သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ကလေးများလုံခြုံရေး ကုလစိုးရိမ်


(Photo: UNICEF)
(Photo: UNICEF)

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့ကြီးရဲ့ နိုဝင်ဘာလ ၈ ရက် အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ - မြန်မာနိုင်ငံက ကလေးတွေ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေက ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကို အာရုံစိုက် လုပ်ဆောင်ဖို့ကိုလည်း တောင်းဆိုထားပြီး၊ အဲဒီဒေသမှာ တင်းမာမှုကြောင့် အပစ်ပယ်ခံရပြီး အထောက်အပံ့ ပြတ်တောက်နေရတဲ့ ကလေးတွေအတွက် စိုးရိမ်ကြောင်းကိုလည်း ကြေညာချက်မှာ မီးမောင်းထိုး ထောက်ပြခဲ့တာဖြစ်ပါတယ်။

ဒီကလေးငယ်တွေဟာ အဟာရ၊ ကျန်းမာရေးနဲ့ ပညာရေးလို အခြေခံ အခွင့်အရေးတွေကို ရရှိဖို့ ရုန်းကန်နေကြရသလို၊ သူတို့ဆီကို ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ ကျောင်းဆရာ-ဆရာမတွေ အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပြုဖို့နဲ့ ဒီကလေးတွေအပေါ် သက်ရောက်မှုရှိနေတဲ့ ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကိုလည်း စုံစမ်းဖော်ထုတ်ဖို့ UNICEF အဖွဲ့က သူတို့ရဲ့ကြေညာချက်ထဲမှာ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင် စစ်အစိုးရအုပ်ချုပ်မှု အဆုံးသတ်ပြီးကတည်းက ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ လူ့အခွင့်အရေးကိစ္စက ရှေ့တန်းကို ရောက်လာတာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အတွင်း ကလေးစစ်သားစုဆောင်းမှုနဲ့ သေဆုံးမှု အရေအတွက် တိုးလာနေတဲ့ အပေါ် အံ့သြတုန်လှုပ်မိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီလဆန်းပိုင်းမှာပဲ ပြောဆိုထားသလို၊ မြန်မာတနိုင်ငံ တည်းမှာတင် - ၂၀၁၂ ခုနှစ်မှာ သဘောတူခဲ့တဲ့ ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် ဒီနှစ် မတ်လထဲမှာ အသက်မပြည့်သေး တဲ့ ကလေးစစ်သား ၄၆ ယောက်ကို ပြန်လွှတ်ပေးခဲ့တာပါ။

အောက်တိုဘာလကုန်ပိုင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ် ယန်ဟီးလီ က - ၇၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာမှာ - ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်ရဲစခန်း ၃ ခု အကြမ်းဖက် တိုက်ခိုက်ခံရမှု အတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးမှု အပါအဝင် နယ်မြေလုံခြုံရေးရှင်းလင်းမှု စစ်ဆင်ရေးအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel အပါအဝင် နိုင်ငံတကာသံတမန်ကိုယ်စားလှယ် အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို နိုဝင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ သွားရောက်ပြီး အခြေအနေတွေကို လေ့လာခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG