သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ICRC ဝင်ရောက်စစ်ဆေးခွင့်ပေးမည်


မောင်တောမြို့တွင် လုံခြုံရေးရဲများနေရာယူစဉ်
မောင်တောမြို့တွင် လုံခြုံရေးရဲများနေရာယူစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းက အကြမ်းဖက်မှုတွေကြောင့် လူမှုအသိုင်းအဝိုင်း အတွင်း သက်ရောက်မှု ရှိလာမယ့် အပေါ် စိုးရိမ်ချက်နဲ့ အနီးကပ် စောင့်ကြည့်နေသလို ဖမ်းဆီးထိန်းသိမ်းခံရသူတွေနဲ့ တွေ့ဆုံနိုင်ရေး အတွက်လည်း အဆင်သင့် ရှိတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC က ပြောဆိုလိုက်ပါတယ်။ မောင်တောမြို့နယ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ပြီး လူပေါင်း ၃၀ နီးပါးကို မြန်မာ အစိုးရက ဖမ်းဆီး စစ်ဆေးနေတဲ့ အချိန်မှာဘဲ ICRC က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း ပြီးခဲ့တဲ့ သတင်းပတ်က စခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်းက လူမှု အသိုင်းအဝိုင်း အားလုံး အတွက် စိုးရိမ်မကင်း ဖြစ်ရတယ်လို့ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ကပြောဆိုလိုက်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို တွေ့ဆုံနိုင်ဖို့လည်း အဆင်သင့် ရှိနေတဲ့ အကြောင်း ICRC မြန်မာရုံးရဲ့ Communication Coordinator Jean-Yves Clemenzo က ဗွီအိုအေကို ပြောပါတယ်။

“ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကြောင့် ထိခိုက်လာနိုင်ခြေရှိသူ အားလုံးအတွက် အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံတွင်းက ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ပတ်သက်ပြီး ICRC ဘက်က လုပ်ဆောင်ဖူးတာတွေ ရှိပါတယ်။ ဒါ့အပြင် တခြား ဖမ်းဆီးထိန်းသိမ်းမှုတွေနဲ့ ထောင်တွင်း အခြေအနေတွေကို စောင့်ကြည့်နိုင်ဖို့ အတွက် မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်တွေကို သွားရောက်ဖို့ အတွက် အဆင်သင့် ရှိနေပါတယ်။ ဒါပေမယ့် အစိုးရနဲ့ ညှိနှိုင်းမှုတွေကတော့ ကန့်သတ် အဆင့်မှာ ထားတာကြောင့် ထုတ်ဖော် ပြောဆိုလို့တော့ မရပါဘူး။”

မောင်တောမြို့နယ် အတွင်း သတင်း ၂ ပတ်နီးပါး ရှိလာပြီ ဖြစ်တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီး မြန်မာ အစိုးရက လူ ၃၀ နီးပါးကို ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။ ဖမ်းဆီးထားသူတွေကို နှိပ်စက်ညှဉ်းပန်းမှု မရှိဘဲ တရားဥပဒေနဲ့ အညီ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးက ပြောဆိုခဲ့သလို ICRC တို့လို အဖွဲ့အစည်းတွေ အနေနဲ့ ဒီထိန်းသိမ်းခံရသူတွေကို တွေ့ဆုံမယ်ဆိုရင်လည်း ကြိုဆိုတယ်လို့လည်း ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း လုံခြုံရေး စိုးရိမ်ချက်ကြောင့် နေရပ်ရင်းတွေကနေ စွန့်ခွာ ထွက်ပြေးနေကြရသူတွေ အရေးနဲ့ ပတ်သက်ပြီးလည်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အကြောင်း ICRC မြန်မာရုံးရဲ့ Communication Coordinator Jean-Yves Clemenzo က ဗွီအိုအေကို ပြောပါတယ်။

“ကျနေ်ာတို့ အနေနဲ့တော့ ရခိုင်ပြည်နယ်တွင်းက လူမှု အသိုင်းအဝိုင်း အားလုံးအတွက် စိုးရိမ်ပါတယ်။ ဒီအခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် မြန်မာ ကြက်ခြေနီ အသင်းနဲ့လည်း နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကျနေ်ာတို့ရဲ့ အဓိက မိတ်ဖက် ဖြစ်တဲ့ မြန်မာ့ ကြက်ခြေနီ အသင်းကလည်း အခြေအနေကို စောင့်ကြည့်နေပါတယ်။ သူတို့ အနေနဲ့ ကျနော်တို့ရဲ့ အထောက်အပံ့ကို လိုအပ်ရင် ကျနော်တို့ သွားနိုင်ဖို့ အတွက်လည်း အဆင်သင့် ရှိနေပါတယ်။”

မောင်တောမြို့နယ်တွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေကတော့ သတင်း ၂ ပတ်နီးပါး ကြာမြင့်လာပြီး ဖြစ်ပြီး နယ်မြေတွင်းမှာ စိတ်ချလက်ချ တည်ငြိမ်မှုတော့ မရှိသေးပါဘူး။ မောင်တောမြို့နယ်တွင်းက နယ်ခြားစောင့် ရဲတပ်စခန်း ၃ ခုတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး မောင်တော နယ်ခြားစောင့် တပ်ဖွဲ့ ရဲမှူးချုပ် မောင်မောင်ခင် နေရာမှာ ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်ကို အစားထိုးလိုက်ပါတယ်။ ဒါ့အပြင် နယ်ခြားစောင့် စခန်းသုံးခု တိုက်ခိုက်ခံရမှု အတွင်း အကြမ်းဖက် သမားတွေ ရယူသွားခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ လက်နက်တွေကို ပြန်လည် ရရှိတဲ့ အထိ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းရှာဖွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးက မောင်တောမြို့မှာ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG