သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတွေအသတ်ခံရမှု မလေးရဲတွေစုံစမ်း


မလေးရှားရဲများ
မလေးရှားရဲများ

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား ၅ ဦး သေဆုံးခဲ့ရတဲ့အထိ အမည်မသိသူတွေရဲ့တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် မလေးရှားရဲတွေက အပူတပြင်း လုပ်ဆောင်နေသလို ကွာလာလမ်ပူ မြန်မာသံရုံးကလည်း ပူးပေါင်းဆောင်ရွက် နေတယ်လို့ မလေးရှားမှာရှိတဲ့ မြန်မာနိုင်ငံသားများ နားရေးကူညီမှုအသင်းက ပြောပါတယ်။ မြန်မာ အလုပ်သမားတွေ အသတ်ခံပြီးနောက် မလေးရောက် မြန်မာတွေကြား ကျီးလန့်စာစား နေနေကြရတယ်လို့လည်း ဆိုပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နား ဆာဒန်းအရပ်က လျှပ်စစ်စက်ရုံတခုမှာ ညဖက်အချိန်ပို အလုပ်ဆင်းပြီး ဇန်နဝါရီလ ၅ ရက် ကြာသာပတေး ညက ပြန်လာကြတဲ့ မြန်မာအလုပ်သမား ၁၃ ဦးကို ဓါးနဲ့ဝင်ခုတ် တိုက်ခိုက်ခဲ့တာကြောင့် သူတို့ထဲက ၅ ဦးသေဆုံးခဲ့ရပြီး အသက်မသေပဲ ကျန်နေသူတချို့ကို မလေးရှားရဲတွေက လုံခြုံရေးအတွက်ရော အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက်ပါ ယာယီထိန်းသိမ်းထားပါတယ်။ မလေးရှား နိုင်ငံ ဆာဒန်းရဲစခန်းမှာ ယာယီထိန်းသိမ်းထားတဲ့ မြန်မာအလုပ်သမားတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ၇ ရက်သားသမီး နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းကတော့ မလေးရဲတွေအနေနဲ့ အမှုမှန် ပေါ်ပေါက်ရေးကို အပူတပြင်း ဆောင်ရွက်နေတာတွေ့ရကြောင်း ပြောပါတယ်။

“မလေးရဲတပ်ဖွဲ့လည်းပြောတယ်လေ ဒီဟာကို အမှုမှန် ပေါ်ပေါက်ရေးအတွက် သူတို့အနေနဲ့လည်း ခရိုင်ရုံးတခုတည်းမဟုတ်ဘူး၊ မလေးရှား ကွာလာလမ်ပူ တိုင်းရုံးတွေကအစ ဆင်းလာပြီး ဒီကိစ္စကို သေချာ တကယ့်ကို လုပ်ပြီး စစ်ဆေးနေတာတွေ့ရတယ်။ တခြားအမှုတွေထက်စာရင် ဒီအမှုကတော့ အမှုမှန်ပေါ်ပေါက်မယ်လို့ ယူဆတယ်။ ကျနော်တို့ နာရေးကူညီမှုအသင်းကတော့ ဒီသံရုံးနဲ့ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်။”

မြန်မာအစိုးရအနေနဲ့ကလည်း မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ဘေးကင်းလုံခြုံစွာနေနိုင်ရေး သတိပေးချက်ထုတ်ပြန်ထားသလို၊ အသတ်ခံရတဲ့ မြန်မာအလုပ်သမား တွေရဲ့ အမှုမှန်ဖေါ်ထုတ်နိုင်ရေး မလေးရှားအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မြန်မာအလုပ်သမားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

“တကယ်အဖြစ်မှန် ဇစ်မြစ်က သေချာ ကျနော်တို့ကလည်း မသိရသေးဘူး ဒါပေမယ့် အလုပ်သမားတွေ သတိထားဖို့ကိုလည်း ကျနော်တို့သံရုံးတွေက သက်ဆိုင်ရာအလုပ်သမားတွေ ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ဒါလေးတွေလုပ်နေတာရှိပါတယ်။ သက်ဆိုင်ရာရဲစခန်းမှာသွားပြီးတော့ ရဲတွေနဲ့ ပူးပေါင်းပြီး ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတာပေါ့နော်။ တဖက်ကလည်း အခြားလိုအပ်တဲ့ သတင်းတွေနဲ့ Information တွေကို လိုက်မေးနေတာပေါ့နော်။ အဲဒါမျိုးလေးတွေတော့ လုပ်နေပါတယ် ကျနော်တို့ဆီက။”

မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေသေတဲ့အထိ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် မလေးရှားရောက် မြန်မာအလုပ်သမားတွေကြား ကျီးလန့်စာစား နေနေကြရတယ်လို့ နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက ပြောပါတယ်။

“မြန်မာအလုပ်သမားတွေကတော့ ဒီလိုပေါ့လေ အလုပ်ကပြန်လာပြီးတိုက်ခိုက်ခံရတာ ဒါပထမဦးဆုံးပဲ၊ တပြိုင်နက် လူ ၅ ယောက် အသတ်ခံရတယ်ဆိုတာက အားလုံးက ကြောက်နေကြတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အားလုံးကတော့ သွားတာလာတာကအစ အားလုံးကတော့ သတိထားပြီး သွားလာနေကြပါတယ်။ အလုပ်သွားမယ်ဆိုရင် အရင်တုန်းကတော့ ၁ ယောက်တည်းသွားတာတို့ ၊ တယောက်တည်းအကြောင်းရှိလို့ မြို့ထဲသွားတာတို့ ၊ ညအချိန်မတော် တယောက်တည်းသွားတာတို့ ၊ စားသောက်တာတို့ ဒါမျိုးတွေရှိတတ်တယ်လေ ။ အခုနောက်ပိုင်း ဒါမျိုးတွေ မရှိတော့ပါဘူး။”

အကြမ်းဖက်တိုက်ခိုက်ခံရပြီး သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းကို မလေးရှားရဲတွေက ထိန်းသိမ်းထားဆဲဖြစ်ပြီး မီးသင်္ဂြိုလ်ခွင့် မရသေး ဘူးလို့ ကိုဆန်းဝင်းက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသက နယ်ခြားစောင့်တပ်ကို အောက်တိုဘာလဆန်းပိုင်းမှာ အကြမ်းဖက်သမားတစု ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း စစ်တပ်နဲ့ရဲလုံခြုံရေးက နယ်မြေရှင်းလင်းမှုအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် မလေးရှား ဝန်ကြီးချုပ်ကိုယ်တိုင် လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြ ခဲ့သလို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ မလေးရှား နိုင်ငံရေးပါတီတွေ၊ မလေး ဘာသာရေး အဖွဲ့အစည်းတွေနဲ့ NGOs တွေက မြန်မာသံရုံးကို လာ ရောက်ဆန္ဒပြတာတွေ ပြုလုပ်ခဲ့ပြီး၊ ဆန္ဒပြတာတွေ ဆက်ရှိလာနိုင်တာကြောင့် ဒီလို အခြေအနေမျိုးမှာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံတွေ အနေနဲ့ အထူးဂရုစိုက် သွားလာနေထိုင်ကြဖို့ မြန်မာသံရုံးက ၂၀၁၆ ဒီဇင်ဘာလ ၂ ရက်မှာ ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG