သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်လူငယ် ၃ ဦး သတ်ခံရမှု အမှုဖွင့်စစ်ဆေး


ကချင်လူငယ်များ
ကချင်လူငယ်များ

ကချင်ပြည်နယ် ၊ မံစီမြို့နယ် မိုင်ခေါင်ရွာ RC ဒုက္ခသည်စခန်းက အသတ်ခံရတဲ့ ကချင်လူငယ်(၃)ဦးရဲ့ အလောင်းကို ဒီကနေ့မှာ မံစီဆေးရုံကိုသယ်ဆောင်လာပြီးတော့ လိုအပ်တဲ့ခွဲစိတ် စစ်ဆေးမှုတွေလုပ်နေသလို သေဆုံးမှုအတွက်အမှု ဖွင့်ထားပြီးလို့ စခန်းတာဝန်ခံတွေက ပြောပါတယ်။ ဒုက္ခသည်စခန်း နေလူငယ်(၃)ဦးကိုမြန်မာ့ တပ်မတော်ကနေ ဖမ်းဆီးသွားတာဖြစ်ပြီး လက်နက် လုယက်တဲ့အတွက်ကြောင့် လက်လွန်သတ်ဖြတ်မိကြောင်း မြန်မာတပ်တော် အရာရှိတွေက အသိပေးပြောဆိုခဲ့တယ်လို့ မိုင်ခေါင်ရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။

လက်ရှိသတ်ဖြတ်ခံရတဲ့ လူငယ်(၃)ဦးကိစ္စအတွက်အမှုဖွင့်ထားသလို ဘယ်အဖွဲ့အစည်းရဲ့လက်ချက်ဆိုတာစီစစ်နေဆဲလို့ ရဲတပ်ဖွဲ့ တာဝန် ရှိသူတွေကပြောပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထား ပါတယ်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်ခေါင်ရွာမှာရှိတဲ့ RCဒုက္ခသည်စခန်းကလူငယ်(၃)ဦးကို လက်နက်ကိုင်အဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့တဲ့ကိစ္စရပ်အတွက် အမှုဖွင့်ထားတယ်လို့ မိုင်ခေါင်စစ်ရှောင်စခန်း တာဝန်ခံ ဦးဘရန် နူးကအခုလိုပြောပါတယ်။

“အခုကျနော်တို့ မံစီဆေးရုံမှာ ရောက်နေတယ်။ အခုကျနော်တို့ အမှုဖွင့်ဖို့လုပ်နေကြတယ်။”

အသတ်ခံရသူလူငယ်(၃)ဦးက အသက် ၂၂နှစ်အရွယ် ကိုမရန်ဘရန်ဆိုင်း၊အသက် ၃၁ နှစ်အရွယ် ကိုအင်ခွမ်ဂမ် အောင်နဲ့ အသက် ၂၇ နှစ်အရွယ် ကိုလဗျနော်ခွမ်တို့ဖြစ်ကြပြီး မေ ၂၅ ရက်ည ၇ နာရီကျော် က ခမရ ၃၁၉ ရှေ့တန်း စစ်ကြောင်းကနေ ဖမ်းဆီးသွားပြီး မေလ(၂၆)ရက်နေ့မှာ သတ်ဖြတ်ခံရတယ်လို့ စစ်ရှောင်စခမ်းတာဝန်ခံဦးဘရမ်နူး က ဆက်ပြောပါ တယ်။

“ဖြစ်စဉ်က ၂၅ ရက်နေ့ည ၇ နာရီ-၈နာရီလောက်မှာပေါ့နော် ကျနော်တို့ စခန်းက ကောင်လေး ၃ ယောက်အပြန် မိုင်ခေါင်ရွာဝင်ခါနီးမှာပေါ့နော် ခမရ ၃၁၉ စစ်တပ်က တယောက်ယောက် ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ခါ့ပရာရန်ရွာမှာသွားနေကြတာပေါ့နော် ။ ၂၆ မနက်ပိုင်း ၉ နာရီ-၁၀ နာရီလောက်မှာ သတ်လိုက်တယ်လို့ ခန့်မှန်းရပါတယ်။”

လူငယ်(၃)ဦးဟာ လက်နက်လုယက်ခဲ့လို့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တပ်မတော်ဘက်က အကြောင်းပြပြောဆိုခဲ့ တယ်လို့ မိုင်ခေါင်ရွာ အုပ်ချုပ်ရေးမှူး ဦးပီတာဘောက်နော်က ပြောပါတယ်။

“လက်နက်လုလာလို့ လက်လွန်သွားတယ်ဆိုတဲ့ ပုံစံနဲ့ပြောတယ် တပ်ရင်းမှူးက သူ့တပည့်တွေက အဲဒီလိုပြောတယ် လက်နက်လုလာလို့ အဲလိုဖြစ်သွားတယ်လို့ပြောတယ်။ သူတို့ ၃ ယောက်က ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့လူတွေပါ။ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာ လုံးဝမရှိတာတော့ အမှန်ပဲ။”

သေဆုံးသူတွေရဲ့အလောင်းကို မနေ့ညနေပိုင်းက မိုင်ခေါင်ရွာနဲ့၅မိုင်လောက်အကွာမှာ တူးဖေါ်ရရှိပြီး ဒီကနေ့ မှာမံစီဆေးရုံကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ(၃)ဦးကို လက်ရှိခွဲစိပ်ဆေးစစ်ချက်ယူနေဆဲဖြစ်ပြီး လူသတ်မှုအတွက် အမှုဖွင့်ထားသလို ဘယ်အဖွဲ့ အစည်းရဲ့လက်ချက်ဆိုတာ စီစစ်နေဆဲလို့ မံစီမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်ကျော်စိုးဝင်း အခုလိုပြောပါတယ်။

“ဖြစ်စဉ်ကတော့ အဲဒီ camp ရဲစခန်းမှာပဲ အမှုတိုင်မယ်၊ ဖွင့်မယ်လို့ ပြောတယ်ခင်ဗျ ။ ရဲစခန်းမှာတော့ သူတို့ တိုင်ချက်ရေးနေပါတယ်။ ကျနော်တို့ကတော့ ရင်ခွဲရုံမှာ စစ်ဆေးနေပါတယ်။ လောလောဆယ်တော့ သေဆုံးရခြင်းအကြောင်းပဲစစ်နေတုန်းပဲရှိသေးတယ် ။ ကျနော်တို့ကတော့ ပတ်ဝန်းကျင် မျက်မြင်သက်သေတွေ၊ ရွာကလူတွေကို စစ်မှပဲ ပေါ်လာမယ်။ လောလောဆယ်တောည ပြောလို့မရသေးဘူး။”

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်ခေါင်ရွာမှာ စစ်ပြေးဒုက္ခသည်စခန်း(၃)ခုရှိပြီး အိမ်ခြေ(၅၀၀)ခန့်ရှိသလို စစ်ရှောင်ဦး ရေ (၂၅၀၀)ကျော်ရှိနေပါတယ်။

ဒီဒုက္ခသည်စခန်း ဟာ KIOခေါ်ကချင်လွတ်လပ်ရေးအဖွဲ့နဲ့မြန်မာ့တပ်မတော်တို့အကြား တကျော့ပြန်တိုက်ပွဲတွေ ကြောင့် ၂၀၁၃ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား စစ်ရေးတင်းမာမှုတွေရှိနေသေးသလို စစ်ရေးပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုခံနေရဆဲ ဖြစ်စဉ်တွေ လဲရှိနေဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်ဘက်က အရပ်သားတချို့ကို မြန်မာ့တပ်မတော်ကနေ ညှင်းပမ်းနှိပ်စက်နေတဲ့ ဗွီဒီယိုဖိုင်တခု စနေနေ့မှာ လူမူရေးစာမျက်နှာတွေမှာ ပျံ့နှံ့ လာတဲ့နောက်မှာ ဒီညှင်းပမ်းနှိပ်စက်မှု နဲ့ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေလုပ်ဘို့HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ နဲ့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့တို့ကနေ တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG