သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်နေတဲ့ ရန်ပုံငွေကျပ်သန်း ၇၀၀၀ အနက် သန်း ၁၇၀၀ ကျော် ပြန်ပေးမည်ဟု မကွေးတိုင်း ဝန်ကြီးချူပ်ဟောင်းဆို


မကွေးတိုင်းလွှတ်တော် (MOI)
မကွေးတိုင်းလွှတ်တော် (MOI)

ပြီးခဲ့တဲ့ အစိုးရလက်ထက် မကွေးတိုင်း ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ လက်ထက် မှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ အတွက် ပေးလှူခဲ့ တယ်လို့ ပြောဆိုနေကြတဲ့ ငွေသန်းပေါင်း ၁၇၀၀ ကျော်ကို မကြာမှီရက်ပိုင်း အတွင်း လက်ရှိ အစိုးရထံ ပြန်လည်ပေးအပ် သွားမယ် လို့ ပြောဆိုထားတဲ့ အကြောင်း လက်ရှိမကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဗွီအိုအေ ကို ပြောပါတယ်။

ရေနံလက်ယက်တွင်းတွေကနေရတဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ် သန်းပေါင်း ၇၀၀၀ ကျော် ပျောက်ဆုံးနေတာကို စစစ က စစ်ဆေးနေတဲ့ အချိန်မှာပဲ အဲဒီ့ငွေထဲက ကျပ်သန်းပေါင်း ၃၀၀၀ ထောင်ကို လက်ရှိ အစိုးရသစ်ထံ ပြန်လှည်ပေးအပ်ဖို့ သမ္မတရုံးက ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်ကိုထက်အောင်က တင်ပြပေးမှာပါ။

မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ လက်ထက်အတွင်း ရေနံလက်ယက်တွင်း လုပ်ငန်းကနေ ရတဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ်သန်းပေါင်း ၇၀၀၀ ထောင်ကျော် ပျောက်ဆုံးနေတာကို လက်ရှိ အစိုးရ သစ် လက်ထက် မှာ တွေ့ရှိ ခဲ့တာပါ။ အဲဒီ့ငွေထဲက ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ အတွက် ပေးလှူ ခဲ့တယ်လို့ ပြောဆိုကြတဲ့ ငွေသန်းပေါင်း ၁၇၀၀ ကျော်ကို ဦးဘုန်းမော်ရွေက ဒီရက်ပိုင်း အတွင်းမှာ ပြန်ပေးမယ်လို့ အကြောင်းကြားတဲ့အကြောင်း လက်ရှိ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဗွီအိုအေကို ပြောပါတယ်။

“မနက်က သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ညနေကျတော့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးပါတီ ကိုပေးလိုက်တဲ့ သန်း ၁၇၀၀ ကို ဒီရက်အတွင်းပြန်ပေး မယ်လို့ ပြောတယ်ခင်ဗျ။ ကျနေ်ာသိတာကတော့ ဦးညီထွန်းဆိုတဲ့ ပုဂ္ဂိုလ်ဆီကနေ သိတာ။ ဦးညီထွန်းတို့ ကျနေ်ာကတော့ တဆင့် တိုင်းအုပ်ချုပ်ရေးမှူးတို့ ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့အတွင်းရေးမှူး ကနေတဆင့် ကျနေ်ာ့ကို ပြောတာ ။ ဦးညီထွန်းနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက သန်း ၁၇၀၀ ကို ဒီရက်အတွင်းပြန်ပေးမယ်လို့ အဲလိုပြောတာဗျ ကျန်တာတွေက သူတို့ ပေးပါလိမ့်မယ် ဘယ်တော့ပေးမယ်ဆိုတာတော့ မသိဘူးပေါ့နော်။ နောက်တခု ရွှေသုခ ငွေစုငွေးချေးရေးလုပ်ငန်းမှာ ရှိတာတွေကတော့ လုပ်ငန်းရှင်တွေက ချေးထားလားတော့မသိဘူး အဲဒါတွေလည်း ပြန်ပေးပါလိမ့်မယ် ဘယ်တော့ ပေးမလဲတော့မသိဘူးပေါ့နော် ပြန်ပြောရမှာ ကျနော်တို့က မနေ့ကကတည်းက ကျနေ်ာတို့ စာပို့လိုက်ပြီ။”

ဒီကိစ္စနဲ့ ပက်သက်လို့ ဧပြီလ ၂၅ ရက်နေ့ မနက်မှာ မကွေးတိုင်းဒေသကြီး အစိုးရရုံးအတွင်း သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီရှင်းလင်းပွဲအတွင်းမှာ

ကွာဟနေတဲ့ ငွေအများအပြားထဲကနေ ကျပ်သန်းပေါင်း ၃၀၀၀ ထောင်ကျော်ကို လက်ရှိအစိုးရထံ ပြန်လည်ပေးအပ်ဖို့ သမ္မတရုံးက ညွှန်ကြားထားတယ်လို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက အခုလို ပြောပါတယ်။

“ရွှေသုခ ငွေစုငွေချေးမှာက သန်း ၁၅၀၀ ကျော် နောက်တခါ ကြံ့ခိုင်ရေး အသင်းကိုပေး တာက သန်း ၁၇၀၀ ကျော် အဲဒါကို ပြန်တောင်းပါတဲ့။ နောက်တခါ ဘက်ဟိုး တစီး ပါတယ်။ နောက်တခါ ပဲ့ထောင် ၁ စီး ၊ နောက် ကား၄ စီးပါတယ် အဲဒါတွေကို ပြန်တောင်း ပါတဲ့ ၊ ပြန်မပေးဘူးဆိုရင်တော့ ဥပဒေကြောင်းအရ အရေးယူပါတဲ့ ပြည်ထောင်စုရုံးက ညွှန်ကြားတာ ။ ဒီမှာက ဥပဒေချုပ်နဲ့တိုင်ပြင်ပြီးတော့ အစိုးရအဖွဲ့နဲ့ ဆောင်ရွက်နေ တာကတော့ ပြည်ထောင်စုအစိုးရက ညွန်ကြားထားတဲ့အတိုင်း ကျပ်သန်းပေါင်း ၃၂၀၀ ရဖို့ကိစ္စပဲ အဲဒါတွေ လောလောဆည်လုံးပါးနေတယ်။ ကျန်တာတွေ ကတော့ နောက် တဆင့်ပြီးတဆင့် ဘယ်လိုတွေလာမယ်ဆိုတာကိုတော့ မသိဘူးပေါ့နော်။ အစိုးရအဖွဲ့ တိုင်ပင်ညှိနှိုင်းလုပ်ရမှာနော်။"

သမ္မတရုံး ညွှန်ကြားချက်အရ ကျပ်သန်းပေါင်း ၃၀၀၀ ထောင်ကျော် ပြန်ပေးဖို့အတွက် မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ၊ မကွေးတိုင်းဒေသကြီး ဖွံဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌနဲ့ ရွှေသုခအသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥက္ကဌ ဦးကြည်ထွန်းတို့ဆီကို အသိပေး အကြောင်းကြားစာ ပေးပို့ထား တယ်လို့ ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

ဒီငွေ အများအပြား ကွာဟနေမှုနဲ့ ပက်သက်လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုနဲ့ လုံး၀ သက်ဆိုင်မှု မရှိတဲ့အကြောင်း အစောပိုင်းကတည်းက ပါတီပြောခွင့်ရသူက ပြောဆိုထားပါတယ်။ တကယ်လို့ ဒီငွေအများအပြားကို ပါတီဝင်တစ်ဦးဦးက အလွဲသုံးစား လုပ်ခဲ့တယ်ဆိုရင်လည်း ပါတီစည်းမျဉ်းစည်းကမ်းအရ အရေးယူသွားမယ်လို့လည်း ဗွီအိုအေကို ပြောဆိုထားတာပါ။ လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးပါတီကို ပေးလှူခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လို့ ဒါဟာ မဟုတ်မမှန်တဲ့အကြောင်း ဒီကနေ့မှာ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဒေါက်တာ ဦးနန္ဒာလှမြင့်က ငြင်းဆိုသလို အစိုးရ တာဝန်ရှိသူတွေအနေနဲ့လည်း ဦးဘုန်းမော်ရွှေကို ခေါ်ယူ စစ်ဆေးလိုက်ရင် ဒီကိစ္စပိုပြီး ရှင်းရှင်းလင်းလင်း သိနိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ဦးဘုန်းမော်ရွှေက အစိုးရအဖွဲ့တာဝန်ယူတဲ့အချိန်မှာ ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေဖြစ်တယ်ပေါ့နော်။ နောက်သူက ဝန်ကြီးချုပ်တယောက်အနေနဲ့လည်း တိုင်းရန်ပုံငွေကို ဝန်ကြီးစီမံခန့်ခွဲခွင့်ရှိတယ်လေ။ သူလုပ်ဆောင် ခဲ့တဲ့ ကိစ္စတွေကပြည်ခိုင်ဖြိုးပါတီကို ပေးခဲ့တယ်ဆိုတာကတော့ အခုအချိန်အထိအရကော စာရင်းအရကော ကျနော်မသိထားပြီး ၊ မရှိဘူး မရှိတဲ့အတွက်လည်း မရှိကြောင်း ကျနော်တို့ ပြောထားပြီးပြီလေ။ ဦးဘုန်းမော်ရွှေက အစိုးရအဖွဲ့ခေါ်ယူရှင်းလင်းလိုက်ရင် ပြီးသွားမှာပါ။ ဥပဒေနဲ့အညီဖြစ်ဖို့ကျနော်တို့ပြောနေတာပါ။ လက်ရှိအစိုးရ ဘက်ကဆောင်ရွက်လို့ရမယ့် ကိစ္စဖြစ်နေတာလေ။ ဆိုတော့ လက်ရှိအစိုးရ ကနေပြီးတော့ အရင်အစိုးရ တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ခေါ်ယူမေးမြန်း ပြီးတော့ ဖြေရှင်းလိုက်ရင် ဒီကိစ္စက ပြီးသွားမှာပါ။ ဥပဒေနဲ့အညီပဲ ဆောင်ရွက်သွားကြမှာပေါ့။”

ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်းမှာ ဦးဘုန်းမော်ရွှေဟာ မကွေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို မကွေးတိုင်း ဒေသကြီးရဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌအဖြစ်လည်း တာဝန်ယူခဲ့တာပါ။ ဒါကြောင့်လည်း ဒီငွေအများအပြားကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွက် အသုံးပြုခဲ့တာလား ဒါမှမဟုတ် မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီ မှာ ပေးလှူခဲ့သလား ဆိုတာကိုတော့ လက်ရှိအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့်လို ကျန်ရှိနေသေးတဲ့ ကွာဟငွေ ငွေသန်းပေါင်း ၄ ထောင်ကျော်နဲ့ ပတ်သက်လို့ ပြည်ထောင်စု အစိုးရနဲ့ တိုင်ပင်ကာ စိစစ်ဆောင်ရွက်သွားမယ်လို့ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

XS
SM
MD
LG