သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်မြို့ဝန်းကျင် တိုက်ပွဲဆက်ဖြစ်


ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ဝန်းကျင်မှာ ဒီကနေ့ထိ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လက်ဖြစ်ပွားနေဆဲရှိပြီး လက်နက်ကြီးကျည်တချို့ဟာ တရုတ်နိုင်ငံဘက်ကို ကျရောက် ပေါက်ကွဲတာတွေ ရှိနေပါတယ်။ လောက်ကိုင်မြို့ကနေ စစ်ရှောင်ဒုက္ခသည် ၂သောင်းလောက်ထိ တရုတ်နိုင်ငံဖက် တိမ်းရှောင်နေသလို မြန်မာပြည် အလယ်ပိုင်းက လာရောက်အလုပ်လုပ်ကိုင်သူတွေ ကတော့ လားရှိုးမြို့ကနေ နေရပ်ပြန်တာ အနည်းဆုံး ၁ထောင်ကျော်ဝန်းကျင်အထိရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနင်္လာနေ့ မနက်အစောပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုးကန့်ဒေသ တိုက်ပွဲတွေဟာ လောက်ကိုင်မြို့မှာ ငြိမ်သက်ခဲ့ပေမယ့် ရန်လုံကျိုင်းနဲ့ နယ်စပ်တလျှောက်မှာ ဒီကနေ့ ပစ်ခတ်တာတွေ ဆက်လက်ဖြစ်ပွားနေဆဲရှိနေပါတယ်။

ဒီကနေ့ နယ်စပ်ဒေသမှာ ဖြစ်ပွားနေဆဲအခြေအနေကို တရုတ်နိုင်ငံဖက်ကို တိမ်းရှောင်နေသူ တဦးက အခုလို ပြောပါတယ်။

“အခုအထိက တိုက်တုန်းပဲ ၊ အမြောက်တွေလည်းကျတုန်းပဲ ရန်လုံကျိုင်းနဲ့ နယ်စပ်တလျှောက်မှာ တိုက်နေတာ။”

လက်နက်ကြီး ကျည်တချို့ဟာ တရုတ်နိုင်ငံနယ်နမိတ်အတွင်း ကျရောက်တာတွေရှိကြောင်းလည်း ဆက်ပြောပါတယ်။

“မြန်မာက ပစ်လာတဲ့ အလုံးပေါင်း ၁၀ လုံး-၂၀ လုံးလောက်ရှိပြီ ဒီတရုတ်ပြည်မှာ ဝင်ခဲ့ပါတယ်။ တခုတော့ မြန်မာ တောင်ယာခုတ်သမား ၁ ယောက်တောင်ထိသွားပြီ ၊ လက်မောင်းအောက်မှာ ထိသွားတယ်။ ၂ ယောက်ထိတယ် ၁ ယောက်ကတော့ တရုတ်အစိုးရက ကောင်းကောင်းမွန်မွန်သယ်သွားပြီးတော့ တရုတ်မှာ သွားကုပေးတာပေါ့နော်။”

တကျော့ပြန်ထပ်မံဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့က လူသောင်းနဲ့ချီပြီး တရုတ်နိုင်ငံဖက်ကိုတိမ်းရှောင်နေကြောင်းလည်း ပြောပါတယ်။

“၂ သောင်းကျော်ပြီပေါ့နော်၊ ကိုယ့်အသိအိမ်၊ ကိုယ့်အမျိုးအိမ်ရှိတဲ့လူတွေက သွားတည်း ကြတာပေါ့နော် ၊ အခု တရုတ်ပြည် ဒုက္ခသည်ထားတဲ့ နေရာတွေက ကောင်းမွန်စွာလုပ်ထားပါတယ်။ အခုလောလောဆယ်ကတော့ သောင်းဂဏန်းလောက်ရှိပြီပေါ့နော် ဒီမှာ ရောက်နေကြတာ။”

မြန်မာနိုင်ငံ မြေပြန့်ဒေသဖက်ကနေ လောက်ကိုင်မြို့ကို သွားရောက်အလုပ်လုပ်သူတွေကတော့ လားရှိုးကနေတဆင့် နေရပ်ရင်းကို ပြန်နေကြပြီး ဒီလို နေရပ်ပြန်သူတွေကို လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းကနေ ကူညီထောက်ပံ့ပေးနေပါတယ်။

လားရှိုးက နေရပ်ပြန်သွားသူတွေရဲ့ အခြေအနေကိုတော့ မန်ဆူကျောင်းက ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ ဦးမောင်မောင်သန်းက အခုလို ပြောပါတယ်။

“ခုနကပဲ ဝင်လာတာက ၁၀၀ ဝန်းကျင်လောက်ရှိတယ်ခင်ဗျ။ ၃ နာရီလောက်က ဝင်တာက ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ အခု နောက်ထပ် ၂ နာရီအကြာမှာ ရောက်မှာက ၄၀၀ ဝန်းကျင်လောက်ရှိမယ်။ အကြမ်းဖျဉ်းပြောရင်တော့ ၁၂၀၀ ဝန်းကျင်လောက်တော့ရှိတယ်ခင်ဗျ။ ဒီကျောင်းထဲဝင်ပြီး ဖြတ်သွားတာ ကျနော်တို့ စာရင်းမယူတာကတော့ ၁၀၀ ကျော်ရှိတယ်ခင်ဗျ။ သူတို့က ကားနဲ့ မန္တလေးသွားမှာဆိုတော့ ကျနော်တို့ ထမင်းတွေကျွေးလိုက်တယ် အဲဒါ ၁၀၀ ကျော်ရှိတယ်ခင်ဗျ ။ မနေ့ကဆိုရင် ၁၀ နာရီနောက်ပိုင်းမှ ဝင်တာ ၄၀၀ လောက်ရှိတယ် ၁၀ နာရီနောက်ပိုင်း ညသန်းခေါင်အထိ ဝင်တာ။”

တချို့နေရပ်ပြန်သူတွေဟာ မန်ဆူဘုန်းတော်ကြီးကျောင်းကို မဝင်ဘဲ မြို့အတွင်းက တည်းခိုခန်းတွေကနေတဆင့် ပြန်တာတွေလည်း ရှိကြောင်း၊ ဒီလို ပြန်နေသူတွေဟာလည်း ၁ထောင် ကျော်လောက် ရှိနိုင်ကြောင်း ပြောပါတယ်။

ဒီကနေ့မှာတော့ လောက်ကိုင်ကနေ နေရပ်ပြန်သူတွေကို ဌာနဆိုင်ရာတွေကပါ လာရောက် ကူညီပေးနေကြောင်းလည်း အခုလို ပြောပါတယ်။

“အခုတော့ လူကယ်ပြန်လည်း တော်တော်လေး လာကူပေးနေပါတယ်။ လူကယ်ပြန်လည်းကူညီတယ် ထွေအုပ်ကလည်း ပူးပေါင်းကူညီနေပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ အဆင်ပြေပါတယ် စစ်တပ်ကလည်း ဒီမှာ နေရာထိုင်ခင်းယူပြီး ကျပ်မှတ်ပြီးကုသပေးနေပါတယ် လူနာပါလာရင်။ နောက် ဒေသန္တရ ကျန်းမာရေးဌာနကနေပြီးတော့လည်း အစိုးရဘက်ကလည်း သူတို့လာထိုင်ပြီးကုသပေးနေတယ်။ နောက်အခုတဖွဲ့ဒီနေ့ညနေရောက်တာ ကြက်ခြေနီတဖွဲ့ပါ သူတို့က ဆွေမျိုးတွေချိတ်ဆက်ပေးဖို့ ၊ ကွဲနေတဲ့ ဆွေမျိုးတွေ ကိုဆက်သွယ်ပေးဖို့လုပ်မယ်ဆိုပြီး ခုနက ကျနော်နေရာချထားပေးပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလမှာလည်း လောက်ကိုင်မြို့မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အဲဒီအချိန်က လောက်ကိုင်မြို့ကနေ တိမ်းရှောင်ထွက်ပြေးရသူပေါင်း အနည်းဆုံး ၇သောင်းကျော်လောက်ရှိခဲ့သလို လောက်ကိုင်မြို့ကိုလည်း စစ်အုပ်ချုပ်ရေးကြေညာခဲ့ရပါတယ်။ ၂၀၀၉ခုနှစ်က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာတော့ ဒုက္ခသည် ၃သောင်းကျော်လောက် တရုတ်နိုင်ငံဖက်ကို တိမ်းရှောင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG