သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥပဒေစိုးမိုးရေး အမေရိကန် ကူညီပံ့ပိုးသွားမည်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel (၂၀၁၆ မေလ)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel (၂၀၁၆ မေလ)

မင်္ဂလာတောင်ညွန့်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ဟာ တရားဥပဒေစိုးမိုးရေးကိစ္စပဲဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးပိုင်း အားကောင်းလာ အောင် လုပ်ဆောင်နေတာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ကူညီပံ့ပိုးပေးနေတာတွေရှိသလို ဆက်ပြီးတော့လဲ ကူညီပံ့ပိုး ပေးသွားချင်ပါတယ်လို့ သံအမတ်ကြီးကပြောပါတယ်။ သံအမတ်ကြီး Scot Marciel ကို ရန်ကုန်မြို့၊ သံအမတ်ကြီးနေအိမ်မှာ ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ မင်္ဂလာတောင်ညွန့်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး သံအမတ်ကြီးရဲ့အမြင်ကို သိပါရစေ၊ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်ရပ်မျိုး တွေ ဆက်ဖြစ်နေသေးတဲ့အပေါ် သံအမတ်ကြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ပထမဆုံးပြောချင်တာက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စာနယ်ဇင်းသတင်းတွေကနေပဲ ကျနော်သိရတာပါ။ ဆိုတော့ ကျနော့် မှာ အချက်အလက်အားလုံး မရှိပါဘူး။ ကျနော့်အတွက်တော့ ဒီကိစ္စက တရားဥပဒေစိုးမိုးရေးကိစ္စပါပဲ။ ဒီဖြစ်ရပ်ပဲဖြစ်ဖြစ်၊ အလား တူ ဘယ်လိုဖြစ်ရပ်မျိုးမှာပဲဖြစ်ဖြစ် ဥပဒေကို မျှမျှတတ ကျင့်သုံးရမယ်လို့ ကျနော်ထင်ပါတယ်။ တရားမဝင်လုပ်ရပ် ဒါမှမဟုတ် တရားမဝင်ကိစ္စတွေ ရှိနိုင်ခြေနဲ့ပတ်သက်ပြီး နိုင်ငံသားတွေအနေနဲ့ စိုးရိမ်ချက်ရှိတယ်ဆိုရင် ဥပဒေစိုးမိုးရေးပိုင်း တာဝန်ရှိသူတွေ ကို အကြောင်းကြားရပါမယ်။ ခိုင်လုံတဲ့အကြောင်းရှိတယ်ဆိုရင် ဥပဒေစိုးမိုးရေးပိုင်း တာဝန်ရှိသူတွေအနေနဲ့ အရေးယူ လုပ် ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့် ဥပဒေစိုးမိုးရေးပိုင်း တာဝန်ရှိသူတွေက အရေးယူရမှာပါ။ သတင်းတွေမှာပါတာကို အခြေ ခံပြောရမယ်ဆိုရင် အရပ်သားတွေက ဥပဒေစိုးမိုးရေးပိုင်း တာဝန်ရှိသူတွေနဲ့ အတူလိုက်ပါပြီး ဖြစ်နိုင်ခြေရာဇဝတ်မှုကို လိုက်ရှင်း တယ်ဆိုရင် အဲဒါဟာ ပုံမှန်မဟုတ်သလို ပြဿနာလဲရှိနိုင်ပါတယ်၊ စိုးရိမ်စရာအများကြီးရှိပါတယ်။ ဒီနိုင်ငံဟာ ဒီမိုကရေစီနုနယ် သေးတယ်ဆိုတော့ … ကျနော်နားလည်ပါတယ်။ ဒါပေမဲ့ နိုင်ငံမှာ ဥပဒေစိုးမိုးရေး တည်ဆောက်နေတာနဲ့အမျှ နိုင်ငံသားတွေအနေ နဲ့ သူတို့မှာရှိတဲ့ ဘယ်လိုစိုးရိမ်ချက်မဆို ဥပဒေစိုးမိုးရေးတာဝန်ရှိသူတွေကို တင်ပြရပါမယ်၊ တာဝန်ရှိသူတွေက ဆက်လုပ်ရပါ မယ်။ ဒါဆိုရင် လူအုပ်စုက သူတို့မြင်သလို ဥပဒေသတ်မှတ်ပြီး ဝင်လုပ်တဲ့အခြေအနေမျိုးကို ရှောင်ရှားနိုင်မှာပါ။

မေး။ ။ မြန်မာနိုင်ငံထက် ဒီမိုကရေစီအတွေ့အကြုံပိုများတဲ့ အမေရိကန်လိုနိုင်ငံမျိုးတွေမှာသာ ဒီလိုဖြစ်ရပ်မျိုးတွေ ဖြစ်လာမယ်ဆို ရင် မတူကွဲပြားတဲ့ တုန့်ပြန်လုပ်ဆောင်ချက်များ ဖြစ်မလားခင်ဗျ။

ဖြေ။ ။ အမေရိကန်အပါအဝင် ဘယ်နိုင်ငံမှ ပြီးပြည့်စုံအောင် ကောင်းမွန်တယ်ဆိုတာ မရှိပါဘူး။ အားလုံးမှာ အမှားအယွင်းတွေနဲ့ ဆုံးရှုံးမှုတွေရှိပါတယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့် ဘာဖြစ်မလဲဆိုတော့ - ပြဿနာတချို့ရှိနေတယ်လို့ အရပ်သားတချို့က ဖော်ထုတ် လာမယ်ဆိုရင်၊ ရဲတပ်ဖွဲ့ကလဲ ကျိုးကြောင်းခိုင်လုံတယ်လို့ ယူဆတယ်ဆိုရင် အရေးယူ လုပ်ဆောင်မှာပါ။ အရပ်သားတွေပါ အတူ လိုက်ပါပြီး ရာဇဝတ်မှုကို စုံစမ်းစစ်ဆေးတာမျိုး လုပ်မှာမဟုတ်ပါဘူး။ ဒါက တကယ့်ကိုအရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ ဥပဒေစိုးမိုးရေးပိုင်း လုပ်ဆောင်ချိန်မှာ အရပ်သားတွေကို အတူလိုက်ပါဖို့ ဒါမှမဟုတ် ပါဝင်ဖို့ ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါဟာ လူမှု အဝန်းဝိုင်းတွေကြား၊ နိုင်ငံသားတွေကြားမှာ ရုန်းရင်းဆန်ခတ် အခြေအနေမျိုး ဖြစ်လာနိုင်ခြေကို ရှောင်ရှားတဲ့နည်းပါပဲ။ ဥပဒေ စိုးမိုးရေးကို ဥပဒေစိုးမိုးရေးပိုင်း တာဝန်ရှိသူတွေကပဲ လုပ်ဆောင်ဖို့ သိပ်အရေးကြီးတယ်လို့ ကျနော်ထင်ပါတယ်။ စိုးရိမ်မှုရှိတဲ့ အရပ်သားတွေ တိုက်ရိုက်ပါဝင်လုပ်ဆောင်တာမျိုး မရှိရပါဘူး။

မေး။ ။ တရားဥပဒေစိုးမိုးရေးပိုင်း တာဝန်ရှိသူတွေ စွမ်းဆောင်ရည် မြင့်လာစေဖို့၊ တရားဥပဒေစိုးမိုးရေး ပိုပြီးကောင်းလာစေဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လို ပံ့ပိုးကူညီနိုင်တဲ့အနေအထားမျိုးမှာ ရှိတယ်လို့ ယူဆပါသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ ကြိုးစားနေပါတယ်။ ရဲတပ်ဖွဲ့ကို လေ့ကျင့်သင်တန်းပေးတာမှာ ကျနော်တို့ ပံ့ပိုးကူညီနေပါတယ်။ အစိုးရက နိုင်ငံတဝန်းမှာ ထူထောင်ဖို့ လုပ်ဆောင်နေတဲ့ တရားဥပဒေစိုးမိုးရေး ဗဟိုဌာနတချို့ကို ပံ့ပိုးကူညီဖို့ ကျနော်တို့ လုပ်ဆောင်နေပါ တယ်။ ဒါပေမဲ့ ရိုးသားစွာ ထပ်ပြောရမယ်ဆိုရင် ဒီနိုင်ငံရဲ့ဒီမိုကရေစီဟာ နုနယ်ပါသေးတယ်။ လူ့အဖွဲ့အစည်းအနေနဲ့ သူတို့ရဲ့ ဒီမိုကရေစီ ဘယ်လို လည်ပတ် လုပ်ဆောင်စေချင်တယ်၊ တရားဥပဒေစိုးမိုးရေး ဘယ်လိုဖြစ်စေချင်တယ်ဆိုတာတွေကို သိရှိ နားလည်လာဖို့ရာ အချိန်ယူရပါမယ်။ ဆိုတော့ ဒီဖြစ်ရပ်တချို့က လူတွေအနေနဲ့ လေ့လာသင်ယူဖို့ အခွင့်အလန်းပေးတယ်လို့ ကျနော်ထင်ပါတယ်။ တခြားနိုင်ငံတွေက အတွေ့အကြုံတွေကိုသိခွင့်ရပြီး တခြားနေရာတွေမှာ ဘယ်လို လုပ်ဆောင်ကြတယ် ဆိုတာ မြင်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ တကယ်ပဲ ကူညီချင်ပါတယ်၊ ကူညီနေပါတယ်၊ ဆက်ပြီး တော့လဲ ကူညီသွားပါမယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG