သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒုက္ခသည်တွေ လုံခြုံရေးစိုးရိမ်မကင်းရှိဆဲ


မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။
မောင်တောက မီးလောင်ခံထားရတဲ့ဈေးတခု၊ ၂၇ အောက်တိုဘာ၊ ၂၀၁၆။

အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မောင်တောဒေသမှာ အခြေအနေတွေ တည်ငြိမ်သွားပြီး၊ စစ်ဆင်ရေးတွေ ရပ်နားလိုက်ပြီ ဆိုပေမယ့် ဒေသခံ နှစ်ဖက် အသိုင်းအဝိုင်းအကြားမှာတော့ မလုံခြံမှုတွေ စိုးရိမ်စိတ်တွေ ရှိနေဆဲဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ စစ်ဆင်ရေးအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာ၊ အစိုးရစုံစမ်းရေးကော်မရှင် ဘက်က ဒေသတွင်း ပြန်လည်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းထားတဲ့ မအိသန့်စင်က ပြောပြမှာပါ။

လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့စွပ်စွဲခံရတဲ့ မောင်တောမြို့နယ်အတွင်း ဒဏ်ရာတွေနဲ့မြေမြုပ်ထားတဲ့ အလောင်း (၄) လောင်း ရှာတွေ့ခဲ့တဲ့နောက်၊ အခြေအနေအပေါ် စိုးရိမ်မှုတွေ တိုးလာပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ အောက်တိုဘာလ ၁၈ ရက်နေ့တုန်းက ဖမ်းဆီးထားတဲ့ သံသယရှိသူ ရိုဟင်ဂျာမွတ်စလင် (၂) ဦး အချုပ်ထဲမှာ သေဆုံးတဲ့သတင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ရိုက်တာ သတင်းက ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဘက်က သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ ရခိုင်အရေး စုံစမ်းရေးကော်မရှင်တာဝန်ရှိသူတွေရော ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကိုပါ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ မေးမြန်းဖို့ ဆက်သွယ်မေးမြန်းလို့မရပါဘူး။

မောင်တောဒေသမှာ အလောင်း (၄) လောင်း တွေ့ရှိတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး မောင်တောနယ်ခံ တစ်ဦး က ခုလို ပြောပြပါတယ်။

“အဲဒီရွာကလူတွေကိုကပ်ပြီးတော့မေးတော့ ဟုတ်တယ်တဲ့၊ ရဲတွေကတွေ့တယ်တဲ့၊ တွင်းတတွင်းမှာ တွေ့လိုက်တယ်တဲ့၊ ဖော်ကြည့်တော့ လူ ၄ ယောက်ရတယ်တဲ့ တယောက်ကနေပြီးတော့ ခေါင်းကွေးပြီးတော့တောင်မှနေတယ်၊ နောက် မိန်းမ၂ ယောက် က နံရိုးတွေကျိုးလို့ နောက်တယောက်က ဘာမှမဖြစ်ဘူး အဲလိုဟာမျိုး သူတို့ပြောပြတယ်။(အဲဒီလူတွေက ) အသစ်စက်စက်လား မဟုတ်ပဲနဲ့ အရင်ကလူတွေလား၊ သူတို့ကပြောတော့ မပုပ်မသိုးပဲနဲ့ အခုထိနေတယ် အဲလိုပြောတယ်။”

မောင်တောဒေသအရေးနဲ့ပတ်သက်ပြီး အစိုးရဘက်က စုံစမ်း စစ်ဆေးနေတဲ့ အပေါ်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက လူ့အခွင့်အရေးချိုူးဖောက်မှုတွေ ဆက်ရှိနေတယ်ဆိုပြီး စွပ်စွဲချက်တွေ ဆက်ထွက်ပေါ်လာတဲ့အပေါ်မှာ အစိုးရ စုံစမ်းရေးကော်မရှင်ဘက် က ပြန်လည်စုံစမ်းမှုတွေ လုပ်နေပါတယ်။ ဒီကနေ့ မနက်မှာတော့ ရခိုင်ပြည်နယ် မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ ဒုသမ္မတ ဦးမြင့်ဆွေ နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့တ် မာစီရယ်လ်တို့တွေ့ဆုံပါတယ်။

ရခိုင်ပြည်နယ်မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အနေနဲ့ မြေပြင်ကို (၃) ကြိမ်သွားရောက်ပြီး စုံစမ်းစစ်ဆေးခဲ့ကြောင်း တွေ့ဆုံစဉ် ပြောဆိုခဲ့ပြီး အစီရင်ခံစာမှာ ဘက်မလိုက်ဘဲ ထုတ်ဖော်ရေးသားမယ့်အစီအစဉ် ကို ကော်မရှင်ဥက္ကဌက ရှင်းလင်းပြောပြပါတယ်။ ဒါပေမယ့်လည်း မောင်တောဒေသခံတွေအနေနဲ့ကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ပတ်သက်ပြီး အယုံအကြည်မရှိတာကို တွေ့ရပါတယ်။

“အဲဒီကော်မရှင်ကလူတွေ ဒီကိုရောက်လာတယ်၊ ရောက်လာပြီးတော့မှ တကယ့်ဖြစ်တဲ့နေရာ ကိုမသွားပဲနဲ့ ၊ မဖြစ်တဲ့နေရာကို သွားပြီးတော့မေးတယ်။ မေးရင်အဲဒီကလူတွေက ဘာပြောသလဲဆိုတော့ ကျနော်တို့ရွာမှာ ဘာမှမဖြစ်ဘူး အဲဒီဟာနဲ့ ပြန်သွားတယ်၊ တကယ့်ဖြစ်တဲ့ရွာကို မသွားဘူး။ တချို့တွေကပြောတယ် ဒီမှာမဟုတ်ဘူး ဖြစ်တာက ဟိုမှာပါဆိုပြီးတော့ ၊ ဟိုကိုသွားပါဆိုတော့ ဒါကိုသူတို့က ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ သူတို့ ရေးလည်းမရေးဘူး၊ တချို့လူတွေက တိတိကျကျ ပြောပြတယ်၊ ဒီရွာမှာ ဒီလိုဖြစ်တယ် အဲဒီရွာကလူတွေသွားပြီးတော့ ပြောပြတယ် ၊ သူတို့ပြောတာကို အလေးမထားပဲနဲ့ မရေးပဲနဲ့ ပြန်လာတယ်။”

မောင်တောဒေသတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဒေသခံတွေကို ညှင်းပန်းနှိပ်စက် တယ်ဆိုတဲ့ သတင်းတွေ လတ်တလောမှာ ထွက်နေသလို၊ အစိုးရနဲ့ ဆက်နွယ်နေတဲ့သူ ၁၀ ယောက်ထက်မနည်း အသတ်ခံရတယ်ဆိုပြီး အစိုးရတာဝန်ရှိသူက ပြောပါတယ်။ တချိန်တည်းမှာပဲ ဒေသတွင်းမှာ လူနည်းစုဖြစ်နေတဲ့ ရခိုင်ဒုက္ခသည်တွေကြားမှာ စိုးရိမ်စိတ်တွေဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိတယ်လို့ALD မောင်တောမြို့နယ် ဥက္ကဌ ဦးခင်မောင်သန်းကပြောပါတယ်။

“နယ်တွေမှာက အဲဒီလို ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေကတော့ နည်းတယ်၊ ဘင်္ဂလီတွေကတော့ များတော့ အဲလိုမထင်မှတ်ပဲနဲ့ ပြဿနာတွေဖြစ်လာနိုင်တဲ့ အနေအထားမျိုးလေးတွေရှိပါတယ်။ အထူးသဖြင့် မောင်တောမြောက်ပိုင်းကလူတွေဆိုရင် အဲလိုစိုးရိမ်ပူပန်မှုတွေကြောင့် ကျနော်တို့ မောင်တောတောင်ဘက်ဒေသတွေ ရောက် ရှိလာကြတာတွေရှိသလို ၊ အဲလိုတခြားကျေးရွာတွေကို လည်း ပြောင်းရွှေ့သွားတာတွေ ရှိပါတယ်။”

အစိုးရစုံစမ်းစစ်ဆေးရေးကော်မရှင်တာဝန်ရှိသူတွေက စုံစမ်းတွေ့ရှိချက်တွေအရ လုံခြုံရေးတပ်ဖွဲ့တွေက အလွန်အကျွံလုပ်မှုတွေ ရှိတယ်ဆိုတာကို လက်ခံတယ် လို့ပြောပါတယ်။ ဒါပေမယ့် ဒီအရေးတွေ မှာ နိုင်ငံတကာအသိုင်းအဝိုင်း က ပြောနေသလိုတော့ မဟုတ်ဘဲ နိုင်ငံတကာ အစီရင်ခံစာတွေဟာ ချဲ့ကားပြီး ရေးသားနေ ကြတာလို့လည်း တုံ့ ပြန်ထားပါတယ်။ လက်ရှိဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အစိုးရစုံစမ်းစစ်ဆေးရေးကော်မရှင်က ပြန်လည်စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့ တချိန်တည်းမှာပဲ ပြည်ထဲရေးနဲ့ တပ်မတော်ဘက်ကလည်း ဌာနတွင်း စုံစမ်းမှုတွေ လုပ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG