သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်မှာ တိုက်ပွဲဆက်ဖြစ်


စစ်ဘေးကြောင့် ထွက်ပြေးလာကြတဲ့ လောက်ကိုင်မြို့က စစ်ပြေးဒုက္ခသည်များ။ ( မတ်လ-၂၀၁၇) သတင်းဓာတ်ပုံ - MOI။
စစ်ဘေးကြောင့် ထွက်ပြေးလာကြတဲ့ လောက်ကိုင်မြို့က စစ်ပြေးဒုက္ခသည်များ။ ( မတ်လ-၂၀၁၇) သတင်းဓာတ်ပုံ - MOI။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တိုက်ပွဲတွေဟာ ဒီကနေ့ထိ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း လက်နက်ကြီးကျည်တွေဟာ တရုတ်နိုင်ငံဘက် ကျရောက်တာကြောင့် ထိခိုက်မှုတွေရှိနေတယ်လို့လည်း တရုတ်နိုင်ငံဘက် တိမ်းရှောင်နေသူတွေက ပြောပါတယ်။ လောက်ကိုင်မြို့အတွင်းက လူတွေဟာ တရုတ်နိုင်ငံနဲ့ လားရှိုးမြို့ဘက်တွေကို ဆက်လက်တိမ်းရှောင်နေသလို ကူညီ ကယ်ဆယ်ရေး အဖွဲ့တွေလည်း လောက်ကိုင်မြို့ကို သွားရောက်နေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၆ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်ဒေသ စစ်ပွဲဟာ ဒီကနေ့ထိ ငြိမ်သက်မသွားသေးဘဲ ပစ်ခတ်တာတွေဟာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ကိုးကန့်ဒေသက တရုတ်မြန်မာ နယ်ခြားမှတ်တိုင်အမှတ် ၁၂၃၊ ၁၂၅ နေရာတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ် လို့ တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်နေသူတဦးက အခုလို ပြောပါတယ်။

" တိုက်တုန်းပါပဲ။ တိုက်တုန်းပဲ။ ဒီအမြောက်ကြီးကတော့ အမြဲတမ်းကျတုန်းပါပဲ တရုတ်ပြည်ထဲမှာ ကျတာ။ မှတ်တိုင် ၁၂၃၊ ၁၂၅ ပေါ့နော်။ ပစ်ခတ်တုန်းပဲ တိုက်ခိုက်တုန်းပဲ။"

တရုတ်နိုင်ငံအတွင်းကို လောက်ကိုင်မြို့က စစ်ရှောင်ဒုက္ခသည်တွေ ဆက်လက် လာရောက်နေဆဲဖြစ်တယ်လို့ လည်း ပြောပါတယ်။

" လာတုန်းပဲ လာတုန်းပဲ လောက်ကိုင်က ဘယ်သူမှ မကျန်တော့ဘူး ၁၀%ပဲ ကျန်တော့တယ်။ သူ့နည်းသူဟန်နဲ့ ပြေးကြတာပေါ့။ တရုတ်ပြည်ဘက် ကို ရောက်ကုန်ပြီပေါ့။ ရာနဲ့ချီနေပြီ တရုတ်ဘက်က ကောင်းမွန်စွာ နေရာချထားပါတယ်။"

လောက်ကိုင်မြို့နဲ့ အနီးအနားကျေးရွာတွေမှာ ပိတ်မိနေသူတွေကို သွားရောက်ခေါ်ဆောင်နေတဲ့ လားရှိုးမြို့လူမှုရေးအဖွဲ့က ဦးမောင်မောင်သန်းက လောက်ကိုင်မြို့ရဲ့ လက်ရှိအခြေအနေကို အခုလို ပြောပါတယ်။

" လောက်ကိုင်မှာ မြို့ထဲမှာကတော့ အေးဆေးငြိမ်သက်နေတယ်။ မြို့ထဲမှာ။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာကတော့ မငြိမ်ဘူး။ အခုက အသံတွေ ကြားနေရတယ်။ ဆယ်ငါးမိနစ် နာရီဝက်လောက်သွားတဲ့ ပတ်ဝန်းကျင်ကနေရာလောက်ပဲ သိပ်မဝေးဘူး။ အသံတွေကို အတိုင်းသားကြားနေရတယ်။"

လောက်ကိုင်မြို့မှာတော့ ဈေးဆိုင်အချို့သာ ဖွင့်လှစ်ထားသလို လူအသွားအလာလည်း မရှိသလောက်ဖြစ်နေကြောင်းလည်း ပြောပါတယ်။ လောက်ကိုင်မြို့ကနေ ဒီကနေ့ ခေါ်ယူလာသူ စစ်ရှောင်ဒုက္ခသည်အားလုံး ၃၀၀ကျော်လောက်ရှိမယ်လို့လည်း ဦးမောင်မောင်သန်းက ဆက်ပြောပါတယ်။

" လောက်ကိုင်နားမှာ ရှိတဲ့ စစ်ပြေးရှောင်တွေ၊ ရှောင်ပေမဲ့ မလာနိုင်တဲ့သူတွေ၊ အဲ့လူတွေကို ဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်းက ဒီမှာ ရှိတယ်လေ လောက်ကိုင်မှာ အဲ့အဖွဲ့နဲ့ ဝေဠုကျော်ရဲ့ ကြက်ခြေနီအဖွဲ့နဲ့ သူတို့က သွားကယ်ထုတ်တာ ကယ်ထုတ်ပြီး သူတို့မဖြတ်သန်းရဲဘူးဗျာ။ မဖြတ်သန်းရဲတော့ စစ်တပ်ရဲ့ အကူအညီတွေ ယူပြီး အဲ့လို ကယ်ထုတ်ပြီး လောက်ကိုင်ဆေးရုံကြီးမှာ စုထားတယ်။ စုပြီး အခုကျနော်တို့က ကြိုလာပြီ။ ကျနော်တို့ ပရဟိတ အသင်းကားလေးစီး၊ ကားသေးလေးစီး ကားကြီးနှစ်စီးရယ် အခု ကျနော်တို့က ခေါ်လာတယ်။ အားလုံးပေါင်း ၅၀ကျော်ကျော်ပေါ့ ကိုယ့်ဘာသာကိုယ် လာတာက ကျနော်တို့မှာ စာရင်းမရှိဘူး ဒီဝေဠုကျော်ကနေ ဖြတ်တာ ၂၀၀ဝန်းကျင်လောက်ရှိတယ်။ "

မင်းသားဝေဠုကျော်ဟာ ကြက်ခြေနီအသင်းကို ကိုယ်စားပြုသွားရောက် ကယ်တင်နေ တာဖြစ်ပြီး လောက်ကိုင်မြို့က သူ့ရဲ့ ပရဟိတအသင်းဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေ တာဖြစ်ကြောင်းနဲ့ အခြား ပရဟိတ အသင်းအဖွဲ့တွေကို လောက်ကိုင်မြို့ကို သွားရောက်ခွင့် မပေးသေးကြောင်းလည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံတွင်းကို တိမ်းရှောင်လာသူ စစ်ရှောင်ဒုက္ခသည် ၂သောင်းလောက်ရှိကြောင်း သတင်းထုတ်ပြန် ခဲ့သလို လောက်ကိုင်မြို့ကနေ လားရှိုးမြို့ မန်ဆူဘုန်းတော်ကြီးကျောင်းကနေ တဆင့် နေရပ်ပြန်တဲ့သူ စုစုပေါင်း ၂ထောင်ကျော်လောက်ရှိနေပြီ ဖြစ်ပါတယ်။

လောက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့ မရခဲ့သလို တပ်မတော်ဘက်ကလည်း နောက်ဆုံး အခြေအနေနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

လောက်ကိုင်မှာ တိုက်ပွဲဆက်ဖြစ်
please wait

No media source currently available

0:00 0:03:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG