သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသ ထွက်ပြေးသူ ၁၀၀၀ ကျော် အစိုးရကူညီနေ


ထွက်ပြေးလာတဲ့ ဒေသခံများ
ထွက်ပြေးလာတဲ့ ဒေသခံများ

မကြာသေးခင်တုန်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တော ဒေသတွင်းမှာ ထွက်ပြေးတိမ်းရှောင်သူ တထောင်ကျော် တွေ့ရှိခဲ့တဲ့အတွက် အကူအညီပေးအပ်ထားတယ်လို့ မြန်မာအစိုးရက ပြောပါတယ်။ တချိန်တည်းမှာပဲ တဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသူတွေလည်း ရာနဲ့ချီ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ် မောင်တော ဒေသတွင်းက မူဆလင်တွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ နိုင်ငံတွင်းကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ မောင်တောဒေသတွင်းမှာပဲ ရှောင်တိမ်းနေသူ အများအပြားကို တွေ့ရှိခဲ့ရတာပါ။ အဘူဂျားရား ကျေးရွာအနီးမှာတင် လူတစ်ထောင်ကျော် တွေ့ရှိခဲ့ရတယ်လို့လည်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ ၊ရဲစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက်မှာ ဘယ်ရွာတွေက ဓါးကြီးစားကျေးရွာနဲ့ မျောတောင် ကနေပြီးတော့ထွက်ပြေးတိမ်းရှောင်လာတဲ့ လူတွေအားလုံးပေါင်း ၁၂၁၃ ဦးရှိပါတယ်။ ကျနော်တို့ သူတို့ကိုတွေ့တဲ့အခါမှာ ဘယ်သူတွေ၊ ဘယ်ရွာကလည်း ဒါမှမဟုတ် ဟိုဘက် နိုင်ငံကလာတာလား ၊ မူလအတိုင်းမောင်တောခရိုင်ထဲက ရွာတွေမှာ နေသလား စီစစ်တယ်။ အထူးသဖြင့်အမားဆုံးပါတာကတော့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ပါနေတယ်။”

ဒီရက်ပိုင်းအတွင်းမှာပဲ ရာနဲ့ချီတဲ့သူတွေ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတာတွေ ရှိခဲ့ပေမဲ့ ဘင်္ဂလားဒေ့ နယ်ခြားစောင့်တပ်တွေက လက်မခံခဲ့ဘူးလို့ ဘင်္ဂလားဒေ့ သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် မြန်မာအစိုးရကတော့ နှစ်နိုင်ငံ နယ်ခြား စောင့်တပ်အချင်းချင်း မေးမြန်းရာမှာ အဲဒီ့လို ကိစ္စမျိုးတွေ မရှိဖူးလို့ ဆိုပါတယ်။

မြန်မာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် တစ်ဖက်နိုင်ငံကို ထွက်ပြေးပုန်းရှောင်ဖို့ ကြိုးစားကြတဲ့ သူတွေကို လုံခြုံရေး အာဏာပိုင်တွေက သတ်ဖြတ်တာတွေ၊ နေအိမ်အဆောက်အအုံတွေကို မီးရှိုးဖြတ်စီးတာတွေ ရှိတယ်လို့ စွပ်စွဲချက်တွေ ရှိနေပေမဲ့လည်း အစိုးရဖက်ကတော့ ဒါကို ငြင်းဆန်ထားပါတယ်။ ရခိုင်ပြည်နယ်အစိုးရ အနေနဲ့ ဒီကနေ့ တွေ့ရှိခဲ့တဲ့ သူတွေကို လိုအပ်တဲ့ အကူအညီတွေ ထောက်ပံ့ပေးနေပြီး သက်ဆိုင်ရာ ကျေးရွာအသီးသီး ပြန်နိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“အဲဒီနားမှာရှိတဲ့ ရွာထဲမှာလည်း သူတို့လူအုပ်ကြီးနဲ့ နေလို့မရဘူး ။ နေလို့မရတော့ ရွာနားမှာရှိတဲ့ လယ်ကွင်းတွေထဲမှာ ယာယီတဲတွေနဲ့ ထိုးပြီးတော့ နေတယ်လို့ ကျနော်တို့ တွေ့ရတယ်။ တွေ့ရတော့ ရခိုင်ပြည်နယ်အစိုးရကနေပြီးတော့ တာဝန်ရှိသူတွေကတော့ ဒီစားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်တဲ့ဟာတွေကို ကျနော်တို့ သွားပြီးတော့ ပေးပါတယ်။ ပေးပြီးတော့ လူပေါင်း ၁၂၁၃ ဦးကို သူတို့မူလကျေးရွာတွေဖြစ်တဲ့၊ မျောတောင် ဒါးကြီးစား ဒီရွာတွေကို ပြန်ပြီးတော့ နေထိုင်ဖို့ ကျနော်တို့က ပို့ဆောင်ပေးဖို့ ရခိုင်အစိုးရနဲ့ နယ်ခြားစောင့်တပ်တွေ ပေါင်းပြီးဆောင်ရွက်နေပါတယ် လက်ရှိနောက်ဆုံးအခြေအနေ။”

ဘင်္ဂလားဒေ့ နိုင်ငံတွင်းက ကုလသမဂ္ဂ ဒုက္ခသည် စခန်းတွေမှာ တနင်္လာနေ့ တစ်ရက်တည်းမှာပဲမြန်မာပြည်ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်ပေါင်း ၅၀၀ ကျော် ရှိနေပြီလို့ တစ်ချို့ လူသားချင်း စာနာထောက်ထားရေး ကူညီထောက်ပံပေးနေတဲ့ အဖွဲ့တွေက ပြောဆိုကြတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က မောင်တောဒေသမှာရှိတဲ့ နယ်ခြားစောင့် စခန်းတွေကို အကြမ်းဖက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာကနေ အစပြုခဲ့တဲ့ ပဋိပက္ခတွေဟာ လက်ရှိဆိုရင် တစ်လကျော် ကြာမြင့်လာနေပြီဖြစ်ပေမယ့် တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတော့ လက်ရှိအချိန်ထိ မရှိသေးပါဘူး။

လက်ရှိအချိန်ထိ အကြမ်းဖက် ဖြစ်စဉ်မှာ ပါဝင်တဲ့သူလို့ သံသယရှိတဲ့လူ ၄၀၀ ကျော်ကို အစိုးရဖက်က ဖမ်းဆီးထားပါတယ်။ မောင်တောဒေသက ကျေးရွာ ၅ ရွာမှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာပဲ အဆောက်အဆုံပေါင်း ၈၀၀ ကျော် ကို မီးရှို့ဖူျက်စီးခံခဲ့ရတယ်လို့ဂြိုလ်တု ဓာတ်ပုံတွေကို ကိုးကားပြီး လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ HRW အဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ မောင်တောခရိုင်ထဲမှာ လုံခြုံရေးဟာ စိုးရိမ်စရာရတဲ့ အခြေအနေမို့ စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ပြီး လုံခြုံရေး အထူးတင်းကြပ်ထားတယ်လို့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့ဝင်တွေကပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG