သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာတောင်ညွန့် ဆူပူမှုမှာပါဝင်သူတွေကို အရေးယူမည်


မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ ရဟန်းတွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ တိုင်း သံဃာ့ မဟာနာယကအဖွဲ့ကို သာသနာရေးဝန်ကြီးဌာနက စာတင်ထားတယ်လို့ ဝန်ကြီးဌာန အဆင့်မြင့်တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ မျိုးချစ်ရဟန်းပျိုများသမဂ္ဂကတော့ သတင်းတွေမှာ ဖော်ပြနေကြသလို သံဃာတွေ က အိမ်ထဲဝင်စစ်ဆေးတာ၊ ရုန်းရင်းဆန်ခတ်လုပ်တာတွေ မရှိခဲ့ဘူးလို့ ငြင်းလိုက်ပါတယ်။ သက်ဆိုင်ရာရဲတပ်ဖွဲ့ကတော့ ဒီဖြစ်ရပ် ကို စုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါ တယ်။

ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ ရဟန်းတွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ တိုင်းသံဃနာယကို သာသနာရေးဝန်ကြီးဌာနက စာပို့ထားတယ်လို့ သာသနာရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးတာဝန်ခံ၊ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကပြောပါတယ်။

နောက် ထပ်ဒီလိုအဖြစ်မျိုးတွေမဖြစ်အောင်ဘာတွေလုပ်ဖို့ရှိသလဲဆိုတာနဲ့ပတ်သတ်လို့ မေးမြန်း တာမှာတော့ သူက

“ကျနော်တို့ဒီမှာ တိုင်းသာသနာရေးကနေပြီးတော့ တိုင်းသံဃနာယဥက္ကဋ္ဌကို စာလျှောက်ထားပြီး ဆောင်ရွက်နေပါတယ်ခင်ဗျ။အခုလုပ်ဆောင်မယ့်ဟာတွေကိုလည်း အချိန်နဲ့ တပြေးညီထုတ်ပြန်ပေးပါမယ် ကျနော်တို့ website ကနေ။ ပြောထားပါတယ်ခင်ဗျ ရဲတပ်ဖွဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီးကလည်း သတင်းထုတ်ပြန်ပေးမှာပါ။ ကျနော်တို့ကလည်း ဘာတွေလုပ်ဆောင်မလဲဆိုတာတွေကို သတင်းထုတ်ပြန်ပေးမှာပါ ကျနော်တို့ website ကနေ။”

ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး တင်ထွန်းအောင်ကတော့ ဒီအဖြစ်အပျက် နဲ့ပတ်သတ်လို့ ပါဝင်ပတ်သတ်မှုတွေကို ထိထိရောက် ရောက်အရေး ယူသွားဖို့လုပ်နေ တယ်လို့ ဆိုပါတယ်။

“အဲဒါကို ဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အသေးစိတ်ကတော့ ကျနေ်ာတို့ ရဲကိုမေးလိုက်ပါ။ ဥပဒေနဲ့အညီ အကုန်အရေးယူမှာဖြစ်ပါတယ်။”

ရုန်းရင်းဆန်ခတ်မှုကို ထိန်းသိမ်းအရေးယူခွင့်ရှိတဲ့ ပြည်တဲရေးဘက်ကတော့အရိုက်ခံခဲ့ရသူက အမှုဖွင့် လိုစိတ်မရှိ တာကြောင့် အခုချိန်ထိ ဘယ်သူ့ကိုမှ အရေး ယူဖို့စီစဉ်လုပ်ဆောင်ထားတာမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီး သတင်းနဲ့ပြန်ကြားရေး ဌာနက ရဲမှုးလှဝေကပြောပါတယ်။

ဒါပေမယ့် အထိကရုန်းဖြစ်အောင် လှုံဆော်မှုတွေလူမှုကွန်ယက်ပေါ်မှာပျံနှံနေတာကြောင့် စုံစမ်းစစ်ဆေးနေတယ်လို့ သူကပြောပါတယ်။

ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်ဆောင်ခဲ့တာမှာ ပါဝင်ခဲ့တယ်လို့ သတင်းတွေထွက်နေ တဲ့ မျိုးချစ်ရဟန်းပျိုများသမဂ္ဂကကတော့ အခု သတင်းတွေထွက်နေသလို အကြမ်းဖက် လုပ် ဆောင်တာ၊ ဝင်ရောက်စစ်ဆေးတာစတဲ့ဥပဒေမဲ့လုပ်ဆောင်တာမရှိသလို တရားဥပဒေ စိုးမိုးမှုအမှန်ရှိလာတဲ့အထိ အမျိုးဘာသာကို ကာကွယ်သွားမယ်လို့ မျိုးချစ် ရဟန်းပျိုများ သမဂ္ဂက အတွင်းရေးမှုး ဥူးသုစိတ္တ ကမိန့်လိုက်ပါတယ်။

“ဘုန်းကြီးအလုပ်ကို ဘုန်းကြီးမလုပ်နိုင်ပဲနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးတွေ တရားရေးတွေကိုလုပ်ရမှာမို့လို့ ဝင်ရောက်ပြီးလုပ်ပေးနေတာဖြစ်ပါတယ်။ အဲဒီတော့ ဒါတွေကို ဦပဉ္စင်းတို့က လိုက်လုပ်နေတာ အစွန်းရောက်နေတာမဟုတ်ဘူး၊ အကြမ်းဖက်နေတာမဟုတ်ဘူး။ သူများမလုပ်တဲ့ အလုပ်ကို အမုန်းခံပြီးတော့ပြောနေတာ အမုန်းခံပြီးတော့ပြောနေတာ။ ဥပဒေပါလို့ ပြောနေတဲ့လူတွေကိုယ်တိုင် ဥပဒေကို လေးစားလိုက်နာပါ။”

ဒီပြင်ဆရာတော်က အဲဒီနေ့က မျိုးချစ်ရဟန်းပျိုများအဖွဲ့က ရပ်ကွက်နေ သူတွေ ကိုလည်းအကြမ်းဖက်ရိုက်နှက်ရန် စတာတွေမလုပ်ခဲ့ဘူးလို့ လည်း ငြင်းဆိုလိုက် ပြီး ရပ်ကွက်နေသူတွေကသာ ပြန်လည်ရန်ပြုခဲ့လို့သာ ထွက်ပြေး ခဲ့ရကြောင်း၊ တည်ဆဲ ဥပဒေနဲ့ မညီတဲ့ လုပ်ဆောင်တာရှိရင်အချိန်မရွေး ဥပဒေတိုင်း အရေးယူတာ ကိုခံမယ်လို့ လည်း ပြောဆို လိုက်ပါတယ်။ အမျိုးဘာသာသာ သနာစောင့် ရှောက်ရေး အဖွဲ့တခုဖြစ်တဲ့ မဘသအဖွဲ့နဲ့ မသက်ဆိုင်တဲ့ အဖွဲ့တခုဖြစ်တာမို့ မဘသခိုင်း စေချက်ကြောင့်လုပ်ဆောင်နေတာမျိုး မရှိဘူးလို့လည်း ပြောသွားခဲ့ပါ တယ်။

လက်ရှိမှာတော့မတည်မငြိမ်ဖြစ်ခဲ့တဲ့ မင်္ဂလာတောင်ညွှန့်မှာတော့ ရပ်ကွက် လုံခြုံရေးကို ရပ်ကွက်တွင်း ဘာသာပေါင်းစုံအဖွဲ့က တာဝန်ယူပြီးလုပ်ဆောင်နေတယ်လို့ ရပ်ကွက်နေတဦးဖြစ်သူ ဦးဇော်မင်းလတ်ကပြောပါတယ်။

“ဘယ်သူတွေလာလုပ်တယ်၊ ဘယ်သူတွေလာပြီးတော့ ပြဿနာတွေရှာတယ်ဆိုတာကိုတော့ ရဲတပ်ဖွဲ့ကသိပါတယ်၊ ထွေအုပ်ပိုင်းက သိပါတယ်။ သို့သော် ဘယ်သူတွေက ဒီကိစ္စကို စတင်ပြီးတော့ ဖွနေတယ် ၊ စတင်ပြီးတော့ ဖန်တီးနေတယ်ဆိုတာတွေကို သိပါတယ်။ သိသော်လည်း ယနေ့ အချိန်အထိကို ဟန့်တားခြင်း၊ တားဆီးခြင်း မရှိသေးပါဘူး။”

ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့နေ့က ခိုးဝင် ဘင်္ဂလီတွေ ရှိမရှိတာဝန်ယူစစ်ဆေးခဲ့တဲ့ မင်္ဂလာတောင်ညွှန့် စခန်းမှုး ဒုရဲမှုးမျိုးလွင်ကို ဒီကနေ့မှာ ကွမ်းခြံကုန်းကိုပြောင်းရွှေ့လိုက်တဲ့အကြောင်း ကာယကံရှင် ကိုယ်တိုင်က ဗွီအိုအေကိုပြောပါတယ်။

ဒီလို နေရာ ပြောင်းရွှေ့တာဟာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်သလားဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒီပြင် မတည်ငြိမ်မှုမှာ အဓိကပါဝင်ပတ်သက်သူ ၇ ယောက်ကို မင်္ဂလာတောင်ညွှန့် မြို့နယ်မှုး ရဲမှုးခင်မောင်ဦးက တရားရုံးကို ဦးတိုက်ကာ ဆူပူအောင်သွေးထိုးလှုံ့ဆော် မှု ပုဒ်မ ၅ဝ၅- ဂ/၃၄ ဒီကနေ့အမှုဖွင့်ထားတယ်လို့ သတင်းတွေထွက်ထားပါတယ်။ ဒါပေမယ့်လည်း မြို့နယ်မှူး ရဲမှုးခင်မောင်ဦးကိုဆက်သွယ်လို့မရသ လို စခန်းကိုဖုန်းဆက်မေးတာမှာလည်းတာဝန်ရှိသူတဦးက စခန်းကနေအခုလိုဆွဲဆိုထားတာရှိတယ်လို့မကြားမိတဲ့အကြောင်းနဲ့ ဆွဲထားတာလည်းမရှိဘူးလို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG