သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်တိုက်ပွဲ အပစ်ရပ်ကြဖို့ တရုတ်တိုက်တွန်း


၂၀၁၅ ဖေဖော်ဝါရီတုန်းက လောက်ကိုင်တိုက်ပွဲ
၂၀၁၅ ဖေဖော်ဝါရီတုန်းက လောက်ကိုင်တိုက်ပွဲ

မြန်မာတရုတ်နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချက်ချင်း ရပ်ပစ်ပြီး နှစ်ဘက် မကျေလည်မှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ညှိနှိုင်းကြဖို့ တရုတ်အစိုးရက ဒီကနေ့ပဲ တိုက်တွန်းသွားပါတယ်။ မနေ့က တနင်္လာနေ့မှာ လောက်ကိုင်မြို့ကို ကိုးကန့်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားအများအပြားအပါအဝင် သေဆုံးသူ အနည်းဆုံး အယောက် ၃၀ ရှိပါတယ်။ လောက်ကိုင်တဝိုက်မှာတော့ ကိုးကန့်တပ်ဖွဲ့ နဲ့ မြန်မာတပ်ဖွဲ့တွေအကြား ဇန်နဝါရီလကတည်းက တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။

တရုတ်နိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ အရပ်သားတွေကိုတော့ တရုတ်နိုင်ငံက လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေပေးနေတာပါ။ တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ Geng Shuang က

"မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေဟာ တရုတ်မြန်မာ နယ်စပ်ဒေသငြိမ်းချမ်းရေးနဲ့ ဆက်စပ်နေပါတယ်။ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ပို အရှိန်မြင့်မလာအောင် တားဆီးတဲ့ အနေနဲ့ ၂ ဘက်စလုံး ချက်ချင်းအပစ်အခတ်ရပ်စုဲပြီး နယ်စပ်ဒေသ ပုံမှန်ပြန်ဖြစ်ဖို့ အမြန်ဆုံးလုပ်ဆောင်ဖို့ လိုပါတယ်။ တိုက်ပွဲတွေ စ ဖြစ်ကတည်းက လည်း မြန်မာနိုင်ငံသားတွေ ဘေးလွတ်ရာရှောင်ရှားပြီး တရုတ်နိုင်ငံထဲ ဝင်လာနေ ပါတယ်။ တရုတ်တာဝန်ရှိသူတွေဘက်ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနေပါတယ်" လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ က ပြောသွားပါတယ်။ တရုတ်ဘက်ကရော ထိခိုက်ပျက်ဆီးမှုတွေ ရှိမရှိဆိုတာတော့ သူက ပြောမသွားပါဘူး။

တရုတ်နိုင်ငံက တည်ဆောက်နေတဲ့ ပိုးလမ်းမကြီး အောင်မြင်ရေးနဲ့ ပတ်သတ်လို့ တရုတ်နိုင်ငံအတွက် မြန်မာနယ်စပ် တည်ငြိမ်ရေးဟာ အထူးအရေးကြီးနေတာဖြစ်ပြီး တရုတ်အနေနဲ့ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီလိုတယ်ဆိုပြီး တရုတ်အစိုးရက မြန်မာအစိုးရကိုရော တိုင်းရင်းသားအဖွဲ့တွေပါ ကမ်းလှမ်းထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူး ကိုယ်စားလှယ် Sun Guoxiang နဲ့ အဖွဲ့ နေပြည်တော်ကို လာရောက်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့နဲ့ သီးခြားစီ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်အနေနဲ့ အကူအညီပေးလိုတယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးအခြေအနေမှာတော့ လောက်ကိုင်မြို့ကို မြန်မာစစ်တပ်က အင်အား အခိုင်အမာနဲ့ ထိန်းချုပ်ထားပြီး တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေတယ်လို့သိရပါတယ်။ ဒုက္ခသည်တွေကတော့ တရုတ်နိုင်ငံအပြင် မြန်မာနိုင်ငံတွင်း လားရှိုးမြို့ကို ရာဂဏန်းထွက်ပြေးရောက်ရှိလာတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG