအနေ လူထု ထောက်ခံမှု ရယူဖို့ အခြေအနေ အကြောင်းရပ်ပေါ် မူတည်ပြီးတော့ ဘာသာရေးကို အကြောင်းပြုပြီးတော့ ဆောင်ရွက်နေတာတွေလည်း တွေ့ရတယ်။

အဲဒီအပေါ်မှာလည်း ကျနော်တို့ နိုင်ငံအနေနဲ့ ပြန်ပြီးတော့ သတင်းအချက်အလက်အမှန်တွေနဲ့ ချေပဖို့ လုပ်ပေမယ့်လို့လည်း ဒီ အုံနဲ့ ကျင်းနဲ့ပေါ့နော်၊ ငွေကြေးအင်အားရော များစွာ သုံးပြီးတော့ ဆောင်ရွက်နေတဲ့ ဒီ Lobby အုပ်စုတွေကို ကျနော်တို့ကတော့ တော်တော်လေး ခက်ခက်ခဲခဲ ဖြေရှင်းနေရတဲ့ အနေအထားဖြစ်တယ်။

ဒီအပေါ်မှာ ကုလသမဂ္ဂလို အဖွဲ့အစည်းအနေနဲ့ နားယောင်သွားနိုင်တယ်။ သတင်းအချက်အလက် အမှားတွေကို အမှန်လို့ ယူဆသွားနိုင်တာ ကျနော်တို့ သဘောပေါက်တယ်။ အဲဒါကိုလည်း ကျနော်တို့ဘက်ကတော့ တတ်နိုင်သမျှ အမှန်တရားနဲ့ ဖြေရှင်း တုန့်ပြန်သွားမှာ ဖြစ်သလို၊ ကုလသမဂ္ဂနဲ့လည်း ဆက်လက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားမယ်။

သို့သော် ကျနော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ၊ အထူးသဖြင့် ဒီလိုမျိုး ပြောကြားတဲ့အခါမှာ စိတ်မကောင်းဖွယ်ရာဖြစ်တဲ့ ကျနော်တို့ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အကြောင်းမဲ့ အကြမ်းဖက်တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့အပေါ်မှာ စာနာ နားလည်မှု ပေးဖို့လိုတယ်။ အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်စဉ်မှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုကို ပြန်ပြီးတော့ သတိပြုဖို့လိုတယ်။ အဲဒီ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ခက်ခဲတဲ့အနေအထားပေါ့နော်၊ အဲဒါတွေကိုလည်း သိမြင် နားလည်ဖို့လိုတယ်လို့ ကျနော်တို့က ပြောချင်ပါတယ်။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG