သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ Bangladesh ဘက် ထွက်ပြေး


Cox’s Bazar မြို့က ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခတချို့
Cox’s Bazar မြို့က ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခတချို့

ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်နေချိန်မှာပဲ၊ နတ်မြစ်တဖက်ကမ်းမှာရှိတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကိုထွက်ပြေးနေတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၅၀၀ လောက်ရှိတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဘင်္ဂလားဒေရှ့်ဖက်ကို ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခတချို့ကို Cox’s Bazar မြို့က ဒုက္ခသည်စခန်းတွေမှာ နေရာချထားပေးနေသလို တချို့ကိုတော့ မြန်မာနိုင်ငံဖက်ကို ပြန်ပို့နေတဲ့အကြောင်း Reuters ရုပ်သံသတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံကြားက နတ်မြစ်ကို ဖြတ်ကျော်ပြီး Cox's Bazar မြို့ကို နိုဝင်ဘာ ၂၁ ရက် တနင်္လာနေ့က ရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို Kutupalong ဒုက္ခသည်စခန်းတွေဆီကို ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေက ပို့ဆောင်ခဲ့ပါတယ်။ ရာနဲ့ချီရောက်လာကြသူတွေထဲက ၆၄ ယောက်ကို Bangladesh နယ်ခြားစောင့်တပ်က ထိန်းသိမ်းခဲ့ပြီး နေ့တွင်းချင်းမှာပဲ မြန်မာနိုင်ငံဖက်ကို ပြန်ပို့ခဲ့တယ်လို့ Reuters သတင်းကပြောပါတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာရွှေ့ပြောင်းသူများအရေးဆောင်ရွက်နေတဲ့ IOM အဖွဲ့က အမည်မဖော်လိုသူတယောက်ရဲ့ အပြောအရ တနင်္လာနေ့တနေ့ထဲ မြန်မာဖက်ကရောက်လာတဲ့ ရိုဟင်ဂျာ ၅၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ ခုလိုရောက်လာသူတွေအရေးကို ဘင်္ဂလားဒေရှ့်တာဝန်ရှိသူတွေနဲ့ ညှိုှုနှိုင်းဆောင်ရွက်ပေးနေတယ်လို့ IOM ရဲ့ ဒုက္ခသည်ရေးရာ အစီအစဉ်တာဝန်ခံ Saikat Biswas ကပြောပါတယ်။

“ လက်ရှိအခြေအနေကို ကျွန်တော်တို့စောင့်ကြည့်နေပါတယ်။ လုံခြုံရေးတာဝန်ယူတဲ့အဖွဲ့တွေ၊ ဒေသခံအစိုးရအဖွဲ့တွေနဲ့လည်း ကျွန်တော်တို့ ညှိုနှိုင်းဆောင်ရွက်နေပါတယ်။ သူတို့ဖက်က ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို စောင့်နေရင်း အခြေအနေကို လေ့လာနေပါတယ်။”

မောင်တောခရိုင်ထဲက လုံခြုံရေးစခန်းတွေကို လက်နက်ကိုင်တွေရဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့သလို လက်နက်တွေကိုလည်း တိုက်ခိုက်သူတွေက ယူသွားခဲ့ပြီးနောက်မှာ စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်ပြီး လက်နက်တွေကို ပြန်လည်ရှာဖွေနေပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်စဉ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကြောင့် ကုလသမဂ္ဂ၊ အမေရိကန်အစိုးအရအပြင် လူ့အခွင့်အရေးအဖွဲ့တွေက ဒီစွပ်စွဲချက်တွေကို ပွင့်လင်းမြင်သာစွာ စုံစမ်းပေးဖို့ မြန်မာအစိုးရကို တောင်းဆိုနေပါတယ်။ အစိုးရဖက်ကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိဘူးလို့ ငြင်းဆန်ခဲ့သလို လူ့အခွင့်အရေးအဖွဲ့တချို့ရဲ့ပြောကြားမှုတွေမှာ အချက်အလက်တွေမှားနေတယ်လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဆီကအချက်တွေကို အခြေခံပြီး ထွက်ပြေးသူတွေမရှိပါဘူးလို့ အစိုးရဖက်က ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာပဲ ပြောကြားခဲ့ပါတယ်။

“ စစ်တပ်က ကျွန်မယောင်္ကျားကို သတ်ပစ်တယ်။ ကျွန်မတို့အိမ်ကိုလည်း မီးရှို့ကြတယ်။ ကျွန်မတို့ကို ဘယ်သူမှလည်း ကူညီမယ့်သူမရှိလို့ ကျွန်မတို့ဒီကို ထွက်ပြေးလာကြတာပါ။”

“သူတို့နှိပ်စက်တာကို ကျွန်တော်တို့ မခံနိုင်တော့လို့ ကျွန်တော်တို့ ညဖက်မှာ လှေနဲ့ မြစ်ကိုဖြတ်မပြီး ထွက်ပြေးလာကြတာပါ။ ၄ နာရီလောက် ဘင်္ဂလားဒေရှ့်ကိုရောက်ပါတယ်။”

ဘင်္ဂလားဒေရှ့်ဖက်ကိုရောက်လာတဲ့ ရိုဟင်ဂျာအမျိုးသမီး Marium Khatoon နဲ့ ရိုဟင်ဂျာအမျိုးသား မိုဟာမက် Hasim တို့ပြောခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းတပါတ်က တိုက်ခိုက်မှုတွေတိုးလာတဲ့အတွက် ဘင်္ဂလားဒေရှ့်ဖက်ကို ထွက်ပြေးကြသူ ရာနဲ့ချီရှိတယ်လို့ ရိုဟင်ဂျာတွေက သူတို့ရဲ့ သတင်းထောက်တွေကို ပြောကြတယ်လို့ Reuters သတင်းထဲမှာရေးထားပါတယ်။ ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွ့ဲ တပ်ရင်းမှူး Mohammad Abuzar Al Zahid ကလည်း မြန်မာဖက်ကနေ သူတို့နိုင်ငံထဲဝင်ဖို့ကြိုးစားနေကြသူတွေရှိတယ်လို့ ပြောပါတယ်။

“အခြေအနေဆိုးတာ သေချာတာပေါ့ဗျာ။ မြန်မာနိုင်ငံဖက်မှာ တခုခုဖြစ်လို့ ဘင်္ဂလားဒေရှ့်ဖက်ကို ဝင်ဖို့ကြိုးစားကြတာပေါ့။ နယ်စပ်ဒေသလုံခြုံရေးကို ကျွန်တော်တို့ အထူးသတိထားတဲ့အတွက် တရားမဝင် ဝင်ရောက်ဖို့ကြိုးစားမှုမှန်သမျှကို တားဆီးနိုင်ဖို့ ကျွန်တော်တို့ဖက်ကတော့ ကြိုးစားပါတယ်။ ၂ နိုင်ငံနယ်စပ်ကြားမှာ နတ်မြစ်ပဲခြားနေတော့ သူတို့က လှေတွေနဲ့ ဘင်္ဂလားဒေရှ့်ဖက်ကို ဝင်နိုင်ဖို့ ကြိုးစားနေကြတာပါ။”

ဘင်္ဂလားဒေရှ့်အစိုးရအနေနဲ့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကို ဖွင့်ပေးထားဖို့ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံးက အခုရက်ပိုင်းအတွင်းမှာပဲ တိုက်တွန်းခဲ့ပါတယ်။ လုံခြုံရေးစိုးရိမ်တဲ့ ရခိုင်ဒေသခံတချို့လည်း မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့ပေါ်တွေဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

မောင်တောခရိုင်မှာ လက်တွေ့ဖြစ်နေတဲ့ အခြေအနေမှန်ကိုသိနိုင်ဖို့ သတင်းမီဒီယာတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့တွေကို သွားရောက်ခွင့်ပြုဖို့ တောင်းဆိုမှုတွေလည်း ပိုပြီးထွက်ပေါ်နေပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ကစလို့ အခုအထိ အိုးအိမ် တထောင်ကျော် ဖျက်ဆီးခံခဲ့ရတဲ့အကြောင်း HRW က ဂြိုဟ်တုဓာတ်ပုံတွေကို ကိုးကားပြီး November လ ၂၀ ရက်နေ့က သတင်းထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။ မောင်တောခရိုင်ထဲမှာ လုံခြုံရေးဟာ စိုးရိမ်စရာရတဲ့ အခြေအနေမို့ စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ပြီး လုံခြုံရေး အထူးတင်းကြပ်ထားတယ်လို့ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့ဝင်တွေကပြောပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်အပါအဝင် သံတမန်တချို့ကတော့ နိုဝင်ဘာလဆန်းက အစိုးရရဲ့စီစဉ်ပေးမှုနဲ့ စစ်တွေနဲ့ မောင်တောင်မြို့တောင်ဖက်ကို သွားရောက်လေ့လာ နိုင်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးလုပ်နေစဉ် လက်နက်ကိုင်ဆောင်ထားသူတွေရဲ့ တိုက်ခိုက်မှုတွေလည်းရှိနေတာကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေနဲ့ပါတ်သက်လို့ အဖြစ်မှန်ပေါ်နိုင်ဖို့ နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖဲ့ွ ဖွဲ့စည်းသွားဖို့ရှိတယ်လို့ အစိုးရကဖက်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG