သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောကုန်သွယ်ရေးဇုံ ပြန်ဖွင့်


မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု (MOI)
မောင်တော-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု (MOI)

ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှု နောက်ပိုင်း လနဲ့ချီ ပိတ်ထားခဲ့ရတဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းကို ပြန်လည် ဖွင့်လှစ်လိုက်ပါပြီ။ လုံခြုံရေး စိုးရိမ်ချက်နဲ့ ကုန်စည်စိစစ်မှု အထူးကော်မတီ ဖွဲ့စည်းဆောင်ရွက်နေရတဲ့ နယ်စပ် မောင်တော နယ်စပ် ကုန်သွယ်ရေးက ပုံမှန်တော့ ပြန်မဖြစ်သေးပါဘူး။ ဒါပေမယ့် ဒေသတွင်း အခြေခံ လူထု အတွက် အလုပ်အကိုင်တွေ ပြန်လည် ပေါ်ပေါက်လာတယ်လို့ မောင်တော နယ်စပ်ကုန်သည်များ အသင်းအကြီးအကဲက ပြောပါတယ်။ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ အဓိက ကုန်သွယ်ရေး စခန်းတခု ဖြစ်တဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းကို ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကုန်သွယ်ရေး ပုံမှန် ပြန်ဖြစ်ဖို့ ကြိုးစားနေကြပါတယ်။ မောင်တော ဒေသတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ၂ လကြာ ပိတ်ထားခဲ့ရတဲ့ မောင်တော နယ်စပ် ကုန်သွယ်ရေး စခန်းကို ပြန်ပြီး ဖွင့်လှစ်ထားပေမယ့် စည်းကမ်းတင်းကြပ်ထားတယ်လို့ မောင်တောနယ်စပ် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းက ပြောပါတယ်။

“စနေ နဲ့ တနင်္ဂနွေနေ့ ၂ ရက် ဖွင့်လိုက်ပါတယ်။ ထွက်ချင်သလိုထွက် ဝင်ချင်သလိုဝင်လို့တော့ မရဘူးပေါ့ဗျာ။ ကျနော်တို့ စည်းကမ်း ကန့်သက်ချက်လေးတွေတော့ရှိတယ်။ အချိန်ကန့်သတ်တာလေးတွေပေါ့နော်။ ဥပမာ ကုန်စီစစ်တာကို ၄ နာရီတို့ဘာတို့ ၊ အဲလိုမျိုးလေးတွေတော့ရှိပါတယ်။ စည်းကမ်းသတ်မှတ်ချက်လေးတွေ ၊ တင်းကျပ်တဲ့သဘောတော့မဟုတ်ပါဘူး အမှားမဖြစ်အောင်လို့ပါ။ အခုက ဖြစ်စဉ်တွေကလည်း လုံခြုံရေးအခြေအနေတွေ အရပေါ့နော် အဲဒီသဘောလေးပါ။”

ဖွင့်လှစ်လိုက်တာ ရက်ပိုင်းဘဲ ရှိသေးတဲ့ မောင်တော နယ်စပ် ကုန်သွယ်ရေး စခန်းမှာ ပို့ကုန်တွေကို အထူးကြီးကြပ် စစ်ဆေးရေး အဖွဲ့ကိုလည်း ဖွဲ့စည်း ဆောင်ရွက်နေပြီး အမှားအယွင်း မရှိအောင် ဆောင်ရွက်နေပေမယ့် နောက်ပိုင်းမှာ ပုံမှန်ပြန်ဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း မောင်တော ကုန်သည်ကြီးများ အသင်း ဥက္ကဌက ပြောပါတယ်။

“ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဆိုပြီးတော့မှ ကျနော်အပါအဝင်ပေါ့နော် အဲဒီ ကုန်သည်ကြီးအသင်းအပါအဝင် ကိုယ့်ဌာနနဲ့ ကျနော်တို့ ဖွင့်ထားတာပေါ့နော်။ ကုန်သည်အသင်းပါမယ်၊ နောက် အကောက်ခွန် ၊ နဝက ၊ နောက် အောက်ဘက်က ကုန်သွယ်ရေးစခန်းက ကိုယ်စားလှယ် ၊ နောက် အဲလို ၉ ယောက်က ကျနော်တို့ တနေရာထဲမှာ စိစစ်ပြီးအပြင်ကို တစုံတခု အမှားဖြစ်ခဲ့မယ်ဆိုရင် အဲဒီ ၉ ယောက်စလုံးမှာ တာဝန်ရှိတယ်ခင်ဗျ။စိစစ်တဲ့ ၉ ယောက်စလုံးမှာ တာဝန်ရှိတယ် အဲလိုပုံစံမျိုးနဲ့ ဖွင့်ပြီးတော့ ဒီကာလအတွင်းမှာတော့ အဲလို စီစစ်ပေးပါတယ်။ နောက် တဖြေးဖြေးလုံခြုံရေး ကောင်းလာတာနဲ့အမျှ ဖြေလျှော့သွားပါမယ်။ယခင် နဂိုအခြေအနေရောက်အောင်လို့ ဖြေလျှော့သွားဖို့ အစီအစဉ်ရှိပါတယ်။”

သစ်တောထွက် ပစ္စည်း၊ စားသောက်ကုန်တို့ကို အဓိကထားပြီး ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို တင်ပို့နေတဲ့ အဓိက ကုန်သွယ်ရေး စခန်းတခု ပြန်ပြီး ဖွင့်လှစ်လိုက်နိုင်တာကြောင့် ဒေသခံတို့ အတွက် အလုပ်အကိုင် ပြန်ကောင်းလာစေတယ်လို့လည်း ဥက္ကဌ ဦးအောင်မြင့်သိန်းက ပြောပါတယ်။

“ဥပမာ -ဝါးလုံးခုတ်တဲ့လူတွေဆိုရင် အခြေခံ လူတန်းစားတွေပေါ့။ ဝါးလုံးတွေခုတ်မှ ထမင်းစားရတယ်၊ နေ့စားအလုပ်သမားတွေ ဆိုတော့ မောင်တော နယ်စပ်ကုန်သွယ်ရေး ပိတ်သွားပြီဆိုရင် ဝါးလုံးက မထွက်ရဘူးဆိုတာနဲ့ ဥပမာ ကျောက်တော်မှာ ဝါးသွားခုတ်တဲ့လူတွေရော၊ ဘူးသီးတောင်မှာ ဝါးခုတ်တဲ့လူတွေရောက အကုန်တောက်လျှောက်က ဒုက္ခရောက်တဲ့သဘော ပေါ့နော် အဓိကတော့ ကျနော်တို့ ဒေသထွက် ဝါးခြံပိုင်ရှင်တွေကတော့ အနစ်နာဆုံးပေါ့နော်။ မထွက်ရဘူးဆိုတော့ တိုက်ရိုက်သူတို့က အများဆုံးခံစားရတာပေါ့နော်။”

နယ်စပ်ကုန်သွယ်ရေး စခန်းတွေထဲက အရေးပါတဲ့ စခန်းတခုဖြစ်တဲ့ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းရဲ့ ကုန်သွယ်မှုက နှစ်စဉ် အမေရိကန် ဒေါ်လာ ၅ သန်းကျော်လောက် ရှိတယ်လို့လည်း အစိုးရရဲ့ ကုန်သွယ်ရေး စာရင်းတွေမှာ ဖော်ပြပါတယ်။

မောင်တောကုန်သွယ်ရေးဇုံ ပြန်ဖွင့်
please wait

No media source currently available

0:00 0:03:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG