သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားအစိုးရသစ် ကိုယ်စားလှယ်အဖွဲ့ တရုတ်ကိုလွှတ်မည်


တောင်ကိုရီးယား သမ္မတ Moon Jae-in တရုတ်သမ္မတကို ဖုန်းဆက်
တောင်ကိုရီးယား သမ္မတ Moon Jae-in တရုတ်သမ္မတကို ဖုန်းဆက်

မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ တောင်ကိုရီးယားက အမေရိကန်ရဲ့ မစ်ဇိုင်းဒုံးရန် ကာကွယ်ရေးစနစ်အပေါ် တရုတ်နိုင်ငံက စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ ဘေဂျင်းမြို့တော်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဆွေးနွေးဖို့ စီစဉ်နေကြောင်း တောင်ကိုရီးယား သမ္မတရုံးက ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတသစ် Moon Jae-in ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တနေ့မှာပဲ ၂ နိုင်ငံ ခေါင်းဆောင်တွေ တယ်လီဖုန်းဆက် စကားပြောခဲ့ကြပြီး၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး ဘုံရည်ရွယ်ချက်တွေအပေါ် သဘောတူညီမှု ရရှိခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံး ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

တောင်ကိုရီးယားမှာ ချထားတဲ့ အမေရိကန်ရဲ့ အဆင့်မြင့် THAAD ဒုံးခွင်းဒုံးစနစ်အပေါ် တရုတ်နိုင်ငံရဲ့ စိုးရိမ်မှုကိုလည်း တောင်ကိုရီးယား သမ္မတက နားလည်သဘောပေါက်ကြောင်း ပြောဆိုခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံကတော့ မြောက်ကိုရီးယားက တိုက်ခိုက်လာခဲ့ရင် ခုခံကာကွယ်နိုင်ဖို့ THAAD အဆင့်မြင့် ဒုံးရန်ကာကွယ်ရေး စနစ်ကို အမေရိကန်အကူအညီနဲ့ တပ်ဆင်ထားတာပါ။

ဒုံးခွင်းဒုံးစနစ်ရဲ့ ပထမအဆင့်ကိုတော့ ဒီလဆန်းမှာပဲ တပ်ဆင်ပြီးစီးခဲ့ပြီး၊ ဒီနှစ်ကုန်လောက်မှာ အပြီးသတ် တပ်ဆင်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ တရုတ်နိုင်ငံကတော့ THAAD စနစ်ဟာ ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သြဇာအရှိန်အဝါကို ထိခိုက်နိုင်မယ့် ခြိမ်းခြောက်မှုအဖြစ် သဘောထားပြီး၊ တောင်ကိုရီးယားရဲ့ ခရီးသွား လုပ်ငန်းတွေနဲ့ ကုန်တင်ပို့မှုတွေအပေါ် ကန့်သတ်မှုတချို့နဲ့ လက်တုံ့ပြန်ထားပါတယ်။

တောင်ကိုရီးယား သမ္မတသစ်အဖြစ် မနေ့တုန်းက ကျမ်းသစ္စာ ကျိန်ဆိုရာမှာတော့ တင်းမာမှုတွေကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရတဲ့ အခြေအနေတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာမှာ သံတမန်ရေးအရ ကြိုးပမ်းသွားမယ့်အကြောင်း သမ္မတ Moon Jae-in က ကတိပြုခဲ့တာပါ။ ကိုရီးယား ကျွန်းဆွယ်မှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းမှာ ဖြစ်ကြောင်းနဲ့ လိုအပ်ရင် ဝါရှင်တန်အထိ တိုက်ရိုက် သွားမှာဖြစ်သလို၊ ဘေဂျင်းနဲ့ တိုကျိုမြို့တော်တွေ သာမက ဖြစ်နိုင်မယ်ဆိုရင် မြောက်ကိုရီးယားမြို့တော် ပြုံယမ်းအထိပါ သွားမယ်လို့လည်း ကတိပြုပြောကြား ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG