သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမြို့နယ်တွင်း သတ်ဖြတ်ပြီး မြေမြုပ် ထားတဲ့ အလောင်း၄ လောင်းတွေ့


မောင်တောဈေးတနေရာ
မောင်တောဈေးတနေရာ

အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ စွပ်စွဲခံနေရတဲ့ မောင်တောမြို့နယ်အတွင်းမှာ ဒဏ်ရာနဲ့မြေမြုပ်ထားတဲ့အလောင်းအချို့ကို တူးဖော်တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူအချို့က ပြောပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်တွေက အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေဆဲဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာ အတိအကျ ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦး တင်ဆက်ထားပါတယ်။

မောင်တောမြို့နယ် လူဖမ်းပြင်ရွာရဲ့ တောင်ဘက် ကိုက် ၃၀၀ အကွာက ကွင်းပြင်တခုမှာ သတင်းအရ ရှာဖွေရာမှာ မြုပ်နှံထားတဲ့ အမျိုးသားအလောင်း ၁လောင်း၊ အမျိုးသမီး အလောင်း ၃ လောင်း စုစုပေါင်း လေးလောင်းတွေ့ခဲ့တာဖြစ်တယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီရဲ့ ဖေစ်ဘုတ်စာမျက်နှာမှာ ဒီညနေပိုင်းက ဖော်ပြခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေအရ အမျိုးသားတဦးရဲ့ အလောင်းမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ အခြားဒဏ်ရာတခု တွေ့ရသလို၊ အမျိုးသမီး ၃ဦးအလောင်းအနက် နှစ်လောင်း မှာ နောက်ကျောဖောက်ဝင်ဒဏ်ရာ ကျောရိုးကျိုးဒဏ်ရာတွေ တွေ့ခဲ့တယ်လို့ အဲဒီ ကြေညာချက်မှာပဲ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် မိနစ်ပိုင်းအကြာမှာတော့ ဒီ ကြေညာချက်ကို သတင်းထုတ်ပြန်ရေးကော်မတီ ရဲ့ ဖေ့ဘုတ်အကောင့် ကနေ ပြန်ဖြုတ်ခဲ့ပါတယ်။ ဒီ သတင်းနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကို ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က မေးမြန်းတော့ အခုလို တုံ့ပြန်ထားပါတယ်။

“ပြန်စိစစ်ခိုင်းထားတယ်၊ အဲဒါတွေကို စုံစမ်းရေးကော်မရှင် အဖွဲ့တွေကနေ ပြန်စိစစ် ခိုင်းထားတယ်၊

မေး။ ။ ဆရာတို့ သတင်းထုတ်ပြန်ချက်က လွန်ခဲ့တဲ့ ၂ နာရီခွဲ- ၃ နာရီလောက်က ထုတ်ထားတာပါ၊ information committee ကပါခင်ဗျ။

ဖြေ။ ။ ဘယ်မှာ ထုတ်တာလဲ ကျနော်တို့ မထုတ်ပါဘူး။ မထုတ်ပါဘူး ခင်ဗျ ပြန်ကြည့် လိုက်ပါခင်ဗျ။

မေး။ ။ အခု ပြန်ဖြုတ်ထားတယ်ထင်တယ်၊ အဲဒီတော့ မသေချာသေးဘူးဆိုတဲ့ သဘောများလားခင်ဗျ။

ဖြေ။ ။ ဘယ်သူသတ်လို့ ၊ ဘယ်သူသတ်မှန်းမသိဘူး အဲဒါကို ကျနော်တို့ အမှုဖွင့်ပြီးတော့ ရဲက စိစစ်တဲ့ဟာကို ကျနော်တို့ ပြန်ပြီးတော့ စိစစ်ခိုင်းထားပါတယ်။

မေး။ ။ အဲဒီနေရာကို သွားပြီးတော့ တူးဖော်တယ်လို့ပြောလို့လေ၊ ဘာကြောင့်များ အဲဒီနေရာကို သွားပြီးတော့ တူးဖော်ဖြစ်ခဲ့ရတာလဲခင်ဗျ။

ဖြေ။ ။ အဲဒါကတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေသွားတယ်ခင်ဗျ။ လောလောဆယ်တော့ ကျနော်တို့ ဘာမှ ပြောလို့မရဘူး။”

ဒါနဲ့ပတ်သက်လို့ မောင်တောရဲစခန်းရဲမှုးကျော်မြဝင်းကတော့ အလောင်းတွေ တွေ့ရှိတယ် ဆိုတာပဲ ကြားပြီး အသေးစိတ်ကိုတော့ မပြောနိုင်ဘူးဆိုပါတယ်။ ဒါကို စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေဦးဆောင်တဲ့ အဖွဲ့က သွားရောက် စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။ ဦးဇော်မြင့်ဖေကိုတော့ ဗွီအိုအေက ဆက်သွယ်လို့ မရပါဘူး။

ကနဦး အစိုးရသတင်းထုတ်ပြန်ရေးက ထုတ်ခဲ့တဲ့သတင်းမှာတော့ အဲဒီနေရာမှာ လူသေအလောင်းတွေ မြုပ်နှံထားတယ်ဆိုတာကို လူတဦးက သတင်းပေးလို့ သွားရောက် တူးဖော်ရင်းတွေ့ရှိခဲ့တာလို့ ရေးပါတယ်။ ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အကြမ်းဖက် ဝါဒစွဲ တိုက်ခိုက်မှုတွေကို တန်ပြန်နှိမ်နင်းတဲ့ စစ်ဆင်ရေးအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာမတရားစော်ကားမှု၊ လူသတ်မှု၊ မီးရှိုှုမှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုပြီး ကုလသမဂ္ဂရော နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကပါ ဝေဖန်နေကြတာပါ။

တဘက်မှာလည်း အစိုးရနဲ့နီးစပ်တဲ့ အစိုးရအာဏာပိုင်တွေနဲ့ဆက်နွယ်တဲ့ ဒေသခံအချို့ သတ်ဖြတ်ခံရမှုတွေလည်း ရှိနေတာပါ။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ထုတ်ပြန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာပါ အချက်အလက်တွေ ကိုတော့ ဖြစ်ရပ်တခုချင်းကို အစိုးရ စုံစမ်းရေးကော်မရှင် က ပြန်လည်စုံစမ်းနေသလို၊ တပ်မတော် ရဲ လုံခြုံရေးအဖွဲ့အစည်းတွေကလည်း ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လျှက်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG