သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယခင်အစိုးရရဲ့ မကွေးတိုင်းအစိုးရရန်ပုံငွေ ပြန်ရဖို့ရှိသေး


မကွေးတိုင်းလွှတ်တော် (MOI)
မကွေးတိုင်းလွှတ်တော် (MOI)

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေလက်ထက်မှာ ကွာဟခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေထဲက ကျပ်သန်း ၃ ထောင် ကျော်ကို ဇူလိုင်လနောက်ဆုံးထားပြီး ပြန်ရဖို့ရှိတယ်ဆိုတာ လက်ရှိ မကွေးတိုင်းဝန်ကြီးချုပ် ဦးအောင်မိုးညိုက ဗွီအိုအေကို ပြောပါတယ်။ ပြည်ခိုင်ဖြိုးပါတီကို လွှဲပြောင်းပေးခဲ့တဲ့ မော်တော်ယာဉ်တွေကိုတော့ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ တိုင်း အစိုးရကို ပြန်ပေးခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေလက်ထက်မှာ ကွာဟနေတဲ့ အစိုးရ ရန်ပုံငွေ ကျပ်သန်းပေါင်း ၇ ထောင်ကျော်ထဲက သန်းပေါင်း ၃ ထောင်ကျော်ကို လက်ရှိအစိုးရထံကို ပြန်လည်ပေးအပ်ဖို့ သမ္မတရုံးက ကြေညာချက်ထုတ်ပြီးတဲ့နောက်ပိုင်း အဲဒီငွေ တွေကို ဇူလိုင်လ နောက်ဆုံးထားပြီး ပေးအပ်တော့မှာဖြစ်တယ်လို့ လက်ရှိ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

“ကားတွေကိုတော့ ဟိုနေ့က ၂၉ ရက်နေ့က ပြန်လာပို့တာလေ ၊ မီနီဘက်စကား ၃ စီး၊ ဘက်ဟိုးကား ၁ စီး၊ ပဲ့ထောင်ရေယာဉ် ၁ စီးပါ။ ပထမဆုံးပေးမှာကတော့ သိန်း ၅၀၀၀ ပေါ့၊ သန်း ၅၀၀ ကို မေလ ပထမပတ်ထဲမှာ ပေးမယ်လို့ပြောပါတယ်။ ကျန်ငွေတွေ စုစုပေါင်း သန်း ၃၀၀၀ ကျော်ကို ဇူလိုင်လပတ် နောက်ဆုံးထားပြီးတော့ ပေးမယ်လို့ပြောပါတယ်။ ဇူလိုင်လကုန်နောက်ဆုံးထားပြီးပေးမယ်လို့ ပြောပါတယ်။”

ဒီကိစ္စကို ပြည်ထောင်စုအစိုးရကတိုက်ရိုက် ကိုင်တွယ်နေပြီး ဦးဘုန်းမော်ရွှေကို အရေးယူသင့် မယူသင့်ဆိုတာကိုတော့ တိုင်း အစိုးရနဲ့ ပြည်ထောင်စုအစိုးရ တိုင်ပင်ပြီးမှ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လဲ ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက် မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ဦးဘုန်းမော်ရွှေ တာဝန်ယူခဲ့ချိန်တုန်းက ရေနံ လက်ယက်တွင်း လုပ်ငန်းရှင်တွေဆီကနေရတဲ့ ဒေသဖွံဖြိုးရေး ရန်ပုံငွေ ကျပ်သန်းပေါင်း ၇ ထောင်ကျော် ကွာဟနေခဲ့တာပါ။ ဒီကိစ္စကို စုံစမ်း စစ်ဆေးဖို့ ပြည်သူ့လွတ်တော်မှာ မေးမြန်းရာကနေ ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စစစ က အဓိက ကိုင်တွယ် စစ်ဆေးနေတာလဲ ဖြစ်ပါတယ်။ ကွာဟနေတဲ့ ကျပ်ငွေ သန်းပေါင်း ၃ ထောင်ကျော်ကို လက်ရှိအစိုးရထံ ပြန်ပေးဖို့ စစစအဖွဲ့ရဲ့ အစီရင်ခံကို အခြေခံပြီး သမ္မတရုံးက ညွှန်ကြားထားပေမယ်လို့ ကျန်ရှိနေသေးတဲ့ ကျပ်သန်းပေါင်း ၄ ထောင်ကျော်ကို ဘယ်လိုကဏ္ဍတွေမှာ အသုံးပြုခဲ့တယ်၊ အစိုးရကို ပြန်လည်ပေးအပ်ဖို့ လိုမလိုဆိုတာကိုတော့ လက်ရှိအချိန်ထိ တိတိကျကျ မသိရသေးပါဘူး။ စစစရဲ့ စစ်ဆေးတွေ့ရှိချက် အသေးစိတ် အစီရင်ခံစာကိုလည်း မကွေးတိုင်းအစိုးရအနေနဲ့ မသိရဘူးလို့ ဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

“ပြည်ထဲရေးဝန်ကြီးဌာန စသုံးလုံးကနေပြီးတော့ စုံစမ်းစစ်ဆေးတယ်။ အဲလိုစစ်ပြီးတော့ သူလုပ်တဲ့တွေ့ရှိချက်တွေကို ပြည်ထောင်စုအစိုးရကို အစီရင်ခံမယ်။ အဲဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ ကျနေ်ာတို့ တိုင်းဒေသကြီးအစိုးရက ဘာမှ မသိရဘူးခင်ဗျ။ အဲဒီထဲမှာ အချက်အလက်တွေဘာတွေ ပါတယ်ဆိုတာကို မသိရဘူး။ အဲဒီအထဲမှာ ကျန်ခဲ့တဲ့ သန်း ၄၀၀၀ ကျော်ကို ဘာတွေသုံးသလဲ ၊ သန်း ၄၀၀၀ကတော့ ဟုတ်တယ် သို့သော်ကျနော်တို့ စစ်ဆေးတွေ့ရှိချက်အရ ဒါ ကုန်ကျတဲ့ သန်း ၅၀၀ ပြန်တောင်းသင့်တယ်ဆိုရင် ဒါတွေက ကျနေ်ာတို့ ဆက်ပြီးဆောင်ရွက်ရမယ့်ကိစ္စ။ သို့သော် အဲဒီ အစီရင်ခံစာမှာ သန်း ၄ ထောင်နဲ့ ပတ်သက်ပြီး ဘယ်လိုတွေသုံးသွားတယ် ဆိုတာကို ကျနေ်ာတို့ ဘာမှ မသိရဘူးခင်ဗျ။”

ကွာဟနေတဲ့ ကျပ်ငွေသန်းပေါင်း ၇ ထောင်ကျော်နဲ့ ပတ်သက်ပြီး မေးမြန်းတာမှာ နောက်ကြောင်းပြန်ဖို့ အစီအစဉ်မရှိသလို နောက်ကြောင်းလှန်ပါက နောက်ကြောင်းပြန်နိုင်တဲ့ အနေအထားရှိတယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောတာကို ပြည်တွင်းမီဒီယာတွေက ရေးပါတယ်။ ဦးဘုန်းမော်ရွှေကို အစိုးရက ဥပဒေကြောင်းအရ အရေးမယူဘူးဆိုရင် ပါတီအနေနဲ့လဲ အရေးယူဖွယ် မရှိဘူးလို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ နန္ဒာလှမြင့်က ပြောတာကိုလဲ သတင်းတွေက ရေး ကြပါတယ်။

ဦးဘုန်းမော်ရွှေ ပြန်ပေးမယ်လို့ ပြောဆိုထားတဲ့ ငွေသန်းပေါင်း ၃ ထောင်ကျော်ကိုတော့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်အတွက် မကွေးတိုင်းအစိုးရအနေနဲ့ သုံးစွဲဖို့မရှိဘဲ နှစ်ကုန်ပိုင်းကျမှ ဘဏ္ဍရေး လိုငွေပြလာရင် ခွဲဝေသုံးစွဲဖို့ အစီအစဉ်ရှိတယ်လို့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ ဒီငွေတွေကို ပြည်သူလူထုသိအောင် ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုသွားမယ်လို့လဲ ဝန်ကြီးချုပ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG