သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအရေးဘဝင်မကျလို့ မလေးရှားအသင်း ဆူဇူကီးဖလား ကနေနှုတ်ထွက်ဖို့ စဉ်းစား


AFF Suzuki Cup 2016 မလေးရှားအသင်း (FB-Myanmar Football Federation)
AFF Suzuki Cup 2016 မလေးရှားအသင်း (FB-Myanmar Football Federation)

ရခိုင်ပြည်နယ် မောင်တောဒေသကပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ အိမ်ရှင်အဖြစ် ပူးတွဲ ကျင်းပနေတဲ့ ဆူဇီကီးဖလားအာဆီယံ ဘောလုံး အဖဲ့ွချုပ် ပြိုင်ပွဲကနေ မလေးရှားဘောလုံးအသင်း နုတ်ထွက်ဖို့ မလေးရှားအားကစား
ဝန်ကြီးက ကြိုးစားနေပါတယ်။ ဒါပေမဲ့လည်းအားကစားနဲ့ နိုင်ငံရေးရောယှက်ဖို့ ကြိုးစားတာနဲ့ ပတ်သတ်လို့ မြန်မာဘောလုံးအသင်းချုပ် တာဝန်ရှိသူကတော့ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ကတင်ပြပေးမှာပါ။

ပြီးခဲ့တဲ့ သတင်းပတ် စနေနေ့တုန်းကမြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နို်င်ငံတို့ကအိမ်ရှင်အဖြစ် ပူးတွဲကျင်းပနေတဲ့ အာဆီယံဘောလုံးအဖွဲ့ချုပ် ဆူဇီကီးဖလား ပြိုင်ပွဲကနေမလေးရှားဘောလုံးအသင်း နုတ်ထွက်ဖို့ မလေးရှားလူငယ်နဲ့ အားကစား ဝန်ကြီး Khairy Jamaluddin က စည်းရုံး လှုံဆော်နေပါတယ်။ အဓိကကတော့ ရခိုင်ပြည်နယ် မောင်တော ဒေသတွင်း ပဋိပက္ခတွေမှာ လူနည်းစုမူစလင်တွေ အပေါ် မြန်မာစစ်တပ်ကလူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာကြောင့် ဖြစ်တယ်လို့ မလေးရှားသတင်းတွေမှာဖော်ပြကြပါတယ်။ မလေးရှားအားကစား ဝန်ကြီး Khairy ကတော့ မလေးရှားဘောလုံးအသင်း ဒီပြိုင်ပွဲကနေနုတ်ထွက်အောင် ထပ်မံကြိုးစားသွားမယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာပြောဆိုသွားပါတယ်။

“အစိုးရအဖွဲ့ရဲ့ သဘောထားရဖို့ ကျနော်ကြိုးစားသွားမှာ ဖြစ်ပါတယ်၊ လုပ်သင့်-မသင့် ဆိုတာကိုတော့ သူတို့ဆုံးဖြတ်ကြပါလိမ့်မယ်၊ ဒီနောက်မှာတော့ အသင်းအုပ်ချုပ်ရေးမှူးကိုကျနော်အကြံပေးသွားမှာပါ။ ဘာပဲဆုံးဖြတ်၊ ဆုံးဖြတ် ဒီကိစ္စနဲ့ ပတ်သက်လို့ ဆက်ပြီးပြောနေရဦးမှာပါ။ ဒါကြောင့်လည်း UMNO လူငယ်တွေစုပြီး မြန်မာသံရုံးမှာကျနော်တို့ရဲ့ သဘောထားကိုသွားပေးမှာပါ။”

မလေးရှားဘောလုံးအသင်းဟာအိမ်ရှင် မြန်မာအသင်း အပါအဝင် ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် အသင်းတို့နဲ့အတူအုပ်စုခမှာအတူကျနေတာပါ။ ပထမဆုံးတစ်ပွဲ ကျင်းပပြီးချိန်ထိ မလေးရှားအသင်းက ကမ္ဘောဒီးယားအသင်းကို နိုင်ပြီးဒီအုပ်စုမှာထိပ်ဆုံူးကဦးဆောင်နေပါတယ်။ မလေးရှား အားကစားဝန်ကြီး ကတော့ လူသားချင်းစာနာထောက်ထားမှု မရှိပဲနဲ့ အားကစားဆိုတဲ့ စကားလုံးကို ဘယ်လိုအဓိပ္ပာယ်ဖွင့်လို့ ရနိုင်မှာပါလဲ၊ ဒီ့ထက်ပိုဆိုးတာက လူသားမျိုးနွယ်စုတွေဖြစ်တဲ့ လူနည်းစုမူစလင်တွေကို ရက်ရက်စက်စက် ညည်းပန်းနှိပ်စက်နေကြတာပါပဲလို့ မေးခွန်း ထုတ်လိုက်ပါတယ်။ ဒါကြောင့်လည်းသူ့အနေနဲ့ ဒီကိစ္စကို ပြီးခဲ့တဲ့ ဝန်ကြီးများ အစည်းအဝေးမှာ တင်ပြီး ဖြစ်သလိုနောက်တစ်ပတ်ထဲမှာကျင်းပမယ့် အစည်းအဝေးမှာလည်း ထပ်မံဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။အစိုးရအနေနဲ့ ဒီကိစ္စကို ပြတ်ပြတ်သားသားဆောင်ရွက်နိုင်ဖို့ မျှော်လင့်မိတယ်လို့လည်းသူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာအင်္ဂါနေ့ကရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ကိုစိုးမိုးကျော်ကတော့ အားကစားနဲ့ နိုင်ငံရေးရောယှက်အောင် လုပ်လို့ မရဘူးလို့ တုန့်ပြန်ပါတယ်။

“ကျနော်တို့က နိုင်ငံရေးနဲ့ မဆက်နွယ်ပါဘူး။ အခုတောင် ကစားနေတာပဲ ၊ အခုတင်ပြီးသွားတယ် မလေးရှားကပ်ရှုံးသွားတယ်။ မလေးရှားအသင်းဘက်က အဲလို တစုံတရာ ပြောတာ ဘောလုံးက နိုင်ငံရေးနဲ့ တခြားစီပဲ ၊ သူ့ဟာသူ့ ဝန်ကြီးပဲပြောပြော ဘာပဲပြောပြော ၊ နိုင်ငံတကာဘောလုံးအသိုင်းအဝိုင်းကရော၊ FIFA ရော ၊ တခြားနိုင်ငံတကာ ဘောလုံးအဖွဲ့အစည်းတွေကရော ဘောလုံးက နိုင်ငံရေး မှမဟုတ်ဘူး၊ ဘာသာရေးနဲ့လည်းဆက်နွယ်လို့မရဘူး၊ ဘောလုံးက ဘာအရောင်မှမရှိရဘူး၊ ဘာခွဲခြားမှုမှ မရှိရဘူး၊ ဘာအသားအရောင်မှမရှိဘူး ၊ ဘာ ဘာသာရေးမရှိဘူး၊ ဘာနိုင်ငံရေးမှ မရှိဘူး။”

ဒီကနေ့မှာတော့ မလေးရှားအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ကြိုင်ကစားကြသလို မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အုပ်စုပွဲရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် အသင်းနဲ့ မလေးရှားအသင်းတွေဟာဒီတပတ်စနေနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG