သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်ချက်စတာဗုံးကွဲမှု ဒေသခံမြန်မာတွေရဲ့ စိုးရိမ်ချက်


ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ ဂီတဖျော်ဖြေပွဲတခုမှာ မနေ့တုန်းက ပေါက်ကွဲမှုဖြစ်တာကြောင့် လူပေါင်း ၂၂ ဦးထက်မနည်းသေဆုံးပြီး ၆၀နီးပါး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ မန်ချက်စတာမြို့နဲ့အနီးတဝိုက်မှာ မြန်မာလူမျိုးအတော်များများ နေထိုင်ကြပေမယ့် မြန်မာလူမျိုးထဲက အထိအခိုက်ရှိတာ မတွေ့ရ သေးပါဘူး။ ဒါပေမယ်လို့ ဒေသခံ မြန်မာတွေအဖို့တော့ ဒီပေါက်ကွဲမှုဖြစ်တာကြောင့် စိုးရိမ်ချက်တွေတော့ ရှိနေပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးပါလိမ့်မယ်။

ဗြိတိန်နိုင်ငံ မန်ချက်စတာ ဂီတဖျော်ဖြေပွဲတခုမှာ မနေ့က ပေါက်ကွဲမှုဟာ အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုအဖြစ်နဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ဗြိတိန်အာဏာပိုင်တွေက ကြေညာထားသလိုပဲ၊ IS အစွန်းရောက်အဖွဲ့ကလည်း သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။ ဆယ်ကျော်သက်တွေအကြိုက် အမေရိကန်အဆိုတော် Ariana Grande ရဲ့ ဂီတဖျော်ဖြေပွဲမှာဖြစ်တာမို့ သေကြေ ထိခိုက်သူအများစုဟာ ဆယ်ကျော်သက်အရွယ်ကလေးတွေဖြစ်ကြပါတယ်။ မန်ချက်စတာမြို့နဲ့အနီးအနားမှာတော့ မြန်မာလူမျိုး အသိုင်းအဝိုင်းအတော်များများနေထိုင်ကြပေမယ့် မြန်မာလူမျိုးတွေထဲက အထိအခိုက်ရှိတာတော့ မကြားရပါဘူး။ ဒါပေမယ့်လည်း အခြားဒေသခံတွေနည်းတူ မြန်မာအသိုင်းအဝိုင်းထဲမှာလည်း အခြေအနေအပေါ် စိုးရိမ်မှုတွေရှိနေတယ်လို့ မန်ချက်စတာမြို့အနီး Leeds မှာရှိနေတဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ တင်မောင်မြင့်က ပြောပါတယ်။

“စိုးရိမ်ချက်တွေကတော့ အခုက သူတို့က လူစုတဲ့နေရာတွေမှာ အမြဲတမ်း Target လုပ်နေတော့ လူစုတဲ့နေရာတွေသွားတဲ့အချိန်မှာ သတိထားဖို့ရယ်။ လူများတဲ့နေရာတွေကိုသွားရင် စိုးရိမ်စိတ်တွေဖြစ်နေကြတယ်ပေါ့နော်။ အများအားဖြင့်ပေ့ါလေ။ နောက်ပြီးတော့ သူတို့ Target လုပ်တာလည်း Big City တွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ Leeds လည်းပါတယ်ပေါ့လေ ၊ Manchester တို့ Leeds တို့ လန်ဒန်တို့ အဲလိုလူအစုအဝေးတို့ နောက်ပြီးတော့ Concert တို့ အဲလိုနေရာတွေမှာ သွားဖို့က နည်းနည်းစိုးရိမ်ကြတယ်အားလုံးက။”

မန်ချက်စတာမြို့ပေါ်မှာတော့ ဒီကနေ့မနက်ပိုင်းအထိ နောက်ထပ်ဗုံးကွဲမယ်ဆိုတဲ့ သတင်းတွေကြောင့် လုံခြုံရေးတွေ အထူးချထားတဲ့အကြောင်း မန်ချက်စတာ မြို့ခံ မစုစုစံက ပြောပါတယ်။

ဖုန်းနဲ့ဆက်သွယ်ရာမှာအသံလိုင်းမကြည်မလင်ဖြစ်နေတာ တောင်းပန်ပါတယ်။ မစုစုစံပြောတာကတော့ နောက်ထပ် ဗုံးကွဲမယ်ဆိုတဲ့သတင်းတွေဖြစ်ပြီး၊ ဒီကနေ့ မနက်ပိုင်းကပဲ လမ်းတွေပိတ်ပြီး လုံခြုံရေးချထားမှုတွေရှိနေတာကြောင့် အခြေအနေကတော့ စိုးရိမ်စရာရှိနေတုန်းပဲ ဗွီအိုအေကို ပြောတာပါ။

ဒီလို စိုးရိမ်မှုတွေကြားကပဲ ပုံမှန်အတိုင်းသွားလာလှုပ်ရှားနိုင်ဖို့ အာဏာပိုင်တွေဖက်က တိုက်တွန်းနေတယ်လို့လည်း အခုလက်ရှိအခြေအနေအပေါ်မှာတော့ဒေါက်တာတင်မောင်မြင့်က ပြောပါတယ်။

“စိုးရိမ်စိတ်တွေကတော့ ကျနော်တို့အခု Prime Minister Theresa May ကပြောတော့ အခုအခြေအနေအရ အင်္ဂလန်အနေနဲ့က Severe Category မှာပါနေတယ်ဆိုတော့ လူတိုင်းကတော့ လူစုစုရုံးရုံးရှိတဲ့နေရာတွေ ခရီးသွား ၊ မသွားမဖြစ်မှာ လန်ဒန် Tube စီးရမယ့်နေရာတွေ အဲလိုလူတွေကတော့ အမြဲတမ်းစိုးရိမ်နေမယ်ပေါ့နေ်ာ။ စိုးရိမ်နေမယ်ဆိုတော့ သူတို့လည်းအခုတော့ သတိထားရမှာပေါ့နော် မသွားမဖြစ်သွားရမှာပေါ့လေ။ နောက်တခုကလည်း ဒီလူတွေရဲ့လုပ်ရက်ကြောင့် ကျနော်တို့ရဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေ ပျက်ပြားသွားမယ်ဆိုရင် ဒီလူတွေရဲ့ အနိုင်ပေါ်သွားမယ်ပေါ့လေ။ ဒါတွေကို Defeat လုပ်ဖို့က ကိုယ်ကသတိ ဝီရိယနဲ့ ကိုယ်လုပ်သင့်တာကို ဆက်လုပ်ရမှာပဲ။”

လူ ၂သောင်း ၁ ထောင် ဆန့်Manchester အားကစားရုံအတွင်း ကျင်းပတဲ့ အမေရိကန် အဆိုတော် Ariana Grande ရဲ့ Rock ဂီတပွဲကို အပြီး ပရိသတ်တွေ အပြင်ကို ထွက်လာနေကြတဲ့အချိန်မှာပဲ ပေါက်ကွဲမှု ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အမိမြေလုံခြုံရေးဌာန ကတော့ ဒီပေါက်ကွဲမှုက အမေရိကန်က ဂီတဖျော်ဖြေပွဲတွေမှာ အန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့အချက်တော့ မတွေ့သေးဘူးလို့ ပြောပါတယ်။ သမ္မတ Trump ကလည်း ဒီတိုက်ခိုက်မှုဟာ ဆိုးရွားတဲ့ သူတွေရဲ့ လက်ချက်ပဲဆိုပြီး ပြစ်တင်ရှုံ့ချလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG