သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား အသုံးပြုမှုတားဆီးရေး အခြေအနေတိုးတက်လာ


ကလေးစစ်သား
ကလေးစစ်သား

အရပ်သားအစိုးရလက်ထက် ကလေးစစ်သားပပျောက်ရေး လုပ်ဆောင်ချက်တွေဟာ အရင်ကထက် စာရင်ပိုပြီးခိုင်မာအားကောင်းလာတယ်လို့ ကလေးစစ်သားပပျောက်ရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒါပေမဲ့လို့ စစ်ရေးပဋိပက္ခတွေတင်းမာနေဆဲ တိုင်းရင်းနယ်မြေတွေမှာတော့ ကလေးစစ်သား အတင်းအဓမ္မစုဆောင်းမှုတွေကရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ စစ်တပ်ကနေ ပြန်လည်အပ်နှံလာတဲ့ကလေးငယ်တွေ အတွက် ရေရှည်ဘဝရပ်တည်ရေးနဲ့ ပြန်လည်ထူထောင်ရေးကို စနစ်တကျဆောင်ရွက်ပေးနေတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ကပြောပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်လေးတွေကို တပ်မတော်တွင်းမှာ စစ်မူထမ်းဖို့ စုဆောင်းတာ၊ တာဝန်ပေးခိုင်းစေတာမျိုး မရှိစေဖို့ ကလေးစစ်သားပပျောက်ရေးစီမံချက်အနေနဲ့ ကုလသမဂ္ဂ၊ INGO အစိုးရမဟုတ်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အတူ အစိုးရ၊ တပ်မတော်တို့က ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ NLD ဦးဆောင်တဲ့အရပ်သားအစိုးရ လက်ထက်မှာတော့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီကို သမ္မတဦးထင်ကျော်အမိန့်နဲ့ ပြီးခဲ့တဲ့နှစ်၂၀၁၆ မေလက ဖွဲ့စည်းပြီး ကလေးစစ်သားပပျောက်ရေး လုပ်ဆောင်နေပါတယ်။ ဒီကော်မတီမှာတော့ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေချုပ်ရုံး၊ ပြည်ထဲရေး၊ စစ်ရေးချုပ်ရုံး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး စတဲ့ ဝန်ကြီးဌာနက တာဝန်ရှိသူတွေပါဝင်ပါတယ်။

NLDအစိုးရ လက်ထက်မှာတော့ ကလေးစစ်သားပပျောက်ရေး လုပ်ဆောင်ချက်တွေဟာ အရင်ကထက်စာရင်ပိုပြီးအားကောင်းလာတယ်လို့ ကလေးစစ်သားပပျောက်ရေးလှုပ်ရှားသူတွေကပြောပါတယ်။ အရပ်သားအစိုးရလက်ထက် ကလေးစစ်သား အတင်းအဓမ္မစုဆောင်းတာ ရပ်တန့်သွားအောင် ဆောင်ရွက်နေတာတွေနဲ့ပတ်သက်လို့ ကလေးစစ်သားပပျောက်ရေး တစိုက်မတ်မတ်လှုပ်ရှားဆောင်ရွက်ခဲ့သူ Equality Myanmar ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောပါတယ်။

“တပ်အတွင်းမှာရောက်နေတဲ့ကလေးတွေကို ပြန်လည်ခေါ်ထုတ်တာတွေ၊ နောက်တခါ မိသားစုနဲ့ အသားကျအောင်ပြန်လည်ပို့ဆောင်တဲ့ Reintegration process တွေကတော့ အရင်ကထက် အားကောင်းလာတာရှိပါတယ်။ ကလေးစစ်သားအသုံးပြုမှု တိုင်ကြားမှုတွေကတော့ အရင်ကထက်လျော့လာတယ်။ အထူးသဖြင့် စစ်တပ်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့်ရောက်လာတဲ့ အသက်မပြည့်တဲ့ကလေးတွေ ကျနော်သက်ဆိုင်ရာတာဝန်ရှိတဲ့လူကိုပြောလို့ရှိရင် ထုတ်ရတာလွယ်လာတယ်။”

အစိုးရအနေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်ဆောင်ချက်တွေဟာ ပိုပြီးစနစ်တကျ ဆောင်ရွက်လာတဲ့ အနေအထားရှိပေမဲ့ လို့ စစ်ရေးတင်းမာနေဆဲ တိုင်းရင်းဒေသတွေနဲ့ လက်နက်ကိုင် အဖွဲ့အချို့မှာ ကလေးစစ်သားအတင်း အဓမ္မစုဆောင်းတာ၊ တိုက်ပွဲတွေမှာ အသုံးပြုနေတာတွေကို လုပ်ဆောင်နေဆဲ အနေအထားဖြစ်တယ်လို့လည်း ဦးအောင်မျိုးမင်းကပြောပါတယ်။

“သူတို့ကို ပြန်လည်ပြီးတော့ နေရာချထားရေးလုပ်ဆောင်တာကတော့ ILO၊ Save the Children နဲ့ World Vision အဲဒီ INGO အဖွဲ့တွေရဲ့ ပူးပေါင်းမူတွေရှိတဲ့အတွက် သူတို့ကို အရင်ကထက် ပိုမိုပြီးတော့ စောင့်ရှောက်နိုင်မှု ရှိလာပါတယ်။ ဒါပေမယ့် တဖက်မှာ ကျနော်တို့ဘာတွေရှိသလဲဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေ ကြားထဲမှာကလေးစစ်သားအသုံးပြုမှုက ဆက်လက်ရှိနေတုန်းပဲ အခုလိုမျိုး ကျနော်တို့ အပစ်အခတ်ရပ်စဲရေး မရပဲနဲ့ ဆက်လက်တိုက်ပွဲလုပ်ဆောင်နေတဲ့ အဖွဲ့တွေမှာဆိုရင် ကလေးစစ်သားတွေကို ဆင့်ခေါ်မှုတွေ ၊ အသုံးပြုမှုတွေ အရင်ကထက်ပိုပြီးတော့တိုးလာတယ်ဆိုတဲ့ သတင်းပို့ချက်တွေကျနော်တို့ ရရှိနေတယ်။ အပစ်အခတ်ရပ်စဲပြီးတဲ့ကလေးတွေကို ဘယ်လိုမျိုး ပြန်ပြီးတော့ နေရာပြန်ချထားမလဲဆိုတဲ့အကြောင်းအရာက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါပေမယ့် တကယ်တမ်းအကောင်အထည်ဖော်နိုင်ဖို့ကတော့ အရမ်းအားနည်းနေတုန်းပဲ ရှိပါသေးတယ်။”

စစ်တပ်ကနေ ပြန်လည်အပ်နှံလာတဲ့ ကလေးစစ်သားလေးတွေကို မိဘရင်ခွင်ပြန်လည်အပ်နှံခြင်းနဲ့ လူမှုဘဝပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာတွေနဲ့ပတ်သက်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာဒေါ်စန်းစန်းအေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“တပ်မတော်ကနေပြီးတော့လွှဲအပ်လာတဲ့ ကလေးစစ်သားတွေရှိပါတယ်။ အဲဒီမှာ ကျမတို့အဖွဲ့ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့မှာကျတော့ ကျမတို့က ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ဥက္ကဋ္ဌက လူမှုဝန်ထမ်းညွှန်ကြားရေးမှူးချပ်ပါ။ ကျမတို့ လက်ခံရရှိတဲ့ ကလေးရဲ့ နေရပ်လိပ်စာ စသဖြင့်ပေါ့ သူတို့ ID တွေ၊ ပညာအရည်အချင်းတွေကိုပေါ့နော် ကျမတို့ယူပါတယ်။ ပြီးတော့ သူတို့ ရပ်ရွာပြန်ရောက်သွားလို့ရှိရင် ဆောင်ရွက်လိုတဲ့လုပ်ငန်း Livelihood ပေါ့နော် အသက်မွေးဝမ်းကျောင်း အတတ်ပညာတခု ကိုသင်ကြားပေးဖို့အစီအစဉ်တွေလုပ်ပါတယ်။ အဲဒီ အစီအစဉ်တွေကို ကလေးနဲ့ အကျေအလည် ဆွေးနွေးပါတယ်ရှင့်။ ဆွေးနွေးပြီးတော့ နေရပ်ကိုပြန်ပြီးတော့ ပို့ပေးပါတယ်ရှင့်။”

တပ်တွင်းမှာတော့ အသက်မပြည့််သေးတဲ့ကလေးစစ်သားတွေကို နည်းလမ်းမမှန်ပဲ ခေါ်ယူစုဆောင်းခဲ့တဲ့ တပ်မတော်သားအချို့ကို စစ်စည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက်မှုတွေ လည်းရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်း အစိုးရသစ်လက်ထက် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တနှစ်စာလုပ်ဆောင်ချက် သတင်းစာရှင်းလင်းပွဲမှာလည်း ပြောဆိုထားတာပါ။ မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို တပ်တွင်းမှာ စုဆောင်းတာ တာဝန်ပေးတာ လုံးဝမရှိစေတော့ဖို့ ၂၀၁၂တုန်းက ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံအစိုးရတို့အကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာပါ။ မြန်မာနိုင်ငံရဲ့ဥပဒေများအရ ခွင့်ပြုမထားတဲ့ တပ်တွင်း စုဆောင်းခံထားရသူ ကလေးစစ်သားတွေကို တပ်မတော်ဘက်ကလည်း စိစစ်ပြီး ပြန်လည်ထွက်ခွာခွင့်ပေးပြီး မိဘလက်ထံပြန်လည် အပ်နှံပေးနေပါတယ်။

တချိန်တည်းမှာပဲ တကယ်လို့ မိမိတို့ရဲ့ဒေသ ပတ်ဝန်းကျင်မှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စုဆောင်းနေတာကို သိရှိတယ်ဆိုရင် ဖုန်းနံပတ် ၀၉ ၄၂၁၁၆၆၇၀၁ ၊ ၀၉၄၂၁၁၆၆၇၀၂နဲ့ စာတိုက်သေတ္တာနံပတ် ၆၇၉ ကို ဆက်သွယ်ပါလို့ ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ Save the Children၊ World Version တို့ကလည်း ပြည်သူတွေကို တိုက်တွန်းနိုးဆော်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG