သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွံဖြိုးရေးရန်ပုံငွေစာရင်းကွာမှု စုံစမ်းဖို့ မကွေးတိုင်းအစိုးရတောင်းဆို


မကွေးတိုင်းဒေသကြီးလွှတ်တော်
မကွေးတိုင်းဒေသကြီးလွှတ်တော်

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေလက်ထက် ဒေသဖွံဖြိုးရေး ရန်ပုံငွေထဲကကျပ်သန်းပေါင်း ၄ ထောင်ကျော်နဲ့ ပက်သက်လို့ ရှင်းရှင်းလင်းလင်းသိရအောင် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စ ၃ လုံးကို မကွေးတိုင်းအစိုးရအနေနဲ့ စာရေး တောင်းဆိုထားတယ်လို့ လက်ရှိ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ဗွီအိုအေကို ပြောပါတယ်။ စာရင်းကွာနေတဲ့ ကျပ်သန်းပေါင်း ၇ ထောင်ကျော်ထဲက သန်း ၃ ထောင်ကျော်ကို ပြန်ပေးဖို့ပဲ ပြည်ထောင်စုအစိုးရက ညွှန်ကြားထားတာဖြစ်ပြီး ကျပ်သန်း ၄ ထောင်ကျော်ကိစ္စက ခုချိန်ထိ ရှင်းရှင်းလင်းလင်းမရှိသေးတာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

အရင် မကွေးတိုင်းဒေသကြီး အစိုးရလက်ထက်မှာ ဘယ်လိုသုံးစွဲလိုက်တယ်ဆိုတာ တိတိကျကျ မသိရသေးတဲ့ ရန်ပုံငွေကိစ္စကို ရှင်းရှင်းလင်းလင်း သိရဖို့ အတွက် ဒီကိစ္စကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ အထူးစုံစမ်းရေးစစ်ဆေးရေးအဖွဲ့ စစစ ကို စာပို့မေးမြန်းထားတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

“အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဒါတွေကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ မကွေးတိုင်း အထူးစုံစမ်းစစ်ဆေးရေး စသုံးလုံးကိုကျနော်တို့စာနဲ့မေးထားပါတယ်။ ဒီ သန်း၄၀၀၀ နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုတွေ့ရှိရသလဲ ၊ ဘာတွေသုံးသလဲဆိုတာကို ကျနော်တို့မေးထားတယ်ခင်ဗျ။ ဒီကနေ့ပဲ တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးထိုင်တယ်။ ပြီးတော့ အဲဒါလေးဆောင်ရွက်လိုက်ပါတယ်။ မေးပါလိမ့်မယ်နော်။ မေးပြီးသူတို့ဘယ်လိုဖြေမလဲတော့မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ပြည်ထောင်စုအစိုးရရဲ့ ဆောင်ရွက်ချက်နဲ့ ဒါတွေဖော်ထုတ်တဲ့အခါကျတော့ တင်ပြလိုက်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအစီရင်ခံစာကို ကျနော်တို့တိုင်းဒေသကြီးအစိုးရက မသိဘူးခင်ဗျ ဘာတွေပါတယ်ဆိုတာကို မသိဘူး၊ အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့မေးမြန်းစုံစမ်းနေပါတယ်။ ပြည်သူလူထုကို ဖွင့်ပြောနိုင်ရင်တော့ ဖွင့်ပြောမှာပါ။”

ရေနံလက်ယက်တွင်း လုပ်ငန်းရှင်တွေဆီကနေ ၏ရတဲ့ ကျပ်ငွေသန်းပေါင်း ၇ ထောင်ကျော် ကွာဟနေတာနဲ့ ပက်သတ်လို့ အဲဒီ့အချိန်က မကွေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးဘုန်းမော်ရွှေက အလွဲသုံးစားလုပ်ထားလားဆိုတဲ့ မေးခွန်းတွေက ထွက်နေတာပါ။ ကျပ်သန်းပေါင်း ထောင်နဲ့ချီတဲ့ငွေတွေကို ဒေသဖွံဖြိုးရေးအတွက် အသုံးမပြုခဲ့တဲ့အတွက် ဒီကိစ္စကို တိတိကျကျ သိရဖို့ လက်ရှိ အစိုးရသစ်လက်ထက်မှာ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြည်သူ့လွှတ်တော်မှာ မေးမြန်းရာကနေစစစ ကနေ ခုံရုံးဖွဲ့ စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ စစစ ရဲ့ ကနဦး စစ်ဆေး တွေ့ရှိ ချက်ကို အခြေခံပြီး အဲဒီ့ငွေထဲက ငွေသန်းပေါင်း ၃ ထောင်ကျော်ကို လက်ရှိ အစိုးရထံ ပြန်ပေးဖို့ သမ္မတရုံးက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိကျန်ရှိနေသးတဲ့ ငွေသန်းပေါင်း ၄ ထောင်ကျော်ကို မကွေးတိုင်း ဒေသကြီး ဒေသဖွံဖြိုးရေးတွေမှာ အသုံးပြုခဲ့တယ်ဆိုပြီး စစစ က စုံစမ်းတွေ့ရှိတယ်လို့ သိရတာကြောင့် ဒီငွေတွေကို အမှန်တကယ် အသုံးပြုခဲ့ရဲ့လားဆိုတာ သိဖို့ လိုအပ်တယ်လို့ မကွေးတိုင်း ဒေသကြီး အစိုးရ ပြောရေးဆိုခွင့် ရှိသူထဲက တစ်ဦး အပါအဝင်ဖြစ်တဲ့ ဦးနေမျိုးကျော်က ပြောပါတယ်။

“အခုရွှေသုခ ငွေးချေးက ပြန်ပေးရမယ့်ငွေ ကြံ့ခိုင်ရေးကို လွှဲပြောင်းပေးအပ်တယ်လို့ စုံစမ်းစစ်ဆေးရေးမှာ ပေါ်ပေါက်လို့ ဦးဘုန်းမော်ရွှေတို့က တာဝန်ယူပြီး ပြန်ပေးရတဲ့ငွေစုပေါင်းရင်တောင် ၃ ဘီလီယံကျော်ပဲ ရှိသေးတာဖြစ်သေးတဲ့အတွက် ၄ ဘီလီယံကျော်ဟာ ဒေသဖွံ့ဖြိးရေးတွေမှာ ဆောင်ရွက်ထားတယ်လို့ စသုံးလုံးစုံစမ်းစစ်ဆေးချက်တွေမှာ ပါတယ်လို့ ကျနေ်ာတို့ကြားသိရတယ်။ ဒါကြောင့် ဘယ်နေရာတွေမှာ သုံးစွဲခဲ့လို့ ဒေသဖွံ့ဖြိုးရေးလုပ်ထားသလဲဆိုတာကိုတော့ ဆက်လက်စုံစမ်းစစ်ဆေးဖို့အပိုင်းကျန်သေးတယ်လို့ ကျနော်ဖြေနိုင်ပါတယ်။ ဥပမာအားဖြင့် ပြည်ထောင်စု ဘားဂျက်နဲ့ ထပ်နေတဲ့နေရာဖြစ်သလား။ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေနဲ့ ထပ်နေတဲ့ နေရာဖြစ်သလား အမှန်တကယ်အကောင်အထည်ဖော်ခဲ့တဲ့ လုပ်ငန်းတွေဖြစ်သလားဆိုတာကို ကျနော်တို့ပြန်ကြည့်မှာဖြစ်ပါတယ်။”

သမ္မတရုံးက ပြန်ပေးဖို့ ညွှန်ကြားထားတဲ့ ငွေသန်းပေါင်း ၃ ထောင်ကျော်ကိုတော့ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ပြန်ပေးမယ်လို့ တိုင်းအစိုးရထံ စာပို့ အကြောင်းကြားထားပါတယ်။ အဲဒီ့ငွေထဲက ငွေကျပ် သန်း ၅၀၀ ကို မေလ ပထမပတ်အတွင်းမှာ ပေးသွားမှာဖြစ်ပြီး ကျန်ရှိနေသးတဲ့ ငွေတွေကိုတော့ ဇူုလိုင်လ နောက်ဆုံးထားပြီး ပေးအပ်မယ်လို့လည်းဆိုပါတယ်။ အရင် ကြံခိုင်ရေး အစိုးရလက်ထက် မကွေးတိုင်း ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေဟာ သဘောထား တင်းမာသူ တစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြသလို မကွေးတိုင်း ဒေသအတွင်းက စီးပွားရေး လုပ်ငန်းတွေမှာလည်း အစုရှယ်ယာ အများအပြား ပိုင်ဆိုင်တယ်လို့ ခန့်မှန်းပြောဆိုမှုတွေလည်း ရှိပါတယ်။ အခုလို ငွေကြေး အများအပြား ကွာဟမှုတွေကြောင့် ဝေဖန်ခံနေရတဲ့ ဦးဘုန်းမော်ရွှေကိုတော့ အစိုးရက တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ ပါတီအနေနဲ့လည်း အရေးယူဖွယ် မရှိဘူးလို့ ကြံခိုင်ရေး ပါတီဖက်ကလည်း ပြောဆိုထားပါတယ်။ ဒါ့အပြင် သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ဒီကိစ္စဟာပြီးခဲ့တဲ့ အစိုးရ သက်တမ်းအတွင်းဖြစ်ခဲ့တဲ့ အတွက်ကြောင့်မလို့ ဦးဘုန်းမော်ရွှေကို ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ဖွယ် မရှိဘူးလို့ မီဒီယာတွေကို အရိပ်အမွတ် ပြောဆိုထားတာတွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG