သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး မျှမျှတတ ကိုင်တွယ်မည်


ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကျင်းပ (MOI)
ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကျင်းပ (MOI)

ရခိုင်ပြည်နယ် မောင်တောမြို့မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်မှုကို ဖြေရှင်းရာမှာ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ဆောင်ရွက်မှာ ဖြစ်တဲ့အကြောင်း၊ မြန်မာအစိုးရတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူတွေကို လိုက်လံရှင်းလင်းမှုတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်မကင်း သဘောထားတွေ ပြောဆိုနေချိန်မှာပဲ၊ တရားဥပဒေနဲ့အညီ မျှမျှတတ ဆောင်ရွက်သွားမယ့်အကြောင်း ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပရာမှာ ပြောဆိုခဲ့ကြတာပါ။ အကြောင်းစုံကိုတော့ နေပြည်တော် သတင်းစာရှင်းလင်းပွဲကနေ ကိုအောင်လွင်ဦးက ပြောပြပေးမှာ ဖြစ်ပါတယ်။

VOA သတင်းဌာနမှ မေးမြန်းမှု
VOA သတင်းဌာနမှ မေးမြန်းမှု

ရခိုင်ပြည်နယ် မောင်တောမြို့မှာ နယ်ခြားစောင့်လုံခြုံရေးရဲစခန်းကိုဝင်ရောက်တိုက်ခိုက်ပြီး နောက်ဆက်တွဲအဖြစ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှင်းလင်းတဲ့နေရာမှာ တရားဥပဒေနဲ့အညီဆောင်ရွက်နေတယ်ဆိုပြီးတော့ မကြာသေးခင်ကပဲ ပဋိပက္ခဖြစ်ရာဒေသကို ရောက်သွားခဲ့တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့က ပြောဆိုလိုက်တာဖြစ်ပါတယ်။

“နိုင်ငံတကာနဲ့လည်း ဆက်စပ် ပတ်သက်နေတာ ရှိတဲ့အတွက်ကြောင့် နိုင်ငံတကာထုံးတမ်း အစဉ်အလာများ၊ နိုင်ငံတကာ ဥပဒေများ၊ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဖြေရှင်းဆောင်ရွက်နိုင်ဖို့လိုအပ်ကြောင်းတင်ပြပြောဆိုပါတယ်။ပြစ်မှု ကျူးလွန်တဲ့သူများကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ် ဆိုတဲ့အကြောင်း ပြောပါတယ်။ သို့သော် ဥပဒေချိုးဖောက်တဲ့သူများကိုသာ ဖော်ထုတ်ပြီးဥပဒေအရ ထိရောက်စွာ ဆောင်ရွက်မှာ ဖြစ်ပြီး ဥပဒေချိုးဖောက်ခြင်း မရှိတဲ့သူများ စိုးရိမ်ရန် မလိုတဲ့အကြောင်းကိုလည်း အလေးအနက် ပြောပါတယ်။ ပြစ်မှုကျူးလွန်တဲ့လူတွေကို အရေးယူဆောင်ရွက်တဲ့နေရာမှာလည်းပဲ ဥပဒေနဲ့အညီ သာ ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကို အလေးအနက်ထားပြီး ပြောဆိုပါတယ်။”

ပြီးခဲ့တဲ့ သတင်းပတ်ထဲမှာပဲ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကတော့ အင်အားအလွန်အကျွံသုံးဆောင်ရွက်တာမရှိတဲ့အကြောင်းကို ပြောဆိုသွားခဲ့တာပါ။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုတွေအတွင်းမှာလည်း အစိုးရတပ်ဖွဲ့ဝင်တွေရော ၊ တိုက်ခိုက်သူတွေပါ ထိခိုက်သေဆုံးမှုတွေရှိခဲ့သလို လက်ရဖမ်းဆီးမှုတွေလည်း ရှိပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဖမ်းဆီးပြီး ပြန်ပို့ခဲ့တဲ့ သံသယရှိသူ ၂ ယောက်အပါအဝင် စုစုပေါင်းဖမ်းဆီးခံရသူ ၂၉ ယောက်ကိုလည်း ဥပဒေအရ စစ်ဆေးနေပါတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်ဇော်ဝင်းကပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပြည်ပက အကြမ်းဖက်သမားတွေ ဆက်နွယ်ပတ်သက်နေတဲ့အတွက်လည်း သက်ဆိုင်ရာနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် စတဲ့နိုင်ငံတွေနဲ့ ဆက်သွယ်ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတွင်းဝန် ဦးကျော်ဇေယျကပြောပါတယ်။

“ပါကစ္စတန်သံအမတ်ကြီးနဲ့လည်း ကိုယ်တိုင်ပဲ တွေ့ပြီးတော့ ဒီကိစ္စ တွေကို ပေးထားပါတယ်။ ဒီဖြစ်ရပ်ကို ကျူးလွန်တယ်ဆိုတဲ့ ခေါင်းဆောင်တွေ၊ နာမည်တွေ ဒါတွေဟာ ဆိုလို့ရှိရင် တကယ်တမ်းကျတော့ မြန်မာလိုပိုင်းတွေ ပါမယ်။ စာလုံးလေးတွေ ဥပမာ- မိုဟာမက် ဒါတွေက တကယ့်ကို သူတို့ဆီမှာ common name သဘောမျိုး ဖြစ်နေပါတယ်။ အားလုံး ဘုံသုံးတဲ့ လူတွေပေါ့။ အဲတော့ ဒီလိုမျိုး ခိုင်ခိုင်မာမာ အချက်အလက်၊ သတင်းမရှိဘဲနဲ့ သူတို့အနေနဲ့ တိတိကျကျ အရေးယူဖို့ ခက်တယ်။ သို့သော် လည်းပဲ ကျွန်တော်တို့ကနေပြီးတော့ မြန်မာနိုင်ငံအစိုးရက နေပြီးတော့ မှ ပန်ကြားချက်ကို သူတို့အနေနဲ့ ကောင်းကောင်း ဒီသတင်းအချက်အလက်ကို လက်ခံရရှိတယ်။လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုအားလုံးကို သူတို့ စိစစ်ပေးမယ်ဆိုတဲ့ အပိုင်း ။ ဒါက သူတို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိပါတယ်။ အလားတူပဲ ဒီသတင်းထဲမှာ ကျွန်တော်တို့ ထုတ်ပြန်တဲ့ သတင်းထဲမှာ ဆိုရင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် ၊ ဆော်ဒီ ၊ ကျွန်တော်တို့ သံတမန်ရေးရာ နည်းလမ်းသုံးပြီးတော့မှ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု အားလုံးကို တောင်းဆိုထားပါတယ်။”

မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စိုးရိမ်မကင်းသံတွေ ထွက်ပေါ်နေချိန်မှာပဲ အခုလိုအစိုးရတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲတခု ကျင်းပပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်အရေး မျှမျှတတ ကိုင်တွယ်မည်
please wait

No media source currently available

0:00 0:03:15 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG